သိတယ် မဟုတ်လား။ ဒီလ ကျွန်တော် ဆုံတွေ့ပေးမယ့် သူက စာပေ၊ ရုပ်ရှင်နဲ့ ဂီတ အနုပညာ သုံးလောကမှာ ကျင်လည်နေတဲ့ စာရေးဆရာ၊ ရုပ်ရှင်မင်းသား၊ အဆိုကျော် “သုမောင်”လေ။
အချစ် ၀တ္ထုနဲ့ စာပေ လောကမှာ အောင်မြင်မှု ရခဲ့ပြီး အချစ်နဲ့ သူ၏ကိုကို ရုပ်ရှင်ကားမှာ ပရိသတ်တွေ သူ့ကို လက်ခံ အားပေးခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်နဲ့ ဆရာသုမောင် တွေ့ဆုံပေးမယ့် ကဏ္ဍကို “အချစ်၏ကိုကို” လို့ပဲ ခေါင်းစီး တပ်ပေးလိုက်ပါတယ်။
ဆရာက စာရေး ဆရာကြီး ဦးသာဓုရဲ့သား၊ စာရေးဆရာ မောင်ဝဏ္ဏရဲ့ညီဆိုတော့ စာပေလောကထဲ ၀င်ရာမှာ သူတို့တစ်တွေရဲ့ အကူအညီ ရခဲ့ပါလား။ စာပေ လောကထဲ စ၀င်လာပုံက စပြီး ပြောကြရအောင်။
စာပေ လောကကို ကျွန်တော် စရောက်လာတာက ၁၉၆၀ ပြည့်နှစ်...
ဟုတ်တယ် ၁၉၆၀ ပြည့်နှစ်...။ စစချင်း ဘာလုပ်ရသလဲ ဆိုတော့ ယုဝတီ ဂျာနယ်မှာ စာပြင်ဆရာ လုပ်ရတယ်။ အဲဒီ ယုဝတီ ဂျာနယ်မှာပဲ ကဗျာ အတိုအထွာကလေးတွေ စရေးဖြစ်တယ်။ ယုဝတီ ဂျာနယ်ရဲ့ထုံးစံ ကဗျာနဲ့ ဆောင်းပါးလောက်ပဲ အမျိုးသား စာရေးဆရာတွေ သုံးတယ်။ ကျန်တာက အမျိုးသမီးတွေချည်း ရေးကြတယ်။ ယုဝတီ ဂျာနယ် ဆိုတော့လည်း ယုဝတီတွေချည်းပေါ့ဗျာ။
ကျွန်တော့်အဖေကတော့ ဘယ်လိုမှ အားမပေးဘူး။ ကိုယ့်ဘ၀ကိုယ် ဖန်တီးဖို့ပဲ အားပေးတယ်။ စာရေးပါ၊ ရုပ်ရှင်ရိုက်ပါ၊ သီချင်းဆိုပါ ဆိုတာတွေ မပြောဘူး။ ကိုယ့်ဘ၀ကိုယ် ရုန်းကန်တတ်ဖို့ အားပေးတယ်။ ဒါလောက်ပဲ။
ဆရာက ၀တ္ထုတိုလည်း ရေးတယ်။ လုံးချင်း ၀တ္ထုရှည်တွေလည်း ရေးတယ်ဆိုတော့ ၀တ္ထုတိုနဲ့ ၀တ္ထုရှည် ဘယ်လို ကွာခြားပါသလဲ။
ကျွန်တော် မြင်တာ ပြောရရင်တော့ ၀တ္ထုတိုက မိုးကြိုးပစ်သလို ခံစားရတယ်။ ရေးရင်လည်း မိုးကြိုး ပစ်သလိုပဲ ရေးရတယ်။ ၀တ္ထုရှည်ကတော့ မိုးတွေ တစိမ့်စိမ့် ရွာနေသလို ရေးရတယ်။ အဲ သလိုပဲ ခံစားရပါတယ်။
ဝတ္ထုတို တစ်ပုဒ် ဖန်တီးဖို့ အတွက် ဘယ်လို ခံစားရှာ ဖွေယူပါသလဲ။
ဆရာ့ဝတ္ထု တွေက အများအားဖြင့် ဆရာ့ အမေ၊ ဆရာ့ ပတ်ဝန်းကျင်နဲ့ ပတ်သက်တာတွေ ချည်းပဲလို့ ပြောကြတယ်။ ကျွန်တော် ၀တ္ထုတို တစ်ပုဒ် ရဖို့ရာ သိပ်မခက်ပါ ဘူး။ သိပ်မခက်ဘူး ဆိုလို့ ကြီးကြီးကျယ်ကျယ် ပြောတာ မဟုတ်ပါဘူး။ နောက်တစ်ခုက ပေါ့ပေါ့တန်တန် ပြောတာလည်း မဟုတ်ပါဘူး။ ၀တ္ထုတို တစ်ပုဒ်ရဖို့ ကျွန်တော့် အတွက် သိပ်မခက်သလို၊ သိပ်ခက်တာတွေလည်း ရှိပါတယ်။
သိပ်မခက်ဘူး ဆိုတာက ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က ကျွန်တော့် မိသားစု၊ ကျွန်တော့်အသိုင်း အ၀ိုင်းအကြောင်း၊ မိသားစုဆို တဲ့နေရာမှာ ကျွန်တော်ရဲ့ တကယ့် အရင်းအချာ မိသားစု အပြင် အဆွယ်အပွား မိသားစုတွေ အပြင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မိသားစုတွေ ပါပါတယ်။
ဒီမိသားစုတွေ အကြောင်းရေးလို့ ကျဉ်းတယ် လို့ထင်ရပေမယ့် (ဒါ ကျွန်တော် ကိုယ်တိုင်လည်း ထင်ပါတယ်။ ငါရေးတာ ကျဉ်းတယ်လို့)သို့သော် မဟုတ်ဘူး ဗျ။ သေသေချာချာ ပြန်စဉ်းစားတော့ အဲဒီ လူတွေဟာလည်း လူတွေပဲ ဆိုတာ သွားတွေ့တယ်။ သူတို့က ခွေးတွေ၊ နွားတွေမှ မဟုတ်ပဲ။ လူတွေဗျ။
လူတွေဆိုတဲ့ အတွက်ကြောင့် ကျွန်တော့် အသိုင်းအ၀ိုင်း၊ ကျွန်တော့် မိသားစုထဲမှာ ရှိတဲ့ ချမ်းသာတဲ့ လူတွေ၊ ကား ၁၃-၄ စီးပိုင် တဲ့ လူတွေရှိသလို လုံးဝစုတ် ပြတ်သတ်ပြီး တဲကုပ်မှာ နေရတဲ့ လူတွေလည်း ရှိတာပဲ။ သူတို့ အကြောင်းကို ရေးတဲ့ အတွက် ၀တ္ထုတွေ ရလာတယ်။ အဲဒါလူတွေ အကြောင်းကို ရေးတာပဲ။ အဲဒါ တစ်ကမ္ဘာလုံး အကြောင်း ရေးတာပဲလို့ ကျွန်တော်ထင်တယ်။
ကျွန်တော့်ကို တချို့ဝေဖန်တယ်။ သူ့အမေ အကြောင်းချည်း ရေးနေတာပဲတဲ့။ သူ့ အမေအကြောင်း ရေးနေတယ်သာ ပြောတယ်။ မဟုတ်ဘူး ဗျ။ ကျွန်တော် ရေးနေတာ ကျွန်တော့်အမေ အကြောင်းတွေ မဟုတ်ဘူး။ “အမေတွေ”အကြောင်းတွေ ရေးနေတာ။ လူတိုင်းမှာ အမေရှိတယ်။ လူဖြစ် လာရင် အမေ ရှိရမယ်။ ဒါ ကြောင့် ကျွန်တော် ရေးနေတာဟာ ကျွန်တော့်အမေ အကြောင်းသာ မဟုတ်ပါ ဘူး။ အမေတွေ အားလုံး အကြောင်းပါလို့ ပြောချင်တယ်။
ဝတ္ထုတိုတစ်ပုဒ်ကို ဘယ်လိုဖန်တီးယူပါသလဲဆို တာကို ပြောရရင် ဥပမာ ကို ၀င်းငြိမ်းတို့ ပေဖူးလွှာမှာပါခဲ့ တဲ့ အသက်ကြီးတတ်ကြပါ စေ ကို ပြန်ပြောပြမယ်။ ဟိုတလောက ကျွန်တော့် ၀တ္ထုတိုတွေ စုပြီးထုတ်တဲ့ ဍရင်ကောက် ဆိုတဲ့ စာအုပ် ထွက်တယ်။ အဲဒီ စာအုပ်မှာလည်း အများအားဖြင့် အမေ့ အကြောင်း၊ အဖေ့အကြောင်း၊ ဦးလေးအကြောင်း၊ အဒေါ် အကြောင်း၊ ကျွန်တော့် အလုပ် သမားတွေ အကြောင်း စသဖြင့် ပါတယ်။
ဆိုတော့... လူကြီးတွေ ရဲ့ ကာရိုက်တာကို လိုက်ဖမ်းရင် တချို့ကတစ်မျိုး၊ တချို့ ကတစ်မျိုး တွေ့ရတယ်။ အဲဒီမှာ ကျွန်တော် ၀တ္ထုတို တစ်ပုဒ် ရလိုက်တာပဲ။ အဲဒါဟာ အင်တာနေရှင်နယ် ၀တ္ထုတိုလိုင်းထဲ ၀င်တယ်လို့ ကျွန်တော် ထင်တယ်။ တချို့လူကြီးတွေ ကျတော့ တူအရွယ်၊ သားအရွယ်မို့ ဆဲဆိုပြီး နှုတ်ဆက် တယ်။ စကားပြောတယ်။ ဒီကွာခြားချက်ကို ကျွန်တော် တွေ့လိုက်ရာက ၀တ္ထုတို ရလိုက်တာပဲ။
အဲဒီတော့ ခုရေးလိုက် တာလည်း ကျွန်တော့်အဖေ၊ ကျွန်တော့်အမေ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ရေးလိုက်တာပဲ မဟုတ်လား။ ကျွန်တော့် အမေရဲ့မျက်နှာပေါ်မှာက ဒီအရေးအကြောင်းတွေ အားလုံး ပေါ်နေတယ်။ ဒါ ကြောင့်လည်း အမေ့ဝတ္ထုတွေ အများဆုံး ကျွန်တော် ရေးဖြစ်တာပဲ။
စာပေ လောကထဲ ခြေချ ဖို့ ကြိုးပမ်းနေတဲ့ သူတွေကို ဆရာ ဘယ်လိုများ အကြံပေး ချင်သလဲ။
အဲဒါနဲ့ ပတ်သက်လို့ကတော့ ဒီလို ရှိတယ်ဗျ။ ရိုးရိုး သားသား ကိစ္စ ရှာကြံတတ်ဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တချို့က ပြောတယ်ဗျ။ ၀တ္ထုဆိုတာ ချစ်ကြိုက်ကွဲ ညားပြီးရင် ဒါပဲတဲ့။ ချစ်ကြိုက် ကွဲညားက ချစ်ကြိုက် ကွဲညားပဲပေါ့။ အဲဒါကို ပရိသတ်က ကြိုက်တယ်။ အဲဒါ သိထားဖို့က တစ်အချက်။
နှစ်က ဘာလဲဆိုတော့ အဲဒီ ချစ်ကြိုက် ကွဲညားတွေကို ဝေဖန်ဖို့ အချက်။ သုံးကဘာ လဲဆိုတော့ ချစ်ကြိုက် ကွဲပြီးတော့ မင်းသားနဲ့ မင်းသမီး မပေးစားလို့ လူကြမ်းနဲ့ ပေးစားရမလား။ ဒါကို စဉ်းစား တတ်ရမယ်။ အဲဒီလို တစ်ပတ်လည်ပြီး ရိုးရိုးသားသား တွေးတတ်တဲ့ အလေ့အကျင့် ရှိရမယ်။ အဲ ပြီးတော့ စာများများ ဖတ်၊ များများ ရေးနိုင်အောင် ကြိုးစားရမယ်။ ဒီလို များများတွေး၊ များများ ရေးနိုင်တဲ့ အချိန်ကျမှ တိုင်းပြု ပြည်ပြု စာပေကို ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားရမယ်။ ရေးရမယ်။ ဒါလောက်ပဲ အကြံပေးချင်ပါ တယ်။
ဆရာ ခုတလော ကဗျာတွေ ရေးနေတာ တွေ့ရတယ်။ ၀တ္ထု မရေးခင်ကကော ကဗျာ ရေးခဲ့သေးသလား။
ရေးပါတယ်။ ကျွန်တော် ပထမဦးဆုံး ရေးခဲ့တဲ့ ကဗျာက မိုးသောက် တော်လှန်ရေး ဆိုတဲ့ ကဗျာပဲ။ ယုဝတီ ဂျာနယ်မှာ ပထမဆုံး ရေးခဲ့တဲ့ ကဗျာပဲ။ ခုတလော ကဗျာတွေ ရေးတာကတော့ ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာတာတွေကို ဖျတ်ခနဲ ဖျတ်ခနဲ အခြားသူ တွေကို တင်ပြတဲ့ နေရာမှာ ကဗျာဟာ ၀တ္ထု(၀တ္ထုမှာ တော့ ၀တ္ထုတို၊ ၀တ္ထုရှည်လို့ ရှိရာမှာ ၀တ္ထုတိုက မိုးကြိုးပစ် သလို ထိရောက်တယ်)၀တ္ထုထက် ထိရောက်တယ်။ မိုး ကြိုးပစ်သလိုပဲ ဒိုင်းခနဲ တစ်ချက် ပစ်လိုက်ရုံနဲ့ အများကြီး ထိရောက်တယ်။
ဆရာ ကဗျာရေးတဲ့ အခါမှာ ကာရန်နဲ့ပဲ ရေးသလား။ ကာရန်မဲ့ ကဗျာ ရေးသလား။
ကျွန်တော် ကာရန်နဲ့ပဲ ရေးပါတယ်။ ဒါက ရိုးရာ ယဉ်ကျေးမှုကို လက်ခံထား ပါတယ်။
ရှင်နေမင်းသို့ ပေးစာဆိုတဲ့ ဘာသာပြန် ၀တ္ထု ရေးပြီးတဲ့နောက် နောက်ထပ် ဘာသာပြန် ၀တ္ထု မရေးဖြစ်တော့ ဘူးလား။ ရေးဖို့ကော အစီ အစဉ်ရှိလား။
ကျွန်တော်တို့ ၀တ္ထုဖတ်တဲ့ နေရာမှာ ပြဿနာ ရှိတယ်။ ဘာလဲဆိုတော့ အင်္ဂလိပ်ဝတ္ထု ဖတ်တာနဲ့ မြန်မာ ၀တ္ထု ဖတ်တာ ဆိုပါစို့။ အင်္ဂလိပ် ၀တ္ထု ဆိုတာကတော့ တာပြီးပြော လိုက်တာပါ။ အနောက်တိုင်း ၀တ္ထု အားလုံး ပါတာပေါ့။ ကျွန်တော်တို့ မြန်မာ ၀တ္ထုတွေမှာ ယဉ်ကျေးမှု ကိစ္စတွေ ပါတယ်။ ပြီးတော့ စာပေ စိစစ်ရေးလို အထိန်းအကွပ် လုပ်ပေးတဲ့ ဌာနတွေရှိတယ်။ ဟိုဘက်က လာတဲ့ စာပေတွေ ကတော့ လွတ်လွတ်လပ်လပ် ရှိတယ်။ အဲဒီတော့ ဖတ်တဲ့ နေရာမှာ လူဆိုတာ သဘာဝ အလျောက် ယိမ်းတတ်ယိုင် တတ်တဲ့ သဘောရှိတယ်။ အဲဒီလို ယိမ်းယိုင် သွားစေမယ့် စာမျိုး ကျွန်တော်တို့ဘာသာ ပြန်ရင် မဖြစ်နိုင်တာတွေ ရှိတယ်ဆိုတော့ တတ်နိုင်ရင် ဘာသာမပြန်ဘဲ နေတာ ကောင်းမယ်လို့ ကျွန်တော် ထင်တယ်။
ရှေ့လျှောက်တော့ လုပ်မယ်လို့ ကျွန်တော် စိတ်ကူး ထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံနဲ့ မသင့်တော်တဲ့ ကိစ္စတွေ ပါရင်တော့ ပယ်ရမှာပဲ။ ဆရာ ရေးခဲ့တဲ့ အချစ် သစ်ပင်က နိုင်ငံခြား ရုပ်ရှင်ကို မှီးခဲ့တာလား။ အချစ်သစ်ပင်နဲ့ ပတ်သက်လို့ကတော့ ပထမဦးဆုံး မင်းမင်းလတ် ဆိုတာကို စပြီး ကြားဖူးတာပဲ။ ပြီးတော့မှ မူရင်း အင်္ဂလိပ် သီချင်းကို ကြား ဖူးတယ်။Yellow Robbi ပေါ့ဗျာ။ အင်္ဂလိပ်သီချင်းက တကယ် ခံစားကြည့်တော့ ပို ကောင်းတယ်။ အဲဒီအခါမှာ ၀တ္ထုရေးချင်စိတ် ပေါ်လာလို့ ၀တ္ထု အတိုကလေး တစ်ပုဒ် ကျွန်တော် ရေးလိုက်တယ်။ ပြီးတော့မှ ဒီကျောရိုးကိုပဲ ပြန်ယူပြီး ကျွန်တော့် စိတ်ကူးနဲ့ ကျွန်တော် ၀တ္ထုရှည်ပြန်ရေး ခဲ့တာပါပဲ။
အချစ် ၀တ္ထုက ဆရာ့ ပထမဆုံး ၀တ္ထုနော်။
ဟုတ်ပါတယ်။
အဲဒီဝတ္ထု အရေးအသား နဲ့ ပတ်သက်ပြီး အခု ပြန်ဖတ် ကြည့်တော့ ဘယ်လို ခံစားမိ သလဲ။
အချစ် ၀တ္ထုမှာ ကျွန် တော့် ဘာသာ ရေးထားတဲ့ အမှာစာမှာ ကျွန်တော် ရေးထားပါတယ်။ ဆရာ ဗန်းမော် တင်အောင်က သူ့ပထမဆုံး ရေးတဲ့ ဖုန်းမောင့် တစ် ယောက်တည်းရယ် ၀တ္ထုမှာတော့ ကာပဲရယ်နဲ့ တော့ကာ ပဲရယ်နဲ့လို့ ရေးခဲ့တာကို နောက်ဆယ်နှစ်ကြာတော့ ဒီစာအုပ်ကို ပြန်ရိုက်ရာမှာ သူ ရှက်နေတယ်တဲ့။ ငယ်ငယ် တုန်းက သူရေးခဲ့တဲ့ အရေး အသားတွေနဲ့ ပတ်သက်ပြီး သူ ပြုံးမိတယ်တဲ့။ ကျွန်တော်ကတော့ ကျွန်တော့် အရေးအသားနဲ့ ပတ်သက်ပြီး အခု ချိန်ထိပြုံးမိမယ် မဟုတ်ဘူးလို့ ဒုတိယ အကြိမ် ထုတ်ဝေစဉ်က အမှာစာ ထပ်ထည့် တယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် အဖေဟာ ဒီနေ့ထိ ထက်တိုင် ခုံဖိနပ်ပဲ စီးတယ်။ အဲဒီအတွက် ခုံဖိနပ်ကြီး အောက်နေပြီလို့ ပြောလို့မရ ဘူး။ ခုံဖိနပ်ကြီးက ခေတ်မ စားတော့ဘူး။ သားရေဖိနပ် စီးပါလားလို့ ပြောလို့မရဘူး။ လူဆိုတာ သူစိတ်ကူးနဲ့သူပဲ။ ဆိုတော့...အချစ် ၀တ္ထု နဲ့ ပတ်သက်ပြီး အရေးအသား ကို ဒီနေ့ထက်ထိ ကျွန်တော် ကြိုက်နေတုန်းပဲ။ ကြိုက်တဲ့ နေရာမှာ ကွာတာ တစ်ခုတော့ ရှိတယ်။ စာရေးဆရာ တစ်ယောက်အနေနဲ့ကြိုက်တာနဲ့၊ ပရိသတ် တစ်ယောက် အနေနဲ့ ကြိုက်တာ။
ဆိုပါစို့ဗျာ။ ခုခေတ်မှာ ဘာကားတွေ ခေတ်စားတယ် ပြောပြော ဂျစ်ကားကို လက်လွှတ်လို့ မရဘူး။ အဲဒီနည်းတူပဲ။ ကျွန်တော် ငယ်ငယ်တုန်း က လုပ်ခဲ့တဲ့ အလုပ် တစ်ခုကိုလည်း ကျွန်တော် လက်မ လွှတ်နိုင်ပါဘူး။ သို့သော်လည်း ကျွန်တော် လုပ်ဦးမလား ဆိုတော့ မလုပ်တော့ဘူး။ ဒါကို နောက်လူငယ် တွေလုပ်လိမ့်မယ်။ ချာတိတ် တွေ၊ နောက်တက်လာမယ့် လူငယ်တွေ လုပ်လိမ့်မယ်။ သို့သော် မကြိုက်ဘူးလားဆို တော့ ကြိုက်တယ်။
ကိုယ့်သားသမီးပဲဗျာ။ အသက်ဘယ်လောက်ကြီးသွား ကြီးသွား မချစ်ရဘူးလို့မှ မရှိပဲ။ ဒါက ရှင်းရှင်း လေးပါ။
အချစ်ဝတ္ထုရေးတဲ့ စာရေးဆရာ၊ အိမ်ထောင်သည် တစ်ယောက် အနေနဲ့ အချစ်နဲ့ ပတ်သက်ပြီး ဘယ်လို ခံစားမိ ပါသလဲ။ သိတယ် မဟုတ်လား။ ကျွန်တော် မေးချင်တာ။
ကိုဝင်းငြိမ်းရေ..ခင်ဗျား မေးတဲ့ အချစ်ကို ကျွန်တော် စိတ်မ၀င်စားဘူး။ ကျွန်တော့်မိန်းမ ဈေးက ဘယ် ချိန် ပြန်လာမလဲ ဆိုတာကို စိတ်ဝင်စားတယ်။ ကျွန်တော့် သားလေးနဲ့ သမီးလေး ဈေးကအပြန် ကားပေါ်က လိမ့် ကျမလား ဘာလား ဆိုတာကိုပဲ စိတ်ဝင်စားနေပါတယ်။
ဆရာ့ ကလောင်နာမည် ယူထားတာနဲ့ ပတ်သက်လို့ နည်းနည်း ပြောပြပါဦး။ ကလောင် နာမည်တူ ခပ်ဆင်ဆင်ပေါ့လေ။ ကြားဖူး သလားလို့။
ကလောင် နာမည်ယူခဲ့ တာကတော့ ကျွန်တော့်အဖေ ခပ်ငယ်ငယ်က “သုမောင်”ဆို တဲ့ ကလောင် နာမည်နဲ့ ၀တ္ထု အတိုအစလေးတွေ ရေးခဲ့ဖူး ပါတယ်။ ဒါပေမယ့် မအောင် မြင်ခဲ့ပါဘူး။ ကြံကြံဖန်ဖန် “သာဓု”နဲ့ကျမှ အောင်မြင် တယ်။ ကောင်းပါတယ်။ တစ်သက်လုံး ဘုရား ရှိခိုးတိုင်း ဒီနာမည်က ပါနေမှာကိုး။
ကျွန်တော့် အလှည့်ကျမှ ဒီကလောင် နာမည်က အောင်မြင်လာတယ်။ ကျွန်တော် ကလည်း မြတ်မြတ်နိုးနိုး ဒီနာမည်ကို အဖေ့ဆီက အမွေအဖြစ် ယူလိုက်တယ်။ ကျွန်တော်တို့ အဖေ့ဆီက အမွေ ယူစရာ ဆိုလို့ ဦးနှောက်ပဲ ရှိပါတယ်။
ဆိုတော့ ဒီနာမည်နဲ့ ပတ်သက်လို့ ကျွန်တော့် အဖေနဲ့ တန်းတူ အချိန်လောက်တုန်း က တက္ကသိုလ် သုမောင်ဆိုပြီး တစ်ယောက် ပေါ်ဖူးပါတယ်။ ဆရာ တက္ကသိုလ်သုမောင်ပေါ့။ အမည်ရင်းက ဦးတင်ကိုကိုလို့ ကြားပါတယ်။ ဒုဗိုလ်မှူးကြီးလား၊ ဗိုလ်မှူးကြီးလားတော့ မပြောတတ်ဘူး။ နောက်ပြီးတော့လည်း ရန်ကုန် တက္ကသိုလ်စာကြည့် တိုက်မှာ ကျွန်တော် စာအုပ်တွေ မွှေတဲ့နှောက်တဲ့ နေရာ မှာ “တက္ကသိုလ် သုလင်”ဆို ပြီး သရော်စာရေးတဲ့ ဆရာ တစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ တွေ့ခဲ့ရဖူးပါတယ်။
ကျေးဇူးပဲ ဆရာ။ ရုပ် ရှင်နဲ့ပတ်သက်ပြီး ကျွန်တော် မေးချင်ပါတယ်။ နှောင်းတ မြည့်မြည့်က စပြီး ဒီနေ့အထိ သရုပ်ဆောင်ခဲ့ရာမှာ ဘယ်လို အခန်းမျိုး သရုပ်ဆောင်ရတာ အားရပါသလဲ။
သဘာဝကျကျနဲ့ ရယ်ရတဲ့ ကားမျိုးကို သဘောကျတယ်။ အရင်တုန်းကတော့ အလွမ်းတွေ ရိုက်ချင်တယ်။ လွမ်းပြရမှာလည်း ကျုပ်ရုပ်ကြီးနဲ့ လွမ်းပြရတော့ တစ်မျိုး ကြီးပဲဗျ။ အဲဒီတော့ လောင်တာ ကောင်းတယ်ဗျ။ လူတွေ ပျော်နေရင် ကောင်းတာပဲပေါ့။ လူတွေ စိတ်ညစ်ရင် မကောင်းဘူး။ ဒါကြောင့် ပျော်စရာကောင်းတဲ့ကားတွေပဲ ရိုက်ချင်တယ်။
ငယ်သူငယ်ချင်းသုံးယောက် ရှိလေသည် ကားမှာ ဒါရိုက်တာ လုပ်ပြီး နောက်ထပ် ဒါရိုက်တာ မလုပ်တော့ ဘူးလား။ လုပ်ဖို့ကော အစီအ စဉ်ရှိလား။
ငယ်သူငယ်ချင်းက ကျွန်တော် ပထမဆုံး ဒါရိုက်တာ လုပ်တဲ့ ကားပါပဲ။ ပထမဦးဆုံး ဆိုလို့ နောက်ထပ်ရှိ သေးလားဆိုတော့ မရှိဘူးဗျ။ မရှိတာက နှစ်မျိုးဗျ။ ကိုယ်တိုင် ဒါရိုက်တာ မလုပ်တာ လည်း ပါတယ်။ ပိုက်ဆံ မရှိ တာလည်း ပါတယ်။ ပိုက်ဆံ ရှိမှ ဒါရိုက်တာ လုပ်လို့ရတာ ကိုးဗျ။ သူများတွေ လာငှား ရင် ရိုက်ရအောင်ကလည်း ခက်တာက ကျွန်တော်တို့ အဖေက စပြီး အစဉ်အဆက် ကိုက ကျွန်တော့်ညီ အငယ် ဆုံး မင်းလူအထိ သူများခိုင်းရင် မလုပ်ချင်ဘူး။
ဆိုပါစို့ဗျာ။ ဟိုတလောတုန်းက ကျွန်တော့် ၀တ္ထုကြွေး ကို အကြွေး အဖြစ်နဲ့ ရုပ်ရှင် ရိုက်ဖို့လာ ငှားတယ်။ အဲဒါ မန္တလေးက မယူဘူး။ အောက်မြန်မာ ပြည်ကလည်း မယူဘူးတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ နာမည် က အကြွေး ဆိုတော့ အကြွေး ဖြစ်နေမှာစိုးလို့ နာမည် ပြောင်းပေးပါဆိုလို့ ကျွန်တော့် မှာ နာမည် ပြောင်းပေး လိုက်ရတယ်။ အဲဒီ ပြဿနာမျိုးတွေ တစ်ပုံကြီး ရှိတော့ ဒါရိုက်တာ လုပ်ဖို့ တော်တော် ခက်နေတယ်။ လုပ်တော့ လုပ်မှာပါပဲ။ မလုပ်လို့ မဖြစ်ဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ ကျွန်တော့်အဖေ က ဒါရိုက်တာ၊ ကျွန်တော့် အစ်ကိုက ဒါရိုက်တာ ဆိုတော့ ကျွန်တော် ဒါရိုက်တာ မလုပ်လို့ မရတော့ဘူး။ လုပ်ရမယ်။ ဒါ ကျွန်တော်တို့ရဲ့ မိရိုးဖလာပဲ။
ငယ်သူငယ်ချင်း သုံးယောက် ရှိလေသည် ကြော်ငြာ ပိုစတာမှာ ဘာဖြစ်လို့ လက်လေးချောင်း ထောင်ပြ ထားတာလဲ။
ရှင်းရှင်းလေးပါ။ တချို့ က ပြောတယ်။ မင်းသား မင်းသမီးလေးယောက်ပါ လို့တဲ့။ သုံးချောင်းထောင်တော့ ဘာညာပေါ့ဗျာ။ ပြော ကြတယ်။ တစ်ချောင်းထောင် ရင် သတိထားလို့ ပြောရာ ရောက်တယ်။ နှစ်ချောင်း ထောင်တော့ ခုခေတ်စကားနဲ့ ပြောရင် “ပိစ်”ပေါ့။ အေးချမ်း စေပေါ့။ သုံးချောင်းထောင် ရင် ငယ်သူငယ်ချင်းသုံးယောက် အဓိပ္ပာယ်ပေါ့။ လေးချောင်းထောင်တော့ ဘာလဲလို့ လာမေးကြတယ်။ အဲဒါ ကြော်ငြာပဲပေါ့။ ကျွန်တော် ကြော်ငြာစာရွက် သက်သာ သွားတာပေါ့။
ဆရာ ၀တ္ထုရေးတဲ့ နေရာမှာ ရုပ်ရှင်ရိုက်ဖို့ ရည်ရွယ်ပြီး ရေးတဲ့ဝတ္ထု ရှိပါသလား။
ဝတ္ထုရေးတဲ့ နေရာမှာ ရုပ်ရှင်ရိုက်ဖို့ စိတ်မကူးပါဘူး။ ဒါပေမယ့် တစ်ခါတလေမှာ ကျွန်တော်တို့ ရုပ်ရှင် နယ်က ရုပ်ရှင်ရိုက်ဖို့ ၀တ္ထုကလေး ရေးပေးပါ ဆိုပြီး လာ တတ်တယ်။ အဲဒါမျိုးကျ တော့ ရေးရတယ်။ သို့သော် တစ်ခါတလေ ကိုယ့်ဟာ ကိုယ်ဝတ္ထု ရေးတာပဲ ရုပ်ရှင်ရိုက်ရ ကောင်းမလား ဆိုတဲ့ အတွေးကလေး ၀င်လိုက်ရင် အဲဒီဘက်ကို ယိုင်ယိုင် သွားတတ်တာမျိုး ရှိတယ်။ ဥပမာ အကယ်ဒမီ ၀တ္ထု။
ရုပ်ရှင်ရိုက်ရင်းကော ၀တ္ထုရေး ဖြစ်တာမျိုး ရှိသလား။
ရေးဖြစ်ပါတယ်။ ရေးဖြစ်တဲ့ နေရာမှာ နှစ်မျိုးရှိတယ်။ တစ်မျိုးက ဒီကောင် မတွေ ယိုးဒယားကပြီး တော်တော်နဲ့ ရောက်မလာသေးလို့ ပျင်းတဲ့ အချိန်မှာ ရေးဖြစ်တာ ရှိတယ်။ ယိုးဒယားက နေတယ်ဆိုတာ ကိုဝင်းငြိမ်း သိရဲ့လား။ လက်သီးနဲ့ ထိုးမယ့် အရေးကို မထိုးသေးဘဲ ဟန်ပြင်နေတာကို ပြောတာဗျ။
နောက်တစ်မျိုးက အဲဒီ ရိုက်ကွင်းထဲက လူတွေရဲ့ ဘ၀ကိုကြည့်ပြီး ရေးဖြစ်တာမျိုး။ ဆိုပါတော့ဗျာ၊ ကျွန်တော် ရောက်သွားတယ်။ မင်းသား မင်းသား ဆိုပြီး ဘာစားမလဲ၊ ဘာစားမလဲ မေးကြတယ်။ နေရာ ပေးကြတယ်။ မင်းသမီး လာရင်လည်း ဒီလိုပဲ။ ဒါပေမယ့် ဟိုလူကြမ်းကျတော့ တစ်မျိုး။ အဲဒီထက်ဆိုးတဲ့ မီးထိုးမှန် ထိုးကလေးတွေ ကျတော့ ပစ်ထားကြတယ်။ အဲဒီဘ၀တွေ တွေ့ရတော့ ၀တ္ထုရေးဖြစ်သွားတယ်။
သရုပ်ဆောင် ရှားပါးတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းရင် ကောင်းမယ်လို့ မြင်ပါသလဲ။
ဒီမေးခွန်းကို ဖြေရရင်တော့ ကျွန်တော်တို့ အပါအ၀င် နာမည်ရှိတဲ့ မင်းသားတွေ တဖြည်းဖြည်း နာမည် မကျကျသွားအောင် ဒါရိုက် တာတွေက ရိုက်ပေးလိုက်ရင် နောက်ထပ် သရုပ်ဆောင် အသစ်တွေ လာမှာပါပဲ။ ရှင်းပါတယ်နော်။
ဂီတဘက် ဆက်ကြရအောင်။ ခေတ်ဟောင်းတေးတွေ ပြန်ဆိုတဲ့ နေရာမှာ မူရင်းကို နားထောင်လေ့ ရှိပါသလား။
အထူးသဖြင့် ခေတ်ဟောင်းက မူရင်းကို မြန်မာ့ အသံမှာ သွားနားထောင်ပါတယ်။ ပြီးတော့လည်း ကျွန်တော့် အရင် ပြန်ဆိုသွားကြတဲ့ ကိုဝင်းဦးတို့၊ ကိုမင်းနောင်၊ ကိုမောင်မောင်ကြီး၊ ဇော်မင်းလေး စသူတို့ရဲ့ သီချင်းတွေ ကိုလည်း ပြန်နားထောင် နေပါတယ်။ မူရင်း သီချင်းကို ရေးခဲ့ တဲ့ပုဂ္ဂိုလ်ကြီးတွေ ရှိသေးရင် ဒီပုဂ္ဂိုလ်ကြီးတွေဆီမှာ သွားလေ့လာပါတယ်။ မရှိတော့ရင် ပါဝင် တီးခတ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေဆီမှာ ချဉ်းကပ်လေ့ လာပါတယ်။
ဥသြဘသောင်ရဲ့ သီ ချင်းတွေကို ဆိုရာမှာ ဘာဖြစ်လို့ ကိုယ်ပိုင် အသံနဲ့ မဆိုဘဲ သူ့အသံနဲ့ တူအောင် လုပ်ဆို ပါသလဲ။
သူဆိုတဲ့ သီချင်းမို့ သူ့ အသံနဲ့ တူအောင် လုပ်ဆိုတာပါ။ ဥသြဘသောင် ဆိုတဲ့သီ ချင်းတွေကို ကျွန်တော်က ကိုဝင်းဦး အသံနဲ့ ဆိုမယ်၊ သု မောင်အသံနဲ့ ဆိုမယ်ဆိုရင် ပျက်သွားမှာ စိုးလို့ပါ။ တချို့ သီချင်းတွေမှာ ကျွန်တော့်မူ နဲ့ ဆိုတာတွေ ရှိပါတယ်။ ဒါပေမယ့် ဥသြဘသောင်ကတော့ ကျွန်တော် သိပ်လေးစား ကြည်ညိုတဲ့ ပုဂ္ဂိုလ်မို့ သူ့အသံနဲ့ မတူတူအောင် လုပ်ဆိုခဲ့ တာပါ။
သီချင်းဆိုတဲ့ နေရာမှာ တချို့က လျှာဖျားနဲ့ တချို့က လည်ချောင်းက၊ တချို့က ရင်ထဲက ဆိုကြတယ်။ ကိုသုမောင်က ဘယ်လို ဆိုပါသလဲ။
ကျွန်တော်ကတော့ ရင်ဘတ်နဲ့ ဆိုပါတယ်။ ရင်ထဲက လာတဲ့ အသံဟာ အသက် အ၀င်ဆုံးလို့လည်း ယုံကြည် လို့ပါ။
ဒီနေ့ ဂီတလောက အပေါ် ဘယ်လို မြင်ပါသလဲ။
လူဆိုးဖြစ်ဖြစ်၊ လူကောင်းဖြစ်ဖြစ် သူ့ဟာနဲ့ သူတော့ ကောင်းနေကြတာပါ ပဲ။
ခေတ်ပေါ်ဂီတ အပေါ် မှာကော။
ဟဲ..ဟဲ..ဟဲ..ဟဲ။
ဘယ်လိုလဲ နှာစေးနေ လိုက်တာလား။ ဒါဆို ဒီနေ့ ရေးနေကြတဲ့ တေးစာသားတွေ အပေါ်မှာကော ဘယ်လို မြင်ပါသလဲ။
ဒီမေးခွန်းမှာတော့ နှစ်ခု ပြောပါရစေ။ တစ်ခုက အများအားဖြင့် လူငယ်တွေကို ဘက်လိုက်ပြီးတော့ ကောင်းတဲ့ အတွေးအခေါ်တွေ ပေးတာ တွေ့ရပါတယ်။ နောက်တစ်ခု ကတော့ အရမ်းလွမ်းပြီး အရမ်းဒေါသတွေ ကြီးနေကြတာ တွေ့ပါတယ်။
ကိုသုမောင် အခု ကက်ဆက်ဇာတ်လမ်း တော်တော် များများမှာ သရုပ်ဆောင်တာ တွေ့ရပါတယ်။ ကက်ဆက် ဇာတ်လမ်း တော်တော်များ များဟာ ဗရုတ်သုတ်ခနဲ့ တော်တော် ဒုက္ခ ပေးနေကြပါတယ်။ ဒီလို ဇာတ်လမ်းတွေ မှာကော သရုပ်ဆောင် ပေးတာပဲလား။
အဲဒါနဲ့ ပတ်သက်လို့ နိုင်ငံတော် အစိုးရကို ကျွန်တော်တော်တော် ကျေးဇူးတင် နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု တစ်နိုင်ငံလုံး စာတတ်မြောက်ရေး ကိစ္စ လုပ်နေတယ်။ အဲဒီလို လုပ်နေတဲ့ အတွက်ကြောင့် နောက်လာမယ့် ဘယ်နှစ်လဲတော့ မသိဘူးပေါ့ဗျာ။ အဲဒီကျရင် တစ်နိုင်ငံလုံး စာတတ်သွား မယ်ဆိုရင် ကိုဝင်းငြိမ်းပြောတဲ့ ဗရုတ်သုတ်ခတွေ အားလုံး ပပျောက်သွားလိမ့်မယ်။
လောလောဆယ်မှာတော့ မရသေးဘူး။ သူတို့ အသိဥာဏ်ဟာ နည်းနည်းနိမ့် နေသေးတယ်။ တစ်နိုင်ငံလုံး စာတတ်လာရင်တော့ အသိ ဥာဏ်တွေ မြင့်မား လာပြီးတော့ တိုင်းပြည်အတွက် ဘာ လုပ်မယ်။ ဘာကိုင်မယ်ဆို တာတွေ ပေါ်လာမယ်။ အဲဒီ အခါမှာ အလိုလို နေရင်း အခုနက ကိစ္စတွေ ပျောက်သွားပြီး
အကျိုးပြုစာပေ၊ အကျိုးပြု ဇာတ်လမ်း၊ အကျိုးပြုတေး သရုပ်ဖော်၊ အကျိုးပြုရုပ်ရှင်၊ အကျိုးပြု သီချင်း စသဖြင့် ပေါ် ပေါက်လာပါလိမ့်မယ်။ အဲဒီလို ကျွန်တော် ယုံကြည် ထားပါတယ်။
အခုအချိန်မှာ ဒီဗရုတ် သုတ်ခတွေမှာလည်း ကျွန်တော် သရုပ်ဆောင် နေရတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ကျွေးမွေး ထားရတဲ့သူ မြောက်မြားစွာ ရှိပါတယ်။ ကျွန်တော့်အဖေ လက်ထက်ကတည်းက စခဲ့တဲ့ အလုပ်သမားတွေရော၊ ဆွေမျိုး အသိုင်းအ၀ိုင်းတွေရော၊ ကျွန်တော့် အပေါ်မှာ တာဝန်တွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ ခြံထဲမှာ ကလေးချည်းပဲ ၈၇ ယောက် ရှိပါတယ်။ အဲဒီ ကလေးတွေကို ကျွေးနိုင်ဖို့ အတွက် တစ်ခါတစ်ရံမှာ မတတ်သာတဲ့ အဆုံးမှာ ဒီကိစ္စကို လုပ်နေရပါတယ်။ မနက်မိုးလင်းရင် ဦးဦး သုမောင် ပိုက်ဆံတစ်မတ် ပေးပါ ဆိုတဲ့ ကလေး ၈၇ ယောက်အတွက် ကျွန်တော် သရုပ်ဆောင် နေရပါတယ်လို့ ပဲ ပြောပါရစေ။
စာပေ ဟောပြောပွဲတွေကို ကျင်းပတဲ့ နေရာမှာ ၀င် ကြေး၊ အခကြေးငွေ ယူနေကြ တာနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို မြင်ပါသလဲ။
အစဉ်အလာ အရကတော့ စာပေ ဟောပြောပွဲကို ငွေကြေးပေးပြီး နားထောင်ရတယ် ဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် အခု နောက်ပိုင်းမှာ ကြိုးကြားကြိုးကြား ငွေကြေး လက်ခံပြီးတော့ လုပ်လာကြတာ တွေ့ရပါတယ်။
အဲဒီအတွက် ကောင်းတာလည်း ရှိသလို၊ မကောင်းတာလည်း ရှိပါတယ်။ ဘာကောင်းလာသလဲ ဆိုတော့ အခကြေးငွေ မယူဘဲ အပေါ စားဆန်ဆန် လုပ်တော့ အပေါစား ဟေးလားဝါးလား လုပ်တဲ့သူတွေ ရှိခဲ့ဖူးတာ သန့်သွားတာပဲ။ မကောင်းတာကတော့ တကယ် နားထောင်ချင်ပါလျက်နဲ့ ငွေကြေး မတတ်နိုင် လို့ နားမထောင်ရတဲ့ သူတွေ ရှိတဲ့အတွက် စကားပြောရတဲ့ စာရေးဆရာတွေဘက်က နစ်နာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တကယ့်စာဖတ်ပရိ သတ်လျော့သွားလို့ပါပဲ။
ကျေးဇူးပါပဲ ဆရာ။ အချိန်တိုအတွင်းမှာ ဆရာနဲ့ ပတ်သက်ပြီး ပတ်သက် ဆွေးနွေးရတာ မပြည့်စုံသေး ပေမယ့် စာဖတ်ပရိသတ် သိချင်တာတွေ တော်တော်များ များတော့ ဆွေးနွေးခွင့် ရလိုက်ပါတယ်။ ပေဖူးလွှာ အတွက် အချိန်ပေးတဲ့ အတွက် အများ ကြီး ကျေးဇူးတင်ပါတယ်။ ဆရာ ကျင်လည်နေရတဲ့ အနုပညာ အားလုံးမှာ အောင်မြင်ပါစေလို့ ဆန္ဒပြု ခဲ့ပါတယ်။
@ရွှေအမြူတေ
အချစ်၏ကိုကို
Posted by
cherrymay
|
Labels:
အက်ဆေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment