It was raining this morning when I left the house.
I got wet, a little but I didn’t mind.
I love the rain. The feel of it as it touches my skin, the sound it makes as it hits my umbrella. There’s nothing like it. I’d take rain over sunshine anytime.
Rain or Shine
အပြစ်
လောကကြီးမှာဗျာ...
လူတွေက..
သူတစ်ပါးရဲ့အပြစ်
သေးသေးလေးပေမယ့်
မြင်လွယ်တယ်။
ကိုယ့်အပြစ်ကြီးပေမယ့်
မြင်ခဲကြတယ်။
ကိုယ့်အပြစ်ကိုတော့
ဖုံးချင်ကြတယ်။
ကိုယ့်အမှားမသိပဲနဲ့
သူတစ်ပါးအမှားကို
ဝေဖန်ရရင် ပျော်နေကြတယ်..
ဟားတိုက် ပြောချင်ကြသေးတယ်...
သတိရခြင်းဆိုတာ....
သတိရခြင်းဆိုတာ
လွတ်လပ်တယ်၊
တိကျသေချာတယ်၊
သိုဝှက်ဟန်ဆောင်မှု ကင်းတယ်၊
ကျယ်ဝန်းတယ်၊ နက်ရှိုင်းတယ်၊
အနှောင့်အယှက် ကင်းတယ်၊
လုံခြုံတယ်၊
အချက်အလက် ပြည့်စုံတယ်၊
ဒါပေမယ့်….
အထီးကျန်ဆန်တယ်၊
ဝမ်းနည်းစရာ ကောင်းတယ်၊
မရေရာတဲ့ မျှော်လင့်ချက်ရှိတတ်တယ်၊
အဆိုးဆုံးကတော့၊……
တစ်ဖက်သတ်ဆန်တယ်၊၊
အယ်ဖြူ(၁၉၇၁-၂၀၀၄)
တေးရေးအယ်ဖြူ
ကြာ
ကြာတတ်တာတွေ၊
မကြာစေဘို့၊
ကြာတွေလှူကာ၊
ဆုတောင်းပါသည်၊
မကြာခင်ပဲ ပြည့်ပါစေ။ ...
(မောင်ပန်းမွှေး)
အချစ်
အဖိုးအိုလျှင်.....
ညောင်ညိုရိပ်အောက်၊ ပုဆိန်မြှောက်ကာ
ထင်းပေါက်ခွဲပြီး၊ ချွေးဖြာစီး၏။
အဖွားအိုက....
ရေချိုတခွက်၊ လက်လှမ်းဆက်သည်
အော်.... သက်ရွယ်ခါးကုန်း၊ သွားကြွေပြုန်းလည်း
ချစ်တုန်းခင်တုန်းပါတကား။
ငွေတာရီမဂ္ဂဇင်း ၁၉၆၃
ဒဿဂီရိ
ဒဿဂီရိ ဆိုတာ
ခေါင်းဆယ်လုံး ရှိတယ်လို့
ဇာတ်ထဲမှာ ဖတ်ခဲ့ဖူးပါတယ်။
မယုံစရာကြီး နော်။
ခေါင်းတွေ များလိုက်တာ။
မျက်နှာတွေ များလိုက်တာ။
ခုမှ
သူနှင့် တွေ့လို့
ယုံပြီ။
သူ့လိုပဲ မျက်နှာများမည် ထင်သည်။
မောင်ပန်းမွှေး
ကျားလျှာပန်း
ပန်းအချင်းချင်းကပင်
သူ့ကို အတင်းပြောကြသည်။
ကျားလျှာပန်း ဆိုတာ
ပန်းအစစ် မဟုတ်ဖူးတဲ့လေ။
သူ့အနံ့က မွှေးလည်း မမွှေးတဲ့။
သူ့အဆင်းက လှလည်း မလှတဲ့။
ပန်းပန်သူတို့ကလည်း မပန်ကြတဲ့။
ကုသိုလ်ပြုသူတို့ကလည်း ဘုရားမတင်ကြ။
ခေါင်းမဆင်ကြ။
သို့သော်လည်း
အချင်းတို့.....
ဤ ကျားလျှာပန်းကား
ပန်းတကာတို့ ခန္ဓာစဲသော
နွေခေါင်ခေါင်မှာမှ
နွေကို အံတုလျက် ဖူးပွင့်ရဲသော
ပန်းပင်ဖြစ်ချေသည်တကား။
မောင်ပန်းမွှေး
မျက်ရည်ဥ
ပုလဲ ဆိုတာ
မျက်ရည်ဥပါဘဲ အချစ်ရယ်။
သည်တော့
ကမာကောင်သည်
မိမိ မျက်ရည်တွေကို
ဥကလေးတွေလို
ရင်ထဲမှာ သိုဝှက် ထားတတ်ကြပါတယ်။
ထိုအခါ
မကြင်နာတတ်သော သူတို့သည်
သူ့ရင်ကို တဖန် ခွဲ၍
သူ့ မျက်ရည်ကို တဖန် လုယူ၍
မိမိ ချစ်သူတို့၏ လည်မှာ
ဆင်မြန်းပေးကြပြန်သည်။
အို- အချစ်ရယ်
ကုသိုလ်ဆိုးလိုက်တဲ့ ကမာငယ်။
မောင်ပန်းမွှေး
The Egg of Tears
by- Maung Pan Hmwe
translated by- Khin Aye Thet
illustrated by Paw Oo Thet
A pearl, my love,
Is a tear-egg.
In her heart
Dose the oyster hide
Her tears.
And then again
The Incompassionate
Breaks it open,
Grab her tear-egg,
To adorn a beloved's throat,
O my love,
How ill-fated is the little oyster.
မောင်ပန်းမွှေး
အချစ်၏ကိုကို
သိတယ် မဟုတ်လား။ ဒီလ ကျွန်တော် ဆုံတွေ့ပေးမယ့် သူက စာပေ၊ ရုပ်ရှင်နဲ့ ဂီတ အနုပညာ သုံးလောကမှာ ကျင်လည်နေတဲ့ စာရေးဆရာ၊ ရုပ်ရှင်မင်းသား၊ အဆိုကျော် “သုမောင်”လေ။
အချစ် ၀တ္ထုနဲ့ စာပေ လောကမှာ အောင်မြင်မှု ရခဲ့ပြီး အချစ်နဲ့ သူ၏ကိုကို ရုပ်ရှင်ကားမှာ ပရိသတ်တွေ သူ့ကို လက်ခံ အားပေးခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်နဲ့ ဆရာသုမောင် တွေ့ဆုံပေးမယ့် ကဏ္ဍကို “အချစ်၏ကိုကို” လို့ပဲ ခေါင်းစီး တပ်ပေးလိုက်ပါတယ်။
ဆရာက စာရေး ဆရာကြီး ဦးသာဓုရဲ့သား၊ စာရေးဆရာ မောင်ဝဏ္ဏရဲ့ညီဆိုတော့ စာပေလောကထဲ ၀င်ရာမှာ သူတို့တစ်တွေရဲ့ အကူအညီ ရခဲ့ပါလား။ စာပေ လောကထဲ စ၀င်လာပုံက စပြီး ပြောကြရအောင်။
စာပေ လောကကို ကျွန်တော် စရောက်လာတာက ၁၉၆၀ ပြည့်နှစ်...
ဟုတ်တယ် ၁၉၆၀ ပြည့်နှစ်...။ စစချင်း ဘာလုပ်ရသလဲ ဆိုတော့ ယုဝတီ ဂျာနယ်မှာ စာပြင်ဆရာ လုပ်ရတယ်။ အဲဒီ ယုဝတီ ဂျာနယ်မှာပဲ ကဗျာ အတိုအထွာကလေးတွေ စရေးဖြစ်တယ်။ ယုဝတီ ဂျာနယ်ရဲ့ထုံးစံ ကဗျာနဲ့ ဆောင်းပါးလောက်ပဲ အမျိုးသား စာရေးဆရာတွေ သုံးတယ်။ ကျန်တာက အမျိုးသမီးတွေချည်း ရေးကြတယ်။ ယုဝတီ ဂျာနယ် ဆိုတော့လည်း ယုဝတီတွေချည်းပေါ့ဗျာ။
ကျွန်တော့်အဖေကတော့ ဘယ်လိုမှ အားမပေးဘူး။ ကိုယ့်ဘ၀ကိုယ် ဖန်တီးဖို့ပဲ အားပေးတယ်။ စာရေးပါ၊ ရုပ်ရှင်ရိုက်ပါ၊ သီချင်းဆိုပါ ဆိုတာတွေ မပြောဘူး။ ကိုယ့်ဘ၀ကိုယ် ရုန်းကန်တတ်ဖို့ အားပေးတယ်။ ဒါလောက်ပဲ။
ဆရာက ၀တ္ထုတိုလည်း ရေးတယ်။ လုံးချင်း ၀တ္ထုရှည်တွေလည်း ရေးတယ်ဆိုတော့ ၀တ္ထုတိုနဲ့ ၀တ္ထုရှည် ဘယ်လို ကွာခြားပါသလဲ။
ကျွန်တော် မြင်တာ ပြောရရင်တော့ ၀တ္ထုတိုက မိုးကြိုးပစ်သလို ခံစားရတယ်။ ရေးရင်လည်း မိုးကြိုး ပစ်သလိုပဲ ရေးရတယ်။ ၀တ္ထုရှည်ကတော့ မိုးတွေ တစိမ့်စိမ့် ရွာနေသလို ရေးရတယ်။ အဲ သလိုပဲ ခံစားရပါတယ်။
ဝတ္ထုတို တစ်ပုဒ် ဖန်တီးဖို့ အတွက် ဘယ်လို ခံစားရှာ ဖွေယူပါသလဲ။
ဆရာ့ဝတ္ထု တွေက အများအားဖြင့် ဆရာ့ အမေ၊ ဆရာ့ ပတ်ဝန်းကျင်နဲ့ ပတ်သက်တာတွေ ချည်းပဲလို့ ပြောကြတယ်။ ကျွန်တော် ၀တ္ထုတို တစ်ပုဒ် ရဖို့ရာ သိပ်မခက်ပါ ဘူး။ သိပ်မခက်ဘူး ဆိုလို့ ကြီးကြီးကျယ်ကျယ် ပြောတာ မဟုတ်ပါဘူး။ နောက်တစ်ခုက ပေါ့ပေါ့တန်တန် ပြောတာလည်း မဟုတ်ပါဘူး။ ၀တ္ထုတို တစ်ပုဒ်ရဖို့ ကျွန်တော့် အတွက် သိပ်မခက်သလို၊ သိပ်ခက်တာတွေလည်း ရှိပါတယ်။
သိပ်မခက်ဘူး ဆိုတာက ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က ကျွန်တော့် မိသားစု၊ ကျွန်တော့်အသိုင်း အ၀ိုင်းအကြောင်း၊ မိသားစုဆို တဲ့နေရာမှာ ကျွန်တော်ရဲ့ တကယ့် အရင်းအချာ မိသားစု အပြင် အဆွယ်အပွား မိသားစုတွေ အပြင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မိသားစုတွေ ပါပါတယ်။
ဒီမိသားစုတွေ အကြောင်းရေးလို့ ကျဉ်းတယ် လို့ထင်ရပေမယ့် (ဒါ ကျွန်တော် ကိုယ်တိုင်လည်း ထင်ပါတယ်။ ငါရေးတာ ကျဉ်းတယ်လို့)သို့သော် မဟုတ်ဘူး ဗျ။ သေသေချာချာ ပြန်စဉ်းစားတော့ အဲဒီ လူတွေဟာလည်း လူတွေပဲ ဆိုတာ သွားတွေ့တယ်။ သူတို့က ခွေးတွေ၊ နွားတွေမှ မဟုတ်ပဲ။ လူတွေဗျ။
လူတွေဆိုတဲ့ အတွက်ကြောင့် ကျွန်တော့် အသိုင်းအ၀ိုင်း၊ ကျွန်တော့် မိသားစုထဲမှာ ရှိတဲ့ ချမ်းသာတဲ့ လူတွေ၊ ကား ၁၃-၄ စီးပိုင် တဲ့ လူတွေရှိသလို လုံးဝစုတ် ပြတ်သတ်ပြီး တဲကုပ်မှာ နေရတဲ့ လူတွေလည်း ရှိတာပဲ။ သူတို့ အကြောင်းကို ရေးတဲ့ အတွက် ၀တ္ထုတွေ ရလာတယ်။ အဲဒါလူတွေ အကြောင်းကို ရေးတာပဲ။ အဲဒါ တစ်ကမ္ဘာလုံး အကြောင်း ရေးတာပဲလို့ ကျွန်တော်ထင်တယ်။
ကျွန်တော့်ကို တချို့ဝေဖန်တယ်။ သူ့အမေ အကြောင်းချည်း ရေးနေတာပဲတဲ့။ သူ့ အမေအကြောင်း ရေးနေတယ်သာ ပြောတယ်။ မဟုတ်ဘူး ဗျ။ ကျွန်တော် ရေးနေတာ ကျွန်တော့်အမေ အကြောင်းတွေ မဟုတ်ဘူး။ “အမေတွေ”အကြောင်းတွေ ရေးနေတာ။ လူတိုင်းမှာ အမေရှိတယ်။ လူဖြစ် လာရင် အမေ ရှိရမယ်။ ဒါ ကြောင့် ကျွန်တော် ရေးနေတာဟာ ကျွန်တော့်အမေ အကြောင်းသာ မဟုတ်ပါ ဘူး။ အမေတွေ အားလုံး အကြောင်းပါလို့ ပြောချင်တယ်။
ဝတ္ထုတိုတစ်ပုဒ်ကို ဘယ်လိုဖန်တီးယူပါသလဲဆို တာကို ပြောရရင် ဥပမာ ကို ၀င်းငြိမ်းတို့ ပေဖူးလွှာမှာပါခဲ့ တဲ့ အသက်ကြီးတတ်ကြပါ စေ ကို ပြန်ပြောပြမယ်။ ဟိုတလောက ကျွန်တော့် ၀တ္ထုတိုတွေ စုပြီးထုတ်တဲ့ ဍရင်ကောက် ဆိုတဲ့ စာအုပ် ထွက်တယ်။ အဲဒီ စာအုပ်မှာလည်း အများအားဖြင့် အမေ့ အကြောင်း၊ အဖေ့အကြောင်း၊ ဦးလေးအကြောင်း၊ အဒေါ် အကြောင်း၊ ကျွန်တော့် အလုပ် သမားတွေ အကြောင်း စသဖြင့် ပါတယ်။
ဆိုတော့... လူကြီးတွေ ရဲ့ ကာရိုက်တာကို လိုက်ဖမ်းရင် တချို့ကတစ်မျိုး၊ တချို့ ကတစ်မျိုး တွေ့ရတယ်။ အဲဒီမှာ ကျွန်တော် ၀တ္ထုတို တစ်ပုဒ် ရလိုက်တာပဲ။ အဲဒါဟာ အင်တာနေရှင်နယ် ၀တ္ထုတိုလိုင်းထဲ ၀င်တယ်လို့ ကျွန်တော် ထင်တယ်။ တချို့လူကြီးတွေ ကျတော့ တူအရွယ်၊ သားအရွယ်မို့ ဆဲဆိုပြီး နှုတ်ဆက် တယ်။ စကားပြောတယ်။ ဒီကွာခြားချက်ကို ကျွန်တော် တွေ့လိုက်ရာက ၀တ္ထုတို ရလိုက်တာပဲ။
အဲဒီတော့ ခုရေးလိုက် တာလည်း ကျွန်တော့်အဖေ၊ ကျွန်တော့်အမေ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ရေးလိုက်တာပဲ မဟုတ်လား။ ကျွန်တော့် အမေရဲ့မျက်နှာပေါ်မှာက ဒီအရေးအကြောင်းတွေ အားလုံး ပေါ်နေတယ်။ ဒါ ကြောင့်လည်း အမေ့ဝတ္ထုတွေ အများဆုံး ကျွန်တော် ရေးဖြစ်တာပဲ။
စာပေ လောကထဲ ခြေချ ဖို့ ကြိုးပမ်းနေတဲ့ သူတွေကို ဆရာ ဘယ်လိုများ အကြံပေး ချင်သလဲ။
အဲဒါနဲ့ ပတ်သက်လို့ကတော့ ဒီလို ရှိတယ်ဗျ။ ရိုးရိုး သားသား ကိစ္စ ရှာကြံတတ်ဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တချို့က ပြောတယ်ဗျ။ ၀တ္ထုဆိုတာ ချစ်ကြိုက်ကွဲ ညားပြီးရင် ဒါပဲတဲ့။ ချစ်ကြိုက် ကွဲညားက ချစ်ကြိုက် ကွဲညားပဲပေါ့။ အဲဒါကို ပရိသတ်က ကြိုက်တယ်။ အဲဒါ သိထားဖို့က တစ်အချက်။
နှစ်က ဘာလဲဆိုတော့ အဲဒီ ချစ်ကြိုက် ကွဲညားတွေကို ဝေဖန်ဖို့ အချက်။ သုံးကဘာ လဲဆိုတော့ ချစ်ကြိုက် ကွဲပြီးတော့ မင်းသားနဲ့ မင်းသမီး မပေးစားလို့ လူကြမ်းနဲ့ ပေးစားရမလား။ ဒါကို စဉ်းစား တတ်ရမယ်။ အဲဒီလို တစ်ပတ်လည်ပြီး ရိုးရိုးသားသား တွေးတတ်တဲ့ အလေ့အကျင့် ရှိရမယ်။ အဲ ပြီးတော့ စာများများ ဖတ်၊ များများ ရေးနိုင်အောင် ကြိုးစားရမယ်။ ဒီလို များများတွေး၊ များများ ရေးနိုင်တဲ့ အချိန်ကျမှ တိုင်းပြု ပြည်ပြု စာပေကို ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားရမယ်။ ရေးရမယ်။ ဒါလောက်ပဲ အကြံပေးချင်ပါ တယ်။
ဆရာ ခုတလော ကဗျာတွေ ရေးနေတာ တွေ့ရတယ်။ ၀တ္ထု မရေးခင်ကကော ကဗျာ ရေးခဲ့သေးသလား။
ရေးပါတယ်။ ကျွန်တော် ပထမဦးဆုံး ရေးခဲ့တဲ့ ကဗျာက မိုးသောက် တော်လှန်ရေး ဆိုတဲ့ ကဗျာပဲ။ ယုဝတီ ဂျာနယ်မှာ ပထမဆုံး ရေးခဲ့တဲ့ ကဗျာပဲ။ ခုတလော ကဗျာတွေ ရေးတာကတော့ ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာတာတွေကို ဖျတ်ခနဲ ဖျတ်ခနဲ အခြားသူ တွေကို တင်ပြတဲ့ နေရာမှာ ကဗျာဟာ ၀တ္ထု(၀တ္ထုမှာ တော့ ၀တ္ထုတို၊ ၀တ္ထုရှည်လို့ ရှိရာမှာ ၀တ္ထုတိုက မိုးကြိုးပစ် သလို ထိရောက်တယ်)၀တ္ထုထက် ထိရောက်တယ်။ မိုး ကြိုးပစ်သလိုပဲ ဒိုင်းခနဲ တစ်ချက် ပစ်လိုက်ရုံနဲ့ အများကြီး ထိရောက်တယ်။
ဆရာ ကဗျာရေးတဲ့ အခါမှာ ကာရန်နဲ့ပဲ ရေးသလား။ ကာရန်မဲ့ ကဗျာ ရေးသလား။
ကျွန်တော် ကာရန်နဲ့ပဲ ရေးပါတယ်။ ဒါက ရိုးရာ ယဉ်ကျေးမှုကို လက်ခံထား ပါတယ်။
ရှင်နေမင်းသို့ ပေးစာဆိုတဲ့ ဘာသာပြန် ၀တ္ထု ရေးပြီးတဲ့နောက် နောက်ထပ် ဘာသာပြန် ၀တ္ထု မရေးဖြစ်တော့ ဘူးလား။ ရေးဖို့ကော အစီ အစဉ်ရှိလား။
ကျွန်တော်တို့ ၀တ္ထုဖတ်တဲ့ နေရာမှာ ပြဿနာ ရှိတယ်။ ဘာလဲဆိုတော့ အင်္ဂလိပ်ဝတ္ထု ဖတ်တာနဲ့ မြန်မာ ၀တ္ထု ဖတ်တာ ဆိုပါစို့။ အင်္ဂလိပ် ၀တ္ထု ဆိုတာကတော့ တာပြီးပြော လိုက်တာပါ။ အနောက်တိုင်း ၀တ္ထု အားလုံး ပါတာပေါ့။ ကျွန်တော်တို့ မြန်မာ ၀တ္ထုတွေမှာ ယဉ်ကျေးမှု ကိစ္စတွေ ပါတယ်။ ပြီးတော့ စာပေ စိစစ်ရေးလို အထိန်းအကွပ် လုပ်ပေးတဲ့ ဌာနတွေရှိတယ်။ ဟိုဘက်က လာတဲ့ စာပေတွေ ကတော့ လွတ်လွတ်လပ်လပ် ရှိတယ်။ အဲဒီတော့ ဖတ်တဲ့ နေရာမှာ လူဆိုတာ သဘာဝ အလျောက် ယိမ်းတတ်ယိုင် တတ်တဲ့ သဘောရှိတယ်။ အဲဒီလို ယိမ်းယိုင် သွားစေမယ့် စာမျိုး ကျွန်တော်တို့ဘာသာ ပြန်ရင် မဖြစ်နိုင်တာတွေ ရှိတယ်ဆိုတော့ တတ်နိုင်ရင် ဘာသာမပြန်ဘဲ နေတာ ကောင်းမယ်လို့ ကျွန်တော် ထင်တယ်။
ရှေ့လျှောက်တော့ လုပ်မယ်လို့ ကျွန်တော် စိတ်ကူး ထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံနဲ့ မသင့်တော်တဲ့ ကိစ္စတွေ ပါရင်တော့ ပယ်ရမှာပဲ။ ဆရာ ရေးခဲ့တဲ့ အချစ် သစ်ပင်က နိုင်ငံခြား ရုပ်ရှင်ကို မှီးခဲ့တာလား။ အချစ်သစ်ပင်နဲ့ ပတ်သက်လို့ကတော့ ပထမဦးဆုံး မင်းမင်းလတ် ဆိုတာကို စပြီး ကြားဖူးတာပဲ။ ပြီးတော့မှ မူရင်း အင်္ဂလိပ် သီချင်းကို ကြား ဖူးတယ်။Yellow Robbi ပေါ့ဗျာ။ အင်္ဂလိပ်သီချင်းက တကယ် ခံစားကြည့်တော့ ပို ကောင်းတယ်။ အဲဒီအခါမှာ ၀တ္ထုရေးချင်စိတ် ပေါ်လာလို့ ၀တ္ထု အတိုကလေး တစ်ပုဒ် ကျွန်တော် ရေးလိုက်တယ်။ ပြီးတော့မှ ဒီကျောရိုးကိုပဲ ပြန်ယူပြီး ကျွန်တော့် စိတ်ကူးနဲ့ ကျွန်တော် ၀တ္ထုရှည်ပြန်ရေး ခဲ့တာပါပဲ။
အချစ် ၀တ္ထုက ဆရာ့ ပထမဆုံး ၀တ္ထုနော်။
ဟုတ်ပါတယ်။
အဲဒီဝတ္ထု အရေးအသား နဲ့ ပတ်သက်ပြီး အခု ပြန်ဖတ် ကြည့်တော့ ဘယ်လို ခံစားမိ သလဲ။
အချစ် ၀တ္ထုမှာ ကျွန် တော့် ဘာသာ ရေးထားတဲ့ အမှာစာမှာ ကျွန်တော် ရေးထားပါတယ်။ ဆရာ ဗန်းမော် တင်အောင်က သူ့ပထမဆုံး ရေးတဲ့ ဖုန်းမောင့် တစ် ယောက်တည်းရယ် ၀တ္ထုမှာတော့ ကာပဲရယ်နဲ့ တော့ကာ ပဲရယ်နဲ့လို့ ရေးခဲ့တာကို နောက်ဆယ်နှစ်ကြာတော့ ဒီစာအုပ်ကို ပြန်ရိုက်ရာမှာ သူ ရှက်နေတယ်တဲ့။ ငယ်ငယ် တုန်းက သူရေးခဲ့တဲ့ အရေး အသားတွေနဲ့ ပတ်သက်ပြီး သူ ပြုံးမိတယ်တဲ့။ ကျွန်တော်ကတော့ ကျွန်တော့် အရေးအသားနဲ့ ပတ်သက်ပြီး အခု ချိန်ထိပြုံးမိမယ် မဟုတ်ဘူးလို့ ဒုတိယ အကြိမ် ထုတ်ဝေစဉ်က အမှာစာ ထပ်ထည့် တယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် အဖေဟာ ဒီနေ့ထိ ထက်တိုင် ခုံဖိနပ်ပဲ စီးတယ်။ အဲဒီအတွက် ခုံဖိနပ်ကြီး အောက်နေပြီလို့ ပြောလို့မရ ဘူး။ ခုံဖိနပ်ကြီးက ခေတ်မ စားတော့ဘူး။ သားရေဖိနပ် စီးပါလားလို့ ပြောလို့မရဘူး။ လူဆိုတာ သူစိတ်ကူးနဲ့သူပဲ။ ဆိုတော့...အချစ် ၀တ္ထု နဲ့ ပတ်သက်ပြီး အရေးအသား ကို ဒီနေ့ထက်ထိ ကျွန်တော် ကြိုက်နေတုန်းပဲ။ ကြိုက်တဲ့ နေရာမှာ ကွာတာ တစ်ခုတော့ ရှိတယ်။ စာရေးဆရာ တစ်ယောက်အနေနဲ့ကြိုက်တာနဲ့၊ ပရိသတ် တစ်ယောက် အနေနဲ့ ကြိုက်တာ။
ဆိုပါစို့ဗျာ။ ခုခေတ်မှာ ဘာကားတွေ ခေတ်စားတယ် ပြောပြော ဂျစ်ကားကို လက်လွှတ်လို့ မရဘူး။ အဲဒီနည်းတူပဲ။ ကျွန်တော် ငယ်ငယ်တုန်း က လုပ်ခဲ့တဲ့ အလုပ် တစ်ခုကိုလည်း ကျွန်တော် လက်မ လွှတ်နိုင်ပါဘူး။ သို့သော်လည်း ကျွန်တော် လုပ်ဦးမလား ဆိုတော့ မလုပ်တော့ဘူး။ ဒါကို နောက်လူငယ် တွေလုပ်လိမ့်မယ်။ ချာတိတ် တွေ၊ နောက်တက်လာမယ့် လူငယ်တွေ လုပ်လိမ့်မယ်။ သို့သော် မကြိုက်ဘူးလားဆို တော့ ကြိုက်တယ်။
ကိုယ့်သားသမီးပဲဗျာ။ အသက်ဘယ်လောက်ကြီးသွား ကြီးသွား မချစ်ရဘူးလို့မှ မရှိပဲ။ ဒါက ရှင်းရှင်း လေးပါ။
အချစ်ဝတ္ထုရေးတဲ့ စာရေးဆရာ၊ အိမ်ထောင်သည် တစ်ယောက် အနေနဲ့ အချစ်နဲ့ ပတ်သက်ပြီး ဘယ်လို ခံစားမိ ပါသလဲ။ သိတယ် မဟုတ်လား။ ကျွန်တော် မေးချင်တာ။
ကိုဝင်းငြိမ်းရေ..ခင်ဗျား မေးတဲ့ အချစ်ကို ကျွန်တော် စိတ်မ၀င်စားဘူး။ ကျွန်တော့်မိန်းမ ဈေးက ဘယ် ချိန် ပြန်လာမလဲ ဆိုတာကို စိတ်ဝင်စားတယ်။ ကျွန်တော့် သားလေးနဲ့ သမီးလေး ဈေးကအပြန် ကားပေါ်က လိမ့် ကျမလား ဘာလား ဆိုတာကိုပဲ စိတ်ဝင်စားနေပါတယ်။
ဆရာ့ ကလောင်နာမည် ယူထားတာနဲ့ ပတ်သက်လို့ နည်းနည်း ပြောပြပါဦး။ ကလောင် နာမည်တူ ခပ်ဆင်ဆင်ပေါ့လေ။ ကြားဖူး သလားလို့။
ကလောင် နာမည်ယူခဲ့ တာကတော့ ကျွန်တော့်အဖေ ခပ်ငယ်ငယ်က “သုမောင်”ဆို တဲ့ ကလောင် နာမည်နဲ့ ၀တ္ထု အတိုအစလေးတွေ ရေးခဲ့ဖူး ပါတယ်။ ဒါပေမယ့် မအောင် မြင်ခဲ့ပါဘူး။ ကြံကြံဖန်ဖန် “သာဓု”နဲ့ကျမှ အောင်မြင် တယ်။ ကောင်းပါတယ်။ တစ်သက်လုံး ဘုရား ရှိခိုးတိုင်း ဒီနာမည်က ပါနေမှာကိုး။
ကျွန်တော့် အလှည့်ကျမှ ဒီကလောင် နာမည်က အောင်မြင်လာတယ်။ ကျွန်တော် ကလည်း မြတ်မြတ်နိုးနိုး ဒီနာမည်ကို အဖေ့ဆီက အမွေအဖြစ် ယူလိုက်တယ်။ ကျွန်တော်တို့ အဖေ့ဆီက အမွေ ယူစရာ ဆိုလို့ ဦးနှောက်ပဲ ရှိပါတယ်။
ဆိုတော့ ဒီနာမည်နဲ့ ပတ်သက်လို့ ကျွန်တော့် အဖေနဲ့ တန်းတူ အချိန်လောက်တုန်း က တက္ကသိုလ် သုမောင်ဆိုပြီး တစ်ယောက် ပေါ်ဖူးပါတယ်။ ဆရာ တက္ကသိုလ်သုမောင်ပေါ့။ အမည်ရင်းက ဦးတင်ကိုကိုလို့ ကြားပါတယ်။ ဒုဗိုလ်မှူးကြီးလား၊ ဗိုလ်မှူးကြီးလားတော့ မပြောတတ်ဘူး။ နောက်ပြီးတော့လည်း ရန်ကုန် တက္ကသိုလ်စာကြည့် တိုက်မှာ ကျွန်တော် စာအုပ်တွေ မွှေတဲ့နှောက်တဲ့ နေရာ မှာ “တက္ကသိုလ် သုလင်”ဆို ပြီး သရော်စာရေးတဲ့ ဆရာ တစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ တွေ့ခဲ့ရဖူးပါတယ်။
ကျေးဇူးပဲ ဆရာ။ ရုပ် ရှင်နဲ့ပတ်သက်ပြီး ကျွန်တော် မေးချင်ပါတယ်။ နှောင်းတ မြည့်မြည့်က စပြီး ဒီနေ့အထိ သရုပ်ဆောင်ခဲ့ရာမှာ ဘယ်လို အခန်းမျိုး သရုပ်ဆောင်ရတာ အားရပါသလဲ။
သဘာဝကျကျနဲ့ ရယ်ရတဲ့ ကားမျိုးကို သဘောကျတယ်။ အရင်တုန်းကတော့ အလွမ်းတွေ ရိုက်ချင်တယ်။ လွမ်းပြရမှာလည်း ကျုပ်ရုပ်ကြီးနဲ့ လွမ်းပြရတော့ တစ်မျိုး ကြီးပဲဗျ။ အဲဒီတော့ လောင်တာ ကောင်းတယ်ဗျ။ လူတွေ ပျော်နေရင် ကောင်းတာပဲပေါ့။ လူတွေ စိတ်ညစ်ရင် မကောင်းဘူး။ ဒါကြောင့် ပျော်စရာကောင်းတဲ့ကားတွေပဲ ရိုက်ချင်တယ်။
ငယ်သူငယ်ချင်းသုံးယောက် ရှိလေသည် ကားမှာ ဒါရိုက်တာ လုပ်ပြီး နောက်ထပ် ဒါရိုက်တာ မလုပ်တော့ ဘူးလား။ လုပ်ဖို့ကော အစီအ စဉ်ရှိလား။
ငယ်သူငယ်ချင်းက ကျွန်တော် ပထမဆုံး ဒါရိုက်တာ လုပ်တဲ့ ကားပါပဲ။ ပထမဦးဆုံး ဆိုလို့ နောက်ထပ်ရှိ သေးလားဆိုတော့ မရှိဘူးဗျ။ မရှိတာက နှစ်မျိုးဗျ။ ကိုယ်တိုင် ဒါရိုက်တာ မလုပ်တာ လည်း ပါတယ်။ ပိုက်ဆံ မရှိ တာလည်း ပါတယ်။ ပိုက်ဆံ ရှိမှ ဒါရိုက်တာ လုပ်လို့ရတာ ကိုးဗျ။ သူများတွေ လာငှား ရင် ရိုက်ရအောင်ကလည်း ခက်တာက ကျွန်တော်တို့ အဖေက စပြီး အစဉ်အဆက် ကိုက ကျွန်တော့်ညီ အငယ် ဆုံး မင်းလူအထိ သူများခိုင်းရင် မလုပ်ချင်ဘူး။
ဆိုပါစို့ဗျာ။ ဟိုတလောတုန်းက ကျွန်တော့် ၀တ္ထုကြွေး ကို အကြွေး အဖြစ်နဲ့ ရုပ်ရှင် ရိုက်ဖို့လာ ငှားတယ်။ အဲဒါ မန္တလေးက မယူဘူး။ အောက်မြန်မာ ပြည်ကလည်း မယူဘူးတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ နာမည် က အကြွေး ဆိုတော့ အကြွေး ဖြစ်နေမှာစိုးလို့ နာမည် ပြောင်းပေးပါဆိုလို့ ကျွန်တော့် မှာ နာမည် ပြောင်းပေး လိုက်ရတယ်။ အဲဒီ ပြဿနာမျိုးတွေ တစ်ပုံကြီး ရှိတော့ ဒါရိုက်တာ လုပ်ဖို့ တော်တော် ခက်နေတယ်။ လုပ်တော့ လုပ်မှာပါပဲ။ မလုပ်လို့ မဖြစ်ဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ ကျွန်တော့်အဖေ က ဒါရိုက်တာ၊ ကျွန်တော့် အစ်ကိုက ဒါရိုက်တာ ဆိုတော့ ကျွန်တော် ဒါရိုက်တာ မလုပ်လို့ မရတော့ဘူး။ လုပ်ရမယ်။ ဒါ ကျွန်တော်တို့ရဲ့ မိရိုးဖလာပဲ။
ငယ်သူငယ်ချင်း သုံးယောက် ရှိလေသည် ကြော်ငြာ ပိုစတာမှာ ဘာဖြစ်လို့ လက်လေးချောင်း ထောင်ပြ ထားတာလဲ။
ရှင်းရှင်းလေးပါ။ တချို့ က ပြောတယ်။ မင်းသား မင်းသမီးလေးယောက်ပါ လို့တဲ့။ သုံးချောင်းထောင်တော့ ဘာညာပေါ့ဗျာ။ ပြော ကြတယ်။ တစ်ချောင်းထောင် ရင် သတိထားလို့ ပြောရာ ရောက်တယ်။ နှစ်ချောင်း ထောင်တော့ ခုခေတ်စကားနဲ့ ပြောရင် “ပိစ်”ပေါ့။ အေးချမ်း စေပေါ့။ သုံးချောင်းထောင် ရင် ငယ်သူငယ်ချင်းသုံးယောက် အဓိပ္ပာယ်ပေါ့။ လေးချောင်းထောင်တော့ ဘာလဲလို့ လာမေးကြတယ်။ အဲဒါ ကြော်ငြာပဲပေါ့။ ကျွန်တော် ကြော်ငြာစာရွက် သက်သာ သွားတာပေါ့။
ဆရာ ၀တ္ထုရေးတဲ့ နေရာမှာ ရုပ်ရှင်ရိုက်ဖို့ ရည်ရွယ်ပြီး ရေးတဲ့ဝတ္ထု ရှိပါသလား။
ဝတ္ထုရေးတဲ့ နေရာမှာ ရုပ်ရှင်ရိုက်ဖို့ စိတ်မကူးပါဘူး။ ဒါပေမယ့် တစ်ခါတလေမှာ ကျွန်တော်တို့ ရုပ်ရှင် နယ်က ရုပ်ရှင်ရိုက်ဖို့ ၀တ္ထုကလေး ရေးပေးပါ ဆိုပြီး လာ တတ်တယ်။ အဲဒါမျိုးကျ တော့ ရေးရတယ်။ သို့သော် တစ်ခါတလေ ကိုယ့်ဟာ ကိုယ်ဝတ္ထု ရေးတာပဲ ရုပ်ရှင်ရိုက်ရ ကောင်းမလား ဆိုတဲ့ အတွေးကလေး ၀င်လိုက်ရင် အဲဒီဘက်ကို ယိုင်ယိုင် သွားတတ်တာမျိုး ရှိတယ်။ ဥပမာ အကယ်ဒမီ ၀တ္ထု။
ရုပ်ရှင်ရိုက်ရင်းကော ၀တ္ထုရေး ဖြစ်တာမျိုး ရှိသလား။
ရေးဖြစ်ပါတယ်။ ရေးဖြစ်တဲ့ နေရာမှာ နှစ်မျိုးရှိတယ်။ တစ်မျိုးက ဒီကောင် မတွေ ယိုးဒယားကပြီး တော်တော်နဲ့ ရောက်မလာသေးလို့ ပျင်းတဲ့ အချိန်မှာ ရေးဖြစ်တာ ရှိတယ်။ ယိုးဒယားက နေတယ်ဆိုတာ ကိုဝင်းငြိမ်း သိရဲ့လား။ လက်သီးနဲ့ ထိုးမယ့် အရေးကို မထိုးသေးဘဲ ဟန်ပြင်နေတာကို ပြောတာဗျ။
နောက်တစ်မျိုးက အဲဒီ ရိုက်ကွင်းထဲက လူတွေရဲ့ ဘ၀ကိုကြည့်ပြီး ရေးဖြစ်တာမျိုး။ ဆိုပါတော့ဗျာ၊ ကျွန်တော် ရောက်သွားတယ်။ မင်းသား မင်းသား ဆိုပြီး ဘာစားမလဲ၊ ဘာစားမလဲ မေးကြတယ်။ နေရာ ပေးကြတယ်။ မင်းသမီး လာရင်လည်း ဒီလိုပဲ။ ဒါပေမယ့် ဟိုလူကြမ်းကျတော့ တစ်မျိုး။ အဲဒီထက်ဆိုးတဲ့ မီးထိုးမှန် ထိုးကလေးတွေ ကျတော့ ပစ်ထားကြတယ်။ အဲဒီဘ၀တွေ တွေ့ရတော့ ၀တ္ထုရေးဖြစ်သွားတယ်။
သရုပ်ဆောင် ရှားပါးတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းရင် ကောင်းမယ်လို့ မြင်ပါသလဲ။
ဒီမေးခွန်းကို ဖြေရရင်တော့ ကျွန်တော်တို့ အပါအ၀င် နာမည်ရှိတဲ့ မင်းသားတွေ တဖြည်းဖြည်း နာမည် မကျကျသွားအောင် ဒါရိုက် တာတွေက ရိုက်ပေးလိုက်ရင် နောက်ထပ် သရုပ်ဆောင် အသစ်တွေ လာမှာပါပဲ။ ရှင်းပါတယ်နော်။
ဂီတဘက် ဆက်ကြရအောင်။ ခေတ်ဟောင်းတေးတွေ ပြန်ဆိုတဲ့ နေရာမှာ မူရင်းကို နားထောင်လေ့ ရှိပါသလား။
အထူးသဖြင့် ခေတ်ဟောင်းက မူရင်းကို မြန်မာ့ အသံမှာ သွားနားထောင်ပါတယ်။ ပြီးတော့လည်း ကျွန်တော့် အရင် ပြန်ဆိုသွားကြတဲ့ ကိုဝင်းဦးတို့၊ ကိုမင်းနောင်၊ ကိုမောင်မောင်ကြီး၊ ဇော်မင်းလေး စသူတို့ရဲ့ သီချင်းတွေ ကိုလည်း ပြန်နားထောင် နေပါတယ်။ မူရင်း သီချင်းကို ရေးခဲ့ တဲ့ပုဂ္ဂိုလ်ကြီးတွေ ရှိသေးရင် ဒီပုဂ္ဂိုလ်ကြီးတွေဆီမှာ သွားလေ့လာပါတယ်။ မရှိတော့ရင် ပါဝင် တီးခတ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေဆီမှာ ချဉ်းကပ်လေ့ လာပါတယ်။
ဥသြဘသောင်ရဲ့ သီ ချင်းတွေကို ဆိုရာမှာ ဘာဖြစ်လို့ ကိုယ်ပိုင် အသံနဲ့ မဆိုဘဲ သူ့အသံနဲ့ တူအောင် လုပ်ဆို ပါသလဲ။
သူဆိုတဲ့ သီချင်းမို့ သူ့ အသံနဲ့ တူအောင် လုပ်ဆိုတာပါ။ ဥသြဘသောင် ဆိုတဲ့သီ ချင်းတွေကို ကျွန်တော်က ကိုဝင်းဦး အသံနဲ့ ဆိုမယ်၊ သု မောင်အသံနဲ့ ဆိုမယ်ဆိုရင် ပျက်သွားမှာ စိုးလို့ပါ။ တချို့ သီချင်းတွေမှာ ကျွန်တော့်မူ နဲ့ ဆိုတာတွေ ရှိပါတယ်။ ဒါပေမယ့် ဥသြဘသောင်ကတော့ ကျွန်တော် သိပ်လေးစား ကြည်ညိုတဲ့ ပုဂ္ဂိုလ်မို့ သူ့အသံနဲ့ မတူတူအောင် လုပ်ဆိုခဲ့ တာပါ။
သီချင်းဆိုတဲ့ နေရာမှာ တချို့က လျှာဖျားနဲ့ တချို့က လည်ချောင်းက၊ တချို့က ရင်ထဲက ဆိုကြတယ်။ ကိုသုမောင်က ဘယ်လို ဆိုပါသလဲ။
ကျွန်တော်ကတော့ ရင်ဘတ်နဲ့ ဆိုပါတယ်။ ရင်ထဲက လာတဲ့ အသံဟာ အသက် အ၀င်ဆုံးလို့လည်း ယုံကြည် လို့ပါ။
ဒီနေ့ ဂီတလောက အပေါ် ဘယ်လို မြင်ပါသလဲ။
လူဆိုးဖြစ်ဖြစ်၊ လူကောင်းဖြစ်ဖြစ် သူ့ဟာနဲ့ သူတော့ ကောင်းနေကြတာပါ ပဲ။
ခေတ်ပေါ်ဂီတ အပေါ် မှာကော။
ဟဲ..ဟဲ..ဟဲ..ဟဲ။
ဘယ်လိုလဲ နှာစေးနေ လိုက်တာလား။ ဒါဆို ဒီနေ့ ရေးနေကြတဲ့ တေးစာသားတွေ အပေါ်မှာကော ဘယ်လို မြင်ပါသလဲ။
ဒီမေးခွန်းမှာတော့ နှစ်ခု ပြောပါရစေ။ တစ်ခုက အများအားဖြင့် လူငယ်တွေကို ဘက်လိုက်ပြီးတော့ ကောင်းတဲ့ အတွေးအခေါ်တွေ ပေးတာ တွေ့ရပါတယ်။ နောက်တစ်ခု ကတော့ အရမ်းလွမ်းပြီး အရမ်းဒေါသတွေ ကြီးနေကြတာ တွေ့ပါတယ်။
ကိုသုမောင် အခု ကက်ဆက်ဇာတ်လမ်း တော်တော် များများမှာ သရုပ်ဆောင်တာ တွေ့ရပါတယ်။ ကက်ဆက် ဇာတ်လမ်း တော်တော်များ များဟာ ဗရုတ်သုတ်ခနဲ့ တော်တော် ဒုက္ခ ပေးနေကြပါတယ်။ ဒီလို ဇာတ်လမ်းတွေ မှာကော သရုပ်ဆောင် ပေးတာပဲလား။
အဲဒါနဲ့ ပတ်သက်လို့ နိုင်ငံတော် အစိုးရကို ကျွန်တော်တော်တော် ကျေးဇူးတင် နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု တစ်နိုင်ငံလုံး စာတတ်မြောက်ရေး ကိစ္စ လုပ်နေတယ်။ အဲဒီလို လုပ်နေတဲ့ အတွက်ကြောင့် နောက်လာမယ့် ဘယ်နှစ်လဲတော့ မသိဘူးပေါ့ဗျာ။ အဲဒီကျရင် တစ်နိုင်ငံလုံး စာတတ်သွား မယ်ဆိုရင် ကိုဝင်းငြိမ်းပြောတဲ့ ဗရုတ်သုတ်ခတွေ အားလုံး ပပျောက်သွားလိမ့်မယ်။
လောလောဆယ်မှာတော့ မရသေးဘူး။ သူတို့ အသိဥာဏ်ဟာ နည်းနည်းနိမ့် နေသေးတယ်။ တစ်နိုင်ငံလုံး စာတတ်လာရင်တော့ အသိ ဥာဏ်တွေ မြင့်မား လာပြီးတော့ တိုင်းပြည်အတွက် ဘာ လုပ်မယ်။ ဘာကိုင်မယ်ဆို တာတွေ ပေါ်လာမယ်။ အဲဒီ အခါမှာ အလိုလို နေရင်း အခုနက ကိစ္စတွေ ပျောက်သွားပြီး
အကျိုးပြုစာပေ၊ အကျိုးပြု ဇာတ်လမ်း၊ အကျိုးပြုတေး သရုပ်ဖော်၊ အကျိုးပြုရုပ်ရှင်၊ အကျိုးပြု သီချင်း စသဖြင့် ပေါ် ပေါက်လာပါလိမ့်မယ်။ အဲဒီလို ကျွန်တော် ယုံကြည် ထားပါတယ်။
အခုအချိန်မှာ ဒီဗရုတ် သုတ်ခတွေမှာလည်း ကျွန်တော် သရုပ်ဆောင် နေရတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ကျွေးမွေး ထားရတဲ့သူ မြောက်မြားစွာ ရှိပါတယ်။ ကျွန်တော့်အဖေ လက်ထက်ကတည်းက စခဲ့တဲ့ အလုပ်သမားတွေရော၊ ဆွေမျိုး အသိုင်းအ၀ိုင်းတွေရော၊ ကျွန်တော့် အပေါ်မှာ တာဝန်တွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ ခြံထဲမှာ ကလေးချည်းပဲ ၈၇ ယောက် ရှိပါတယ်။ အဲဒီ ကလေးတွေကို ကျွေးနိုင်ဖို့ အတွက် တစ်ခါတစ်ရံမှာ မတတ်သာတဲ့ အဆုံးမှာ ဒီကိစ္စကို လုပ်နေရပါတယ်။ မနက်မိုးလင်းရင် ဦးဦး သုမောင် ပိုက်ဆံတစ်မတ် ပေးပါ ဆိုတဲ့ ကလေး ၈၇ ယောက်အတွက် ကျွန်တော် သရုပ်ဆောင် နေရပါတယ်လို့ ပဲ ပြောပါရစေ။
စာပေ ဟောပြောပွဲတွေကို ကျင်းပတဲ့ နေရာမှာ ၀င် ကြေး၊ အခကြေးငွေ ယူနေကြ တာနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို မြင်ပါသလဲ။
အစဉ်အလာ အရကတော့ စာပေ ဟောပြောပွဲကို ငွေကြေးပေးပြီး နားထောင်ရတယ် ဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် အခု နောက်ပိုင်းမှာ ကြိုးကြားကြိုးကြား ငွေကြေး လက်ခံပြီးတော့ လုပ်လာကြတာ တွေ့ရပါတယ်။
အဲဒီအတွက် ကောင်းတာလည်း ရှိသလို၊ မကောင်းတာလည်း ရှိပါတယ်။ ဘာကောင်းလာသလဲ ဆိုတော့ အခကြေးငွေ မယူဘဲ အပေါ စားဆန်ဆန် လုပ်တော့ အပေါစား ဟေးလားဝါးလား လုပ်တဲ့သူတွေ ရှိခဲ့ဖူးတာ သန့်သွားတာပဲ။ မကောင်းတာကတော့ တကယ် နားထောင်ချင်ပါလျက်နဲ့ ငွေကြေး မတတ်နိုင် လို့ နားမထောင်ရတဲ့ သူတွေ ရှိတဲ့အတွက် စကားပြောရတဲ့ စာရေးဆရာတွေဘက်က နစ်နာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တကယ့်စာဖတ်ပရိ သတ်လျော့သွားလို့ပါပဲ။
ကျေးဇူးပါပဲ ဆရာ။ အချိန်တိုအတွင်းမှာ ဆရာနဲ့ ပတ်သက်ပြီး ပတ်သက် ဆွေးနွေးရတာ မပြည့်စုံသေး ပေမယ့် စာဖတ်ပရိသတ် သိချင်တာတွေ တော်တော်များ များတော့ ဆွေးနွေးခွင့် ရလိုက်ပါတယ်။ ပေဖူးလွှာ အတွက် အချိန်ပေးတဲ့ အတွက် အများ ကြီး ကျေးဇူးတင်ပါတယ်။ ဆရာ ကျင်လည်နေရတဲ့ အနုပညာ အားလုံးမှာ အောင်မြင်ပါစေလို့ ဆန္ဒပြု ခဲ့ပါတယ်။
@ရွှေအမြူတေ
မွေခံထိုက်စေလှူမျှဝေ၍
အမွေ
အမွေကို မြန်မာအဘိဓာန်က "(၁)မိဘဘိုးဘွားစသည်ထံမှ လက်ခံရရှိသာ ပစ္စည်းဥစ္စာ၊ (၂) (ဥပစာ) ဆက်ခံရရှိသော ပညာ၊ ရောဂါ"စသည် ဟု ဖွင့်သည်။
အမွေကို ပါဠိဝေါဟာရဖြင့် ဒါယာဒ၊ ဒါယဇ္ဇဟူ၍ခေါ်သည်၊ ပဒတ္ထမဉ္ဇူသာအဘိဓာန်က ဒါယာဒကို "ပေးသည်ကိုယူသည်၊အမွေ"ဟု ဖွင့်သည်။ ဒါယဇ္ဇကို "အမွေ၊ အမွေ ဥစ္စာ၊ အမွေခံ"ဟု ဖွင့်သည်။ ဒါယာဒကို တိပိဋက ပါဠိမြန်မာအဘိဓာန်က (၁)အမွေဥစ္စာ၊ (၂)ဆွေမျိုး၊ (၃)ပေးအပ်သော အမွေဥစ္စာကို ခံယူတတ်သော သူ၊ အမွေခံ၊ အမွေစား၊ အမွေဆိုင်၊ အတွင်းသား၊ (၄)မကောင်းမှု၏အကျိုး (မကောင်းမွေ၊ဆိုးမွေ)ကို စံစားတတ်သော၊သူ"ဟုဖွင့်သည်။ဒါယဇ္ဇကို "(၁) ပေးအပ်သော ဆုလာဘ်၊(၂)အမွေခံ၏-အဖြစ်-ဖြစ်ကြောင်းဖြစ်ရာ-အမွေ ဥစ္စာ၊အမွေခံဟုသိကြောင်း အမှတ်လက္ခဏာ၊(က)မိဘတို့ထံမှရအပ်သော အမွေဥစ္စာ။(ခ)ဘုရားရှင်ထံမှရအပ်သော အမွေဥစ္စာ''ဟု ဖွင့်သည်။
အမွေကို တချို့က အမွှေဟုခေါ် ကြသည်။ ညီအစ်ကိုမောင်နှမချင်း သွေးကွဲအောင်၊ စိတ်ဝမ်းကွဲအောင် မွှေနှောက်တတ်သောကြောင့် အမွှေဟု ခေါ်ခြင်းဖြစ်သည်။ ညီအစ်ကိုမောင်နှမ သွေးရင်းသားရင်းအချင်းချင်း မခေါ်နိုင်မပြောနိုင်အဖြစ်မျိုးရောက် အောင် အမွေက မွှေတတ်သည်။
တောင်ဥက္ကလာဘက်က သိသူကလေးမတစ်ယောက် အသက်သုံးဆယ်စွန်းစွန်း တစ်ကိုယ်တည်းသမား၊ မိဘတွေမဆုံးခင်က အကြီးတွေကိုလည်း ထိုက်သင့်သလို အမွေခွဲခြမ်းပေးပြီးပြီ။ မိဘတွေဆုံးတော့ အငယ်ဆုံးသမီး တစ်ကိုယ်တည်းသမားကို အတွင်းပစ္စည်းနှင့်အိမ် ပေးခဲ့သည်။ အစ်မအကြီးဆုံးလုပ်သူကလည်း သူ့အိမ်ထောင်နှင့်သူ၊ သူ့အလုပ်နှင့်သူ၊ ပြည့်ပြည့်စုံစုံတောင့်တောင့်တင်းတင်းရှိပါသည်။ သို့ဖြစ်ပါလျက် အငယ်ဆုံးညီမဆီက ထပ်မံဝေစုရရေးအတွက် မောင်တွေကို စည်းရုံးပြီး ညီမအငယ်ဆုံး တစ်ကိုယ်တော်သမားလေးကို ဖိအားပေးလျက်ရှိသည်။ အငယ်ဆုံးညီမမှာ မျက်ရည်နှင့် မျက်ခွက်၊ နောက်ဆုံးမတတ်သာလို့ အခြားရပ်ကွက် ပြောင်းရွှေ့နေထိုင်ပြီး အိမ်ထောင်ပြုလိုက်ရသည်။ အကြီးတွေလိုချင်တာကိုလည်း ထုခွဲ ပေးဖို့လုပ်နေသည်။
အကြီးတွေဖြစ်လျက် အတော်အသင့် ပြည့်ပြည့်စုံစုံရှိပါလျက် ကိုယ့်ညီမအငယ်ဆုံးလေးကို နည်းနည်းမှမညှာတာ၊ လောဘ...လောဘ.... အတော်ကြောက်ဖို့ ကောင်းသည်၊ အမွေကို အမွှေဟုခေါ်ကြသည်မှာ ဟုတ်ပုံရသည်။
လောကသားအနေနှင့် လောဘရှိတာ အပြစ်မပြောလို၊ အပြစ်က ၀ိသမလောဘဖြစ်သည်။ ၀ိသမဟူသည် မမျှတခြင်းဖြစ်သည်။ အရာရာ၌ မျှမျှတတရှိကြလျှင် ဘာပြဿနာမှပေါ်မည်မဟုတ်၊ ပြဿနာဟူသည် ၀ိသမ-မမျှတမှုကနေ လာသည် . . .
ပစ္စယ၊ ဓမ္မ နှစ်ဝအမွေ
ဒေသနာတော်အလိုအရ တရားဓမ္မအမွေနှင့် ပစ္စည်းအာမိသအမွေဟု အမွေနှစ်မျိုးရှိသည်။ ဓမ္မအမွေသည် တိုက်ရိုက်ဓမ္မအမွေ၊ သွယ်ဝိုက်ဓမ္မအမွေဟု နှစ်မျိုးရှိသည်။ အာမိသပစ္စည်းအမွေလည်း ထို့အတူပင်၊သွယ်ဝိုက်နှင့် တိုက်ရိုက်နှစ်မျိုးရှိသည်။ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်သည် တိုက်ရိုက်ဓမ္မအမွေဖြစ်သည်။ ၀ဋ်ဒုက္ခကင်းရာကို မျှော်လင့်တောင့်တ၍ ပြုအပ်သော ဒါနသီလသမထ ၀ိပဿနာကုသိုလ်စုသည် အစဉ်သဖြင့် နိဗ္ဗာန်တိုင်အောင် ဆောင်နိုင်သော ကြောင့် သွယ်ဝိုက်ဓမ္မအမွေဖြစ်သည်။ ရဟန်းတို့အတွက် ဆွမ်းစသော ပစ္စည်းလေးပါးသည် တိုက်ရိုက်အာမိသအမွေဖြစ်သည်၊သံသရာဝဋ်၊ဘ၀စည်းစိမ်ကို မျှော်လင့်တောင့်တ၍ ပြုလုပ်အပ်သော ဒါနသီလသမထ၀ိပဿနာ ကုသိုလ်အစုစုသည် အစဉ်သဖြင့် လူနတ်စည်းစိမ်ကို ရရှိနိုင်သောကြောင့် သွယ်ဝိုက်အာမိသအမွေဖြစ်သည်။
ဓမ္မအမွေခံယူစေ
ဓမ္မဒါယာဒသုတ်၌ ဘုရားရှင်က ''ရဟန်းတို့...သင်တို့သည် တရားဓမ္မ အမွေခံတို့သာဖြစ်ကြကုန်လော့။ ပစ္စည်းအာမိသအမွေခံတို့ မဖြစ်ကြကုန်လင့်''ဟု မိန့်ခဲ့သည်။ ဘုရားရှင်က သူ၏တပည့်သားသာဝက အားလုံးဓမ္မအမွေကိုပဲ ခံယူစေချင်သည်။ ဘုရားကိုယ်တော်တိုင်လည်း ဓမ္မအမွေပဲ ပေးခဲ့ချင်သည်။
ဘုရားရှင်ပြည်တော်ဝင်ပြီး ခုနစ်ရက်မြောက်နေ့တွင် ယသော်ဓရာက သားတော်ရာဟုလာကို အမွေတောင်းခိုင်းသည်။ ''ချစ်သားရာဟုလာ..... ရွှေအဆင်းလိုဝါ၀င်းတဲ့ အဆင်းရှိတဲ့ ဗြဟ္မာမင်းလို ခန့်ငြားတင့်တယ်တဲ့ အ ဆင်းရှိတဲ့ ဟိုရဟန်းကိုကြည့်လိုက် အဲဒီရဟန်းဟာ သင့်ဖခမည်းတော်ပဲ၊သူ့မှာ ကြီးမားလှတဲ့ ရွှေအိုးကြီးလေးလုံး ရှိခဲ့ဖူးတယ်။ငါ့သားသွားချေ အဲဒီရွှေအိုးကြီးလေးလုံးကို အမွေတောင်းခဲ့ချေ''ဟု မှာကြားကာ လွှတ်လိုက်သည်။
ရာဟုလာမင်းသားလေးသည် ဘုရားရှင်လက်ကိုဆွဲပြီး ''ဖခမည်းတော်ရဟန်းမြတ်...သားတော်အားအမွေပေးပါ။ ဖခမည်းတော်ရဟန်းမြတ် ....သားတော်အားအမွေပေးပါ''ဟု တတွတ်တွတ်ပြောရင်း ဘုရားနောက်က ပါသွားလေသည်။ ထိုအခါ ဘုရားရှင်က ''သားတော်သည် ဥစ္စာကိုအလိုရှိနေ၏။ ထိုဥစ္စာသည် ၀ဋ်ဆင်းရဲသို့ အစဉ်လိုက်နေသဖြင့် ပင်ပန်းဆင်းရဲခြင်းနှင့်တကွဖြစ်သည်။ ယခု ငါသည် ဗောဓိရင်ပြင်၌ ရအပ်သော အရိယာဥစ္စာခုနစ်ပါးကို ပေးမည်။ သားတော်ကို လောကုတ္တရာ ဓမ္မအမွေကိုပေးမည်''ဟု စဉ်းစားလေသည်။
ထို့နောက် ဘုရားရှင်က အရှင်သာရိပုတ္တရာကိုခေါ်ပြီး ''သာရိပုတ္တရာ ....ရာဟုလာကို ရှင်ပြုပေးလိုက်ပါ''ဟု မိန့်၍ သားတော်ရာဟုလာကို လောကုတ္တရာအမွေကို ပေးလိုက်လေသည်။
လူမှာ အပိုင်းနှစ်ပိုင်းရှိသည်။ ပထမပိုင်းက အမွေခံယူသော အပိုင်းဖြစ်သည်။ဒုတိယအပိုင်းက အမွေပေးရသော အပိုင်းဖြစ်သည်။ မွေခံထိုက်စေဟူသည့်အတိုင်း ပထမအပိုင်းက အမွေခံယူထိုက်သော အပိုင်းဖြစ်သည်။ ဒုတိယပိုင်းက မိမိတို့သားသမီး မြေးမြစ်တပည့် သာဝကမျိုးဆက်တွေကို အမွေပေးရမည့် အပိုင်းဖြစ်သည်။
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျဝေ၍ စောင့်လေမျိုးနွယ်ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ(သမီးတို့တာ)ဟူ၍ မိဘတို့၏ မျော်လင့်ချက်ငါးပါး သို့မဟုတ် သားသမီးဝတ္တရားငါးပါးရှိသည်။ ထိုငါးပါးတွင် မွေခံထိုက်စေလှူမျဝေ၍ကား အားလုံးနှင့်ဆိုင်သည်။
သားသမီးတို့သည် မိဘတို့အမွေကို ခံယူထိုက်သည်၊ ခံယူရမည်၊ လူငယ်တို့သည် လူကြီးတို့အမွေကို ခံယူထိုက်သည်၊ ခံယူရမည်၊ တပည့်တို့သည် ဆရာသမားတို့အမွေကို ခံယူထိုက်သည်၊ ခံယူရမည်၊ ခံယူပြီးသည့်နောက်ပိုင်း မိမိက မိဘနေရာ ရောက်သောအခါ သားသမီးတို့ကို အမွေပြန်ပေးရမည်၊ မိမိတို့လူကြီး နေရာရောက်သောအခါ လူငယ်တို့ကို အမွေပြန်ပေးရမည်၊ ဆရာသမားနေရာရောက်သောအခါ တပည့်တို့ကို အမွေပြန်ပေးရမည်။
အမွေက အာမိသ-ပစ္စည်းဥစ္စာ အမွေနှင့် ဓမ္မ-တရားအမွေ နှစ်မျိုးရှိသည်။ တစ်နည်း လောကီအမွေနှင့် လောကုတ္တရာအမွေဟု နှစ်မျိုးရှိသည်။ အမွေနှစ်မျိုးလုံးက လိုအပ်တာချည်းမို့ နှစ်မျိုးလုံးပေးနိုင်ရမည်။ စားမှုသောက်မှု အဆင်ပြေအောင်၊ ၀တ်မှု အဆင်ပြေအောင်၊ နေမှုထိုင်မှု အဆင်ပြေအောင်၊ အလုပ်အကိုင် အဆင်ပြေအောင်၊ စီးပွားရေး အဆင်ပြေအောင်၊ ကျန်းမာရေး အဆင်ပြေအောင်၊ သွားရေးလာရေး အဆင်ပြေအောင်၊ လူမှုကိစ္စအားလုံး အဆင်ပြေအောင် ဆောင် ရွက်ပေးထားခဲ့ကြရမည်၊ ဤကား အာမိသအမွေဖြစ်သည်။
ဘုရားကတော့ သူ့တပည့်သာဝကတွေကို ဓမ္မအမွေကိုသာ ခံယူကြဖို့ တိုက်တွန်းသည်။ သားတော်ရာဟုလာကအစ အားလုံးကို ဓမ္မအမွေပဲ ပေးခဲ့သည်။ ဓမ္မဟူသည် မှန်ကန်ခြင်းဖြစ်သည်။ ဓမ္မဟူသည် မွန်မြတ်ခြင်းဖြစ်သည် ဓမ္မဟူသည် မျှတခြင်းဖြစ် သည်။ မိမိတို့ကိုယ်တိုင် မှန်ကန်မှုကို ကျင့်သုံး၍ မွန်မြတ်မှုကို ကျင့်သုံး၍ မျှတမှုကိုကျင့်သုံး၍ အမွေခံတို့အားလည်း မှန်ကန်မှု၊ မွန်မြတ်မှု၊ မျှတမှုတို့ကို ပေးခဲ့ကြရမည်။
လှူရမည်
မိမိတို့သည် အမွေရ၍ဖြစ်စေ၊ ကိုယ်တိုင်ရှာဖွေရ၍ဖြစ်စေ၊ ရရှိလာသော ပစ္စည်းဥစ္စာတို့ကို သုံးသင့်တာကိုသုံး၊ စားသင့်တာကိုစား၊ လှူသင့်တာကိုလှူရမည်။ ပစ္စည်းဥစ္စာတို့သည် ရန်သူမျိုးငါးပါးလုံးနှင့်သက်ဆိုင်နေသည့် အတွက်ကြောင့် အနှစ် သာရမဟုတ်၊ ထိုပစ္စည်းဥစ္စာထဲမှ အနှစ်ထုတ်ရမည်ဆိုလျှင် ဒါနသာရှိသည်ဟု သူတော်ကောင်းများမိန့်ကြသည်။ ယခုနှစ်ပွင့်လင်းရာသီမှာ မီးလောင်မှုတွေ တော်တော်များသည်၊ ဆုံးရှုံးမှုတွေလည်းများသည်။
"ပစ္စည်းနှင့်လူ ဤနှစ်ဆူ၊ စွန့်သူ၊ စွန့်ခံ၊ အပြန်အလှန်၊ သူကနိုင်မလား၊ ကိုယ်နိုင်မလား၊ စဉ်းစားဝေဖန်၊ ခွဲခြားရန်"ဟုဆိုသည်။ လူက ပစ္စည်းကိုစွန့်လျှင်စွန့်၊ လူက ပစ္စည်းကိုမစွန့်နိုင်လျှင် ပစ္စည်းက လူကိုစွန့်သွားတတ်သည်။ ကိုယ်ကသူ့ကိုမစွန့်လျှင် သူကကိုယ့်ကိုစွန့်သွားမှာ သေချာသည်။ကိုယ်က လက်ဦးမှုရယူဖို့လိုသည်။တစ်စတစ်စ နည်းနည်းချင်းစွန့်ရမည်။ နည်းနည်းချင်း စွန့်ရာကနေ များများစွန့်ရဲသော အကျင့်ရလာလိမ့်မည်။ နိဗ္ဗာန်ဟူသည် စာဂ-စွန့်ခြင်းဖြစ်သည်။ နည်းနည်း စွန့် နည်းနည်းနိဗ္ဗာန်၊ များများစွန့် များများနိဗ္ဗာန်၊ အားလုံးစွန့်လျှင်တကယ့် နိဗ္ဗာန်အစစ်ရောက်တော့သည်။
မျှရ၊ ဝေရမည်
လောကသားသည် လောဘသားကများသည်။လောဘကလည်း ၀ိသမလောဘတွေကများသည်။ လောကသားအနေနှင့် လောဘရှိတာ အပြစ်မပြောလို၊အပြစ်က ၀ိသမလောဘဖြစ်သည်။ ၀ိသမဟူသည် မမျှတခြင်းဖြစ်သည်။ အရာရာ၌ မျှမျှတတရှိကြလျှင် ဘာပြဿနာမှ ပေါ်မည်မဟုတ်၊ ပြဿနာဟူသည် ၀ိသမ-မမျှတမှုက နေလာသည်။
ထို့ကြောင့် လူနှင့်လူ့ဝန်းကျင် ငြိမ်းချမ်းစေဖို့ မျှ၍တွေးရမည်။ မျှ၍ ပြောရမည်။ မျ၍ လုပ်ရမည်။ မျှမျှတတ တွေးရမည်။ မျှမျှတတပြောရမည်။ မျှမျှတတလုပ်ရမည်။ မျှ၍ဝေ၍ ဒုက္ခနှင့်သုခမျှဝေ၍ မျှမျှတတ ခံစားကြမည်ဆိုပါလျှင် အားလုံးငြိမ်းငြိမ်း ချမ်းချမ်းရှိပါလိမ့်မည်။
@news-eleven
ထူး၍ ခြားနားပါစေသား -အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
မြန်မာစကားပုံများ၌ "ဒုံရင်း၊ ဒုံရင်း၊ တစ်ခါလာမဲပြာပုဆိုး၊ နောက် ဘုန်းကြီးနှစ်ချက်ခေါက်၊ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်တဲ့ကဲ။ ကျေးဇူးမတင် လင်မရ၊ ကုသိုလ်တစ်ပဲ ငရဲ တစ်ပိဿာ၊ နွားအိုကြီး အမော့သင်၊ ခွေးကြီးမှ လက်ပေးသင်၊ ခွေးကျိုးနှင့် ယုံလိုက်၊ စစ်ရောက်မှမြားချွန်၊ မိုးကုန်မှထွန်ချ၊သူခိုးပြေးမှထိုးကွင်းထ၊ သည်ပုပ်ထဲကသည်ပဲ" စသည် စသည် မြန်မာဆိုးရိုးစကားပုံတို့သည် တပေါင်း တန်ခူးအကြောင်း မထူး ဟူသော အဓိပ္ပါယ်ကို ဆောင်လျက်ရှိကြသည်။
"ထူး . . .မခြား. . . .နား . . . မီး . . .ရေ. . .စုံ . . . သား . .." ဟူသော ဓမ္မတေးသီချင်းကြီးကို အလှူပွဲတိုင်းလိုလိုမှာ ကြားခဲ့ရသဖြင့် သီချင်းအစပိုဒ်ကတော့ နားထဲမှာစွဲနေပါသည်။ သို့သော် ဘာကိုဆိုလိုမှန်း တော့ ကောင်းကောင်းမသိခဲ့၊ "ထူးမခြားနားဆိုတော့လည်း ထူးမခြားနားပေါ့" ဟူ၍သာ နှလုံးပိုက်ခဲ့သည်။
ကြီးလာမှ ထူးမခြားနားသီချင်းသည် ဘုရားရှင်၏ "ယမကပါဋိဟာရိယာ"ဥာဏ်တော်ကို ရေးဖွဲ့ထားကြောင်း သိရသည်။ နောက်တော့ ယင်းသီချင်းကို ကုန်းဘောင်ခေတ်က မြ၀တီမင်းကြီးဦးစ ရေးသားခဲ့ကြောင်း၊ ထို့အပြင် မြ၀တီမင်းကြီးသည် ယင်းထူးမခြားနားသီချင်းကို ပြင်သစ်သီချင်းသံစဉ်မှ ယူ၍ ကော်ပီပြန်ထားကြောင်း သိရပြန်သည်။
"သြော် ကော်ပီဆိုတာ ကုန်းဘောင်ခေတ်ကတည်းက ရှိခဲ့တာပါလား"ဟု တွေးမိသည်။
ဘုရားရှင်သည် သာဝကတို့နှင့် မဆက်ဆံ၊ မသက်ဆိုင်သော တန်ခိုးပြာဋိဟာကို ပြုတော်မူသည်။ ကိုယ်တော်အထက်ပိုင်းမှာ မီးအလျှံလွှတ်သည်။ အောက်ပိုင်းမှ ရေအလျဉ်ကို လွှတ်သည်။ အထက်ပိုင်းမှ ရေ၊ အောက်ပိုင်းမှ မီး၊ ထိုသို့ရေမီးအစုံ အစုံလွှတ်ခြင်းကို "ယမကပါဋိဟာရိယာ"ဟုခေါ်သည်။
ကိုယ်တော်၏ ရှေ့ဘက်မှ ရေအလျဉ်၊ နောက်ဘက်မှ မီးအလျှံ၊ ရေ မီးအစုံ၊ မျက်လုံးတော်နှစ်ဘက်မှရေမီး အစုံ၊ နားတော်နှစ်ဘက်မှရေမီးအစုံ၊ နှာခေါင်းတော်နှစ်ပေါက်မှရေမီးအစုံ၊ ပခုံးတော်နှစ်ဘက်၊ လက်တော်နှစ် ဘက်၊ နံပါးတော်နှစ်ဘက်၊ ခြေ ထောက်နှစ်ဘက်မှ ရေမီးအစုံလွှတ်သည်။
လက်ချောင်းတော်ဆယ်ချောင်း မှမီးအလျှံ၊ လက်ဆယ်ချောင်းကြား မှရေအလျဉ်၊ လက်တော်ကြားမှ မီးအလျှံ၊ လက်ဆယ်ချောင်းမှ ရေအလျဉ်၊ မွှေးညှင်းတော်တစ်ပင်မှ မီးအလျှံ၊ တခြားတစ်ပင်မှ ရေအလျဉ်၊ မွှေးတွင်းတော်တစ်ခုမှပင် မီးအလျှံ၊ တခြားမွှေးတွင်းတော်မှ ရေအလျဉ် လွှတ်သည်။
ထိုသို့ရေအစုံမီးအစုံ ယမကပါဋိဟာရိယာ တန်ခိုးပြာဋိဟာ ပြတော်မူရာနေ့သည် ၀ါဆိုလပြည့်နေ့ ဖြစ်သည်။ ဘုရားရှင်တာဝတိံသာ နတ်ပြည်သို့တက်၍ အဘိဓမ္မာခုနစ် ကျမ်းမဟောမီမှာ ထိုရေမီးအစုံ တန်ခိုးပြဋိဟာကို ပြတော်မူသည်။
ထူးမခြားနား မီးရေစုံသားဟူ သော အဓိပ္ပာယ်သည် ဘုရားရှင်၏ တန်ခိုးပြာဋိဟာ ရေမီးအစုံသည် သိပ်ပြီး မြန်ဆန်လွန်းသဖြင့် ရေနှင့်မီးနှင့် ရောနေသည်။ တစ်ခုတည်းကဲ့သို့ မြင်နေရသည်။ ထူးလည်းမထူး၊ ခြားနားလည်း မခြားနား၊ သို့မဟုတ် ထူးတော့ထူးသည်၊ သို့သော် မခြားနားဟူသော အဓိပ္ပာယ်ဖြစ်သည်။ ထူးလည်းမထူး၊ ခြားနားလည်းမခြားနား =ထူးမခြားနား၊ သို့မဟုတ် ထူးတော့ ထူးသည် မခြားနား=ထူးမခြားနား။
ကျေးဇူးတော်ရှင်တောင်မြို့ ဆရာတော်သည် "သူလိုကိုယ်လို နေရိုးနေစဉ်အတိုင်း(ထူးမခြားနား) နေနေကြရင်ဖြင့် သံသရာထဲမှ ဘယ်နည်းနဲ့မှ လွတ်မြောက်မှာမဟုတ်ဘူး" အစချီသော ဂါထာတစ်ပုဒ်ရေးခဲ့သည်။ ထိုဂါထာ၌ သာမညေနပုဒ် ကို အနက်ပေးရာတွင် "သူများနည်း သူ၊ သူ့မူမပျက်၊ လိမ္မာဟန်မျှ စံမပြ လောက်သေးပါမူကား"ဟူ၍ အနက် ပေးခဲ့သည်။ အဓိပ္ပာယ်က ထူးမခြား နားဟူ၍ဖြစ်သည်၊ ထူးမခြားနား သည်လိုပဲနေနေကြလျှင်ဖြင့် သံသ ရာမှ မလွတ်မြောက်နိုင်ဟုဆိုသည်။
လူအများစုသည် ဂုဏ်ကိုမက် ကြသည်၊ ဂုဏ်နောက်ကိုလိုက်ကြသည်။ ငွေကိုမက်ကြသည်။ ငွေနောက်ကို လိုက်ကြသည်။ ပကာသနကို မက်ကြသည်။ ပကာသနနောက် ကိုလိုက်ကြသည်၊ စည်းစိမ်ကို မက်ကြသည်၊ စမ်းစိမ်နောက်ကိုလိုက်ကြသည်။ ချမ်းသာကိုမက်ကြသည်၊ ချမ်းသာနောက်ကို လိုက်ကြသည်။ ထိုသို့လိုက်ရင်းလိုက်ရင်း နောက်ဆုံးလျှာထွက်ကာ အသက်ပါထွက်တော့သည်။
ယမန်နေ့ကလည်း သည်စိတ်၊ ယနေ့လည်းသည်စိတ်၊ မနက်ဖြန် လည်းသည်စိတ်၊ ယမန်နေ့ကလည်း သည်အတိုင်း၊ ယနေ့လည်းသည် အတိုင်း၊ မနက်ဖြန်လည်းသည်အတိုင်း၊ သို့ဆိုသော် ဘာထူးလဲ၊ ဘာ မျှမထူး၊ ဘာတွေခြားနားလဲ၊ ဘာမျှ မခြားနား၊ "သြော် . .ထူး. . မခြား.. နား . ."။
မိမိသန္တာန်၌ရှိသော ယမန်နေ့ က လောဘ ဒေါသ မောဟ အတ္တ မာန တွေ ယနေ့လျော့သွား၊ နည်းသွား သလား။ မလျော့၊ မနည်းပါ။ မနက်ဖြန်မှာရော လျော့သွား၊ နည်းသွားမှာလား။ မထင်၊ "သြော် . . ထူး . . မခြား. .နား . ."။
ယမန်နေ့ကထက် ယနေ့မှာ သီလသမာဓိအားတွေ ပို၍ကောင်းလာသလား၊ စိတ်ထားသဘောထားတွေ ပို၍ကြီးမြတ်လာပါသလား၊ မေတ္တာဓာတ်၊ ဂရုဏာဓာတ်တွေပို၍ ကောင်းလာသလား၊ စိတ်ထားသဘောထား တွေပို၍ ကြီးမြတ်လာပါသလား၊ မေတ္တာဓာတ်၊ ဂရုဏာဓာတ်တွေပို၍ ပြည့်ဝလာပါသလား၊ အမြင်တွေပို၍ ကြည်လာပါသလား၊ အသိတွေပို၍ စူးရှလာပါသလား၊ ဘာမျှတိတိပပ မပြောနိုင်၊ ဘာမျှ အာမဘန္တေမခံနိုင်။ "သြော်. . ထူး . .မခြား . .နား . . "။
မိမိတို့သည် ယခုကဲ့သို့ ဗုဒ္ဓဘာသာနှင့် တွေ့ခိုက်ကြုံခိုက်၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိတွေလည်း ရှင်သန်ခိုက်၊ ဒါနတွေကိုလည်း သူတကာထက် ပိုမိုထူးကဲ၍ ပြုသင့်သည်၊ သီလကိုလည်း ထူးကဲ၍ ကျင့်သုံးထိုက် သည်။ လွတ်ရာလွတ်ကြောင်း၊ ကျွတ်ရာကျွတ်ကြောင်း ၀ိပဿနာအလုပ်ကိုလည်း ထူးထူးခြားခြား ကြိုးစားအားထုတ်လိုက်သည်။
"ထူးလျှင် ထူး၊ မထူးလျှင် ရူး" ဆိုသည့်အတိုင်း ကုသိုလ်ပါရမီ လုပ်ငန်းတွေကို ထူး၍ ခြားနား၍ ထူးထူး ခြားခြား၊ မကြိုးစားလျှင်ဖြင့် လောဘ ဒေါသစသည့် ကိလေသာမီးတွေ ၀ိုင်းခံနေရသည့် "အရူးမီးဝိုင်း" ဘ၀မျိုး တွေလွတ်မြောက်ဖို့ရာ မရှိချေ။ သို့ဖြစ်၍ သံသရာဝဋ်မှလွတ်ဖို့၊ ကျွတ်ဖို့၊ အရူးမီးဝိုင်းဘ၀မျိုးမှ လွတ်ဖို့၊ ကျွတ်ဖို့၊ သူများနည်းတူ၊ သူ့မူမပျက်၊ သူ့ထက်မသာမဟုတ်ဘဲ သူများထက် ထူး၍ခြားနား၍ ကုသိုလ်ကောင်းမှုကြိုး စားပြုလျက် ထူး၍ခြားနားပါစေသား။
မှန်ကန်သော စိတ်ထားသည် ဘ၀အနေအထားကို မြင့်သည်ထက် မြင့်အောင် မြှင့်တင်ပေး၏။
မှားယွင်းသော စိတ်ထားသည် ဘ၀အနေအထားကို နိမ့်ကျသည်ထက် နိမ့်ကျအောင် နှိမ့်ချ၏။ (ဓမ္မပဒ)
@Eleven Media Group
စွန့်ဖို့လား၊ စားဖို့လား-အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
မြန်မာတို့သည် အလှူရေစက် လက်နှင့်မကွာ ဟူသကဲ့သို့ သူ့ရာသီနှင့်သူ ၀ါဆိုလည်း ၀ါဆိုမို့၊ ကထိန်လည်းကထိန်မို့ လှူကြတန်းကြသည်။ သားရှင်ပြုပွဲ၊ ဒုလ္လဘရဟန်းခံပွဲစ သည်ဖြင့်လည်း အလှူအတန်းပြုကြသည်။ 'ဒါနံ နာမ ပရိစ္စာဂ လက္ခဏံ' ဟုဆိုသည့်အတိုင်း အလှူဒါနဟူသည် စွန့်ခြင်းပင်ဖြစ်သည်။
အလှူဒါနပြုရာ သက်ဆိုင်ရာ ကျောင်းတိုက်များသို့ လူနှစ်မျိုးလာသည်ကို တွေ့ရသည်။ တစ်မျိုးက စွန့်ဖို့လာသူများဖြစ်သည်။ တစ်မျိုးက စားဖို့လာသူများ ဖြစ်သည်။အလှူရှင်များက စွန့်ဖို့လာကြသည်။ ဖိတ်ကြားထားသည့် ဧည့်သည်များက စား ဖို့လာကြသည်။ သို့သော် စွန့်သူနှင့်စားသူ နှစ်ဦးနှစ်ဝ ကြည်ကြည်ဖြူဖြူ ရှိသဖြင့် စားသူ၌ မည်သည့်ပြောဆိုဖွယ်ရာမျှမရှိပေ။ စားသူသည် စားစေချင်လို့ လာစားခြင်းဖြစ်သည်။
စွန့်စားဟူသော မြန်မာဝေါဟာရ၌ စွန့်သာစွန့်၍ မစားသူများရှိသည်။ မစွန့်ဘဲနှင့်စားသူများလည်း ရှိသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများလည်း ရှိသည်။ မစွန့်လည်းမစွန့်၊ မစားလည်းမစားသူများလည်း ရှိသည်။ စွန့်တာက နည်းနည်း စားတာက များများ ဆိုသူများလည်း ရှိနိုင်သည်။ စွန့်သာစွန့်၍ မစားသူများသည် အာဇာနည်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မစွန့်ဘဲနှင့်စားသူများသည် အတ္တသမားများ ဖြစ်ကြသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများသည် သာမန်လူကောင်းသူ ကောင်းများ ဖြစ်ကြသည်။ မစွန့်လည်းမစွန့်၊ မစားလည်းမစားသူများသည် သာမန် အညတရလူများ ဖြစ်ကြသည်။ သူတို့သည် မစွန့်သော်ငြား မစားသည့်အတွက် မည်သည့် ပြဿနာမျှမရှိ။
မဟာပုရိသ-ယောက်ျားမြတ်၊ ပုရိသာဇည-ယောက်ျားအာဇာနည်ဟူသော ပုဂ္ဂိုလ်များ ရှိကြသည်။ ယောက်ျားမြတ်၊ ယောက်ျားအာဇာနည်တို့၏ အလုပ်သည် စားဖို့မဟုတ်၊ စွန့်ဖို့သာဖြစ်သည်။ ယောက်ျားမြတ်တို့၏ သဘော၌စားဖို့မရှိ၊ စွန့်ဖို့သာရှိသည်။ ယောက်ျားအာဇာနည်တို့၏ နှလုံးသား၌ စားဖို့မရှိ၊ စွန့်ဖို့သာရှိသည်။
ယောက်ျားအာဇာနည်သည် ဒုလ္လဘတစ်ပါး ဖြစ်သည်။ အာဇာနည်ယောက်ျားမြတ်သည် အခါခပ်သိမ်း၊ နေရာခပ်သိမ်း ဖြစ်ပေါ်နိုင်သည်မဟုတ်၊ ကာလဒေသ အကန့်အသတ်ရှိသည်။ အကြင်အခါ၊ အကြင်အရပ်၌ ယောက်ျားအာဇာနည် တစ်ယောက် ပေါ်ပေါက်လာသည်ရှိသော် ထိုအခါ ထိုဒေသသည် ချမ်းသာခြင်းသို့ ရောက်တော့၏။ ဓမ္မပဒ၌ ဘုရားဤသို့ဟောခဲ့သည်။
စွန့်သာစွန့်၍ မစားသူများသည် အာဇာနည်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မစွန့်ဘဲနှင့် စားသူများသည် အတ္တသမားများ ဖြစ်ကြသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများသည် သာမန် လူကောင်းသူကောင်းများ ဖြစ်ကြသည်။
အာဇာနည်ဟူသည်မှာ ရတောင့်ရခဲ ဒုလ္လဘတစ်ပါး ဖြစ်သည်။ အကြောင်းကား လောက၌ မစွန့်ဘဲနှင့် စားချင်သူ၊ စွန့်လည်းစွန့်၊ စားလည်းစား ဆိုသူက များနေသောကြောင့်ပင်။ လောက၌ သာသနာ့အာဇာနည်၊ ဘာအာဇာနည်၊ ညာအာဇာနည် စ သည်ဖြင့် လွယ်လွယ်လေး အမွှမ်းတင်နေကြသည်။ အာဇာနည်ဟူသည် စွန့်နိုင်သူမှ ဖြစ်သည်။ ဂုဏ်ကိုလည်း စွန့်နိုင်ရမည်။ လာဘ်ကိုလည်း စွန့်နိုင်ရမည်။ ပကာသန-ထင်ပေါ်ကျော်ကြားမှုကိုလည်း စွန့်နိုင်ရမည်။ ထိုသုံးမျိုးကို မုတ္တစာဂ-လွတ်လွတ် စွန့်နိုင်မှ အာဇာနည်ဖြစ်သည်။
အာဇာနည်ဟူသည် အာဇနီယ၊ အာဇာနေယျဟူသော ပါဠိကနေ ဆင်းသက်လာသည်။ အာဇာနည်ကို မြန်မာအဘိဓာန်က ဖွင့်ရာတွင် 'အကြောင်းဟုတ်သည်၊ မဟုတ်သည်ကို ကောင်းစွာသိသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူ'ဟု ဖွင့်သည်။
ဘုရားဟော ပါဠိတော်အရ အာဇာနည်ပုဂ္ဂိုလ်ဟူသည် ကိုယ်ကျင့်သီလ ပြည့်စုံရမည်။ စာရိတ္တမဏ္ဍိုင် ကျောက်စာတိုင်ကဲ့သို့ မြဲခိုင်ရမည်။ ဘက်လိုက်မှုကင်း၍ တရားမျှတရမည်။ အဂတိတရားများ ကင်းရှင်းရမည်။ လောဘစွန်း၊ ဒေါသစွန်းများ မထွက်စေရ၊ ကိုယ်ကျိုးစွန့်နိုင်ရမည်။ အများအတွက်ဆိုလျှင် အသက်ကိုပင် စွန့်နိုင်ရမည်။
ဝီရိယကောင်းရမည်။ ဇွဲကောင်းရမည်။ ဦးတည်ချက်ပန်းတိုင် ပြတ်သားရမည်။ ဦးတည်ချက်ပန်းတိုင်သို့ မရောက်မချင်း မရပ်မနေ ပြင်းပြင်းထန်ထန် ကြိုးစားဆောင်ရွက်ရမည်။ အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတ ပြည့်စုံရမည်။ မိမိနှင့်အတူ မိမိနှင့်သက်ဆိုင်သူအားလုံးအတွက် စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ဖူလုံပြည့်စုံအောင် ဖန်တီးဆောင်ရွက်ပေးနိုင်ရမည်။
အာဇာနည်၏ အဓိပ္ပာယ်မှာ မည်သည့်ကိစ္စမဆို ရွပ်ရွပ်ချွံချွံ လုပ်ကိုင်ဆောင်ရွက်နိုင်သော ဇွဲသတ္တိရှိသူပင် ဖြစ်သည်။ ဘားနပ်ရှောက ''ပါရမီရှင်ဆိုသည်မှာ သူတကာထက်ပို၍ ခံနိုင်ရည်သတ္တိ ရှိသူပင်ဖြစ်သည်။ သူတကာက လမ်းခုလတ်တွင် အား လျော့သွားသည့် အလုပ်ကို ပြီးစီးအောင် လုပ်နိုင်သော ဇွဲသတ္တိရှိသူပင်တည်း'' ဟုဆိုခဲ့သည်။
'အာဇာနည်စိတ်'ဟု ခေါ်ထိုက်သည့် စိတ်မျိုးကား အဘယ်နည်း။ ကြီးကျယ်လှသော စိတ်မျိုးမဟုတ်ပါ။ ခိုင်မြဲသော စိတ်မျှသာဖြစ်ပါသည်။ ဇွဲသတ္တိသည် ခိုင်မြဲသော စိတ်ဓာတ်၊ ခိုင်မြဲသော စိတ်ဓာတ်သည် အာဇာနည်စိတ် ဖြစ်သည်။ ထို စိတ်ဓာတ်အ တွက် အရေးကြီးဆုံးအချက်က ရည်ရွယ်ချက်ပင်ဖြစ်သည်။ အာဇာနည်စိတ်ရှိသူသည် မိမိဘာကိုလို၍ ဘာကိုလုပ်ရမည်ကို သိသည်။ ရည်ရွယ်ချက် တိတိကျကျ ရှိသူဖြစ်သည်။ မိမိဘယ်စခန်းသို့ ရောက်အောင်သွားမည်ဟု စိတ်ပိုင်းဖြတ်ပြီးသူ ဖြစ်သည်။
ကျွန်ုပ်တို့ အားလုံး၌ စိတ်ဓာတ်အင်အားရှိသည်။ အာဇာနည်စိတ်ရှိသည်။ ထိုစိတ်ဓာတ်အင်အားမှာ စည်းရုံးခြင်း မရှိသေးသဖြင့် အင်အားနှင့်မတူအောင် ပျော့ညံ့ညံ့ဖြစ်နေလေ့ ရှိသည်။ အင်အားစည်းရုံးမှုရှိမှ ခိုင်မာသန်စွမ်းလာပေမည်။ ရည်ရွယ်ချက် ပြတ်ပြတ်သားသားရှိခြင်းသည် အင်အားစည်းရုံးမှုကို ဖြစ်စေသည်။ တစ်ခုခုကို မရမကလိုချင်နေလျှင် ရရမည် ဧကန်ပင်။ မရမက လိုချင် စိတ်(၀ါ)ပြင်းပြသော အာသာဆန္ဒ(၀ါ) ပြတ်သားသောရည်ရွယ်ချက် ရှိဖို့လိုပေသည်။ ရည်ရွယ်ချက်ကောင်းကောင်းရှာပါ။ ရည်ရွယ်ချက်ကောင်းသလောက် အာဇာနည်စိတ်ဓာတ် အဆင့်အတန်းမြင့်လာမည်။ အာဇာနည်စိတ် ဖွံ့ဖြိုးသလောက် အဆင့်အ တန်းမြင့်မည်။
အာဇာနည်စိတ် ထွန်းကားရေးတွင် မိမိကိုယ်ကိုယ်ယုံကြည်မှုသည် အရေးကြီးသည်။ အာဇာနည်စိတ်၏ ရေသောက်မြစ်မှာ ထူးခြားသော ရည်ရွယ်ချက်နှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်လေးစားမှု၌ တည်ရှိသည်။ ရည်ရွယ်ချက်နှင့်အတူ မိမိကိုယ်ကို အသုံးဝင်သူဟု ထင်မြင်မှုသာ စွဲစွဲမြဲမြဲရှိပါမူ အာဇာနည်စိတ် ပေါ်ထွန်းလာပေမည်။
ရင့်သန်သော ပါရမီဆိုသည်မှာ အခြားမဟုတ်။ ခိုင်မာသောဇွဲ၏ အမည်ဝေါဟာရတစ်မျိုးပင် ဖြစ်သည်။ အောင်မြင်ရန် နည်းလမ်းမှာလည်း ယင်းဇွဲပင်ဖြစ်သည်။ အာဇာနည်စိတ် မွေးမြူရာ၌လည်း တည်ကြည်သော စိတ်ဖြင့် အလုပ်ကိုသာ စွဲစွဲမြဲမြဲလုပ်၍ ကျင့်ရပေသည်။ ပါရမီရင့်သန်သူတို့၏ တည်ကြည်ခိုင်မာသောစိတ်ကို မည်သည့်ကံ၊ မည်သည့်ကြမ္မာ၊ မည်သည့်ကုသိုလ်အကုသိုလ်မျှ တားဆီးခြင်းငှာ မစွမ်းနိုင်။
အာဇာနည်စိတ်သည် ကိုယ်ကျင့်တရား၏ အင်အားမျှသာ ဖြစ်ပေသည်။ ထက်မြက်သော စိတ်၏တန်ခိုးနှင့် ရင့်သန်သော ပင်ကိုဉာဏ်တို့မှာ တန်ခိုးကြီးသူတို့၏ အသက်သွေးခဲပင် ဖြစ်ပေသည်။ စိတ်၏တန်ခိုးကို မှန်းဆ၍ မရနိုင်။ လွန်စွာကြီးမားလှ၏။ လောကကြီးတွင် စိတ်တည်ကြည်ထက်သန်သော သူတို့အဖို့ မဖြစ်နိုင်သောအရာဟူ၍ မရှိသလောက် ရှားပါးလှ၏။
အာဇာနည်၏ အမှတ်လက္ခဏာ များစွာထဲတွင် အခြေခံအကျဆုံး အချက်ကတော့ စွန့်နိုင်ခြင်းပင်ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်တိုင်းသည် အများတွယ်တာမက်မောသော အရာအားလုံးကို စွန့်နိုင်ကြသူချည်းပင် ဖြစ်သည်။
လောကကြီးသည် ပထမတန်းစားဉာဏ်ရည်ကို မလိုလှချေ။ ပထမတန်းစား 'ဇွဲ' ကိုသာ လိုပေသည်။ အာဇာနည်ဆိုသည်မှာ မည်သည့် အခက်အခဲများနှင့် တွေ့ကြုံနေသော်လည်း သံမဏိကဲ့သို့ ခိုင်မာတည်ကြည်သော စိတ်ထားနှင့် တွေ့ကြုံရသမျှ အ ခက်အခဲများကို ဂရုမပြုဘဲ အတင်းနှိမ်နင်းပစ်လိုက်ပြီးလျှင် မိမိလုပ်ရင်းအလုပ်ကို ပြီးမြောက်အောင်မြင်နိုင်သူကိုသာ ဆိုလိုသည်။ (အာဇာနည်စိတ်၊ တက်တိုး)
အာဇာနည်၏ အမှတ်လက္ခဏာများစွာထဲတွင် အခြေခံအကျဆုံးအချက်ကတော့ စွန့်နိုင်ခြင်းပင်ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်တိုင်းသည် အများတွယ်တာမက်မောသော အရာအားလုံးကို စွန့်နိုင်ကြသူချည်းပင်ဖြစ်သည်။ ဘုရားအလောင်းတော်သည် သူယောက်ျားမြတ် ဖြစ်ကြောင်း၊ ယောက်ျားအာဇာနည်ဖြစ်ကြောင်းကို ဥစ္စာ၊ ကိုယ်အင်္ဂါ၊ သားသမီး၊ ဇနီး၊ အသက်ဟူသော စွန့်ခြင်းကြီးငါးပါးကို စွန့်ပြ၍ သက်သေသာဓက ထူခဲ့သည်။
စွန့်စားဟူသည့်အတိုင်း လောက၌ စွန့်သူတို့သာ စားကြရသည်မှာ ဓမ္မတာ ဖြစ်သည်။ စွန့်လည်းစွန့်၊ စားလည်းစားဆိုသည်မှာ သဘာဝကျပါသည်။ တရားမျှတပါသည်။ ပြဿနာက မစွန့်ဘဲနှင့် စားခြင်းကြောင့် ပြဿနာအထွေထွေ ပွေရခြင်း ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်တို့ကတော့ စားလိုစိတ်မရှိဘဲ စွန့်လိုစိတ်သာ ရှိကြသည်။ မိမိတို့ အသီးသီး ဆိုင်ရာဆိုင်ရာအလုပ်တွေကို လုပ်နေကြသည်။ လုပ်ဖို့ ဟန်ပြင်နေကြသည်။ 'စွန့်လိုစိတ်နှင့်လား၊ စားလိုစိတ်နှင့်လား၊ စွန့်ဖို့လား၊ စားဖို့လား' ဆိုတာကတော့ မိမိကိုယ်ကို ပြန်မေးရလိမ့်မည်။ စွန့်ဖို့ဆိုလျှင် ပရဟိတဖြစ်သည်။ စားဖို့ဆိုလျှင် အတ္တဟိတ ဖြစ်သည်။ နိရောဓသစ္စာကို 'စာဂေါ- စွန့်ခြင်း၊ ပဋိနိဿဂ္ဂေါ-လွတ်လွတ်ကျွတ်ကျွတ်စွန့်ခြင်း' ဟု ဖွင့်သည်။ စွန့်ခြင်းသည် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်း ရာ နိရောဓသစ္စာ ဖြစ်သည်။ စားခြင်းသည် ကာမသုခလ္လိကာနုယောဂ အကျင့်ဖြစ်၍ အစွန်းတစ်ဖက်ထွက်သည်။ အလှူပွဲလာသူ သို့မဟုတ် ကျားချသူ၏ အတွေးမျိုးနှင့်တော့ အများအကျိုးသယ်ပိုးလို့ မဖြစ်ပြီ။
@Eleven Media Group
Diary
ီDiary လေးကို မရေးဖြစ်တာလဲ ကြာပြီ..
ပစ်ထားတာလဲ ကြာပြီ...ဘလော့ထဲက..
songs တွေရဲ့ link တွေတောင်အလုပ်မလုပ်တော့ဘူး..
ခုမှပဲကြည့်မိတယ်..အင်း..
link လေးတွေ upload တင်ဖို့တော့ ပျင်းနေသေးတယ်..
ဒီနေ့မှ Computer ရှေ့မှာ.....
စိတ်ထဲမှာ အဟောင်းတွေထဲက ဘာတွေပစ်ရင်ကောင်းမလဲ..
မရေးဖြစ်တဲ့ ဒိုင်ယာရီလေးကို ကြည့်ရင်း..
တွေးနေရင်း..ဒိုင်ယာရီ ဘလော့လေးကို Template အဟောင်းလေးကို
ပစ်ပြီး အသစ်လေးကို သုံးလိုက်ဖြစ်တယ်..
လန်းတော့လန်းသွားသလိုပဲ..
စိတ်ထဲမှာရော ဒိုင်ယာရီလေးရောပေါ့....
အချစ်အိမ်
ဖြိုးသာရ ကအချစ်ကို အိမ်လေးနဲ့နိုင်းတယ်..
တကယ်ပါ..အချစ်ဆိုတာ အိမ်ကလေးတစ်လုံးလိုပါပဲ..
ထာဝရ ခိုင်မြဲအောင်တည်ဆောက်ဖို့လိုတဲ့ အိမ်လေးပါပဲ..
..
အချစ်ဆိုတာ အိမ်ကလေးတစ်လုံးလိုပါပဲ။
'အိမ်' ရယ်လို့ ပီပြင်လာဖို့ လိုအပ်ချက်တွေ အများကြီးရှိတယ်မဟုတ်လား။
'အချစ်' ရယ်လို့ ပီပြင်လာဖို့လည်း အများကြီးလိုအပ်တာပေါ့ ချစ်သူ။
အိမ်တစ်အိမ်ဟာ လုံခြုံရမယ်။
အချစ်ဟာလည်း လုံခြုံရမယ်လေ။
အိမ်မှာ အမိုးရှိရမယ်။ ဘာနဲ့ပဲမိုးမိုးပေါ့။ မိုးမစို နေမထိအောင်တော့ အုပ်မိုးပေးရမှာပေါ့။
အချစ်မှာလည်း အမိုးရှိဖို့လိုတယ်။ အဲဒါ ခံနိုင်ရည်အမိုးပဲ။ ပူချင်သလောက်ပူစမ်းပါစေ။ မိုးတွေလည်း
သဲကြီးမဲကြီး ရွာချစမ်းပါစေ။ မှုစရာမလိုဘူးလေ။
အိမ်မှာ အကာရှိရမယ်။ အကာအရံမရှိတဲ့ အိမ်ဟာလေတိုက်ခံရမှာပဲ။ မိုးလည်းပက်မှာပဲ။ အလွယ်တကူ
ဝင်ထွက်နိုင်တာမို့ ရန်သူအမျိုးမျိုး ရင်ဆိုင်ရလိမ့်မယ်။
အချစ်မှာလည်း အကာရှိဖို့လိုတယ်။ အဲဒါကတော့ သစ္စာပါပဲ။ သစ္စာနဲ့ကာရံထားတဲ့ အချစ်အိမ်ကို
ဘယ်လိုအနှောင့်အယှက်မျိုးတွေမှ ဝင်မလာနိုင်ဘူးမဟုတ်လား ချစ်သူရယ်။
အိမ်မှာ ခိုင်မာတဲ့ ကြမ်းခင်းရှိရမယ်။ ညီညာရမယ်။ ချောမွတ်ပြောင်လက်နေသင့်တယ်။ အနင်းခံနိုင်ဖို့
လိုတယ်ချစ်သူ။
အဲဒီလိုပဲ အချစ်မှာလည်း ညီညွတ်ဖြူစင်ပြီး ခိုင်မာတဲ့ စိတ်ဓာတ်ကြမ်းခင်းရှိရမယ်။ ကြမ်းကျွံရင် နူတ်လို့
လွယ်တယ်ဆိုပေမယ့် အနာတရတော့ ဖြစ်မှာပဲလေ။ ကြမ်းခင်းပေါ်မှာ အမှိုက်သရိုက်နဲ့တူတဲ့ အတွေးဆိုးတွေ
မရှိအောင် ရှင်းလင်းနေရမယ်။
အိမ်ကလေးရဲ့ အခြေခံ အုတ်မြစ်ခိုင်ခံ့ဖို့လည်းလိုတာပဲပေါ့။ မြင့်ချင်လေလေ၊ အိမ်တိုင်ကို နက်နက်စိုက်
ရလေလေ။
အချစ်ကိုလည်း ကြာရှည်တည်မြဲစေဖို့ နက်နဲတဲ့ ရည်မှန်းချက်နဲ့ ကြိုးစားတည်ဆောက်ရမယ်ချစ်သူ။
အိမ်ကလေးတင့်တယ်လှပဖို့ အဆင်တန်ဆာတွေနဲ့ ဖြည့်ဆည်းကြရတယ်။ ရေမီးပြည့်စုံအောင် ဖန်တီး
ရတယ်။ အဆောင်အယောင်တွေနဲ့ ဖွဲ့စည်းရတယ်။ တစ်သက်လုံး စုဆောင်းဖြည့်စွက်နေကြရမှာပဲလေ။
အဲဒီလိုပဲလေ အချစ်အိမ်ကလေးကိုလည်း တင့်တယ် လှပနှစ်လိုဖွယ် အရည်အချင်းတွေရှိဖို့ တစ်ဘဝလုံး
ကြိုးစားကြရမှာပေါ့ ချစ်သူရယ်။
အချစ်ဆိုတာ အိမ်ကလေးပါပဲ။ သာယာချမ်းမြေ့ ပြည့်စုံတဲ့ အိမ်လှလှလေး ဆောက်ကြမယ်နော်ချစ်သူ။
အချစ်တစ္တေ
ဖြိုးသာရ ရဲ့ အချစ်...ဖြစ်ပါစေ..မှတ်စုထဲက
အချစ်တစ္တေ နဲ့ အချစ်အိမ် ကိုသဘောကျမိတယ်...
..
လူတွေက တစ္ဆေအခြောက်ခံရမှာ ကြောက်ကြသတဲ့။
ရှင်သန်စဉ်တုန်းကတော့ ချစ်လိုက်တာ။
'ချစ်လိုက်ရတာ
ချစ်လွန်းလို့ပါ
တစ်သက်လုံး ချစ်မှာပါ
သေသည့်တိုင် ချစ်မှာပါ' တဲ့။
တကယ်တမ်းကျတော့ ကြောက်လိုက်တာ။
အချစ်တစ္ဆေခြောက်လို့ အိပ်မပျော်နိုင်ဘူးဆိုပဲချစ်သူ။တရားကျစရာ အကောင်းသားနော်။
အချစ်ဆိုတာ တစ္ဆေတဲ့လား။
ဟုတ်ပါပြီလေ။
တစ္ဆေဆိုစေဦးတော့ တို့က မကြောက်ပါဘူး။
မျှော်လင့်စွာ စောင့်စားချင်တယ်။
အတိတ်က ချစ်သူနဲ့ ကြည်နူးပျော်ရွှင်စွာ ချစ်ခဲ့ရတဲ့ ဘဝ။ အတိတ်က ချစ်သူရဲ့ သာယာနာပျော်ဖွယ်
စကားများ။အတိတ်က ချစ်သူရဲ့ နူးညံ့သိမ်မွေ့သော အကြင်နာ။
ပြန်သာရပါစေ ချစ်သူရယ်။
အတိတ်တစ္ဆေကို လက်ကမ်းကြိုဆိုပါ့မယ်။
တကယ်တော့ တစ္ဆေဆိုတာ အရိပ်၊အငွေ့၊ဝိညာဉ် ပဲမဟုတ်လားချစ်သူရယ်။ ချစ်သူရဲ့ အရိပ် အငွေ့ကို
ပြန်လည်ခံစားရခြင်းဟာ ချစ်သူတွေအတွက် မင်္ဂလာရှိပါတယ်။
ဝိညာဉ်ဆိုတာ စိတ်ပဲလေ။
ချစ်သူရဲ့ ဝိညာဉ်စိတ်ကလေးဟာ ချစ်သူသေဆုံးသွားမှ တို့အနားကို ရောက်လာနိုင်တာမှ မဟုတ်ဘဲ။
ချစ်သူရှိနေရာ တစ်နေရာရာက စိတ်ဝိညာဉ်ကလေး စေလွှတ်ပေးလို့ ရနိုင်တာပဲ။
အိပ်ပျော်နေတဲ့အခါ ဖြစ်ဖြစ်ပေါ့။
တို့ဆီ အလည်လာခဲ့ပေါ့။ အချစ်ဝိညာဉ်လေးရယ်။ တို့က တစ္ဆေရယ်လို့ ထိတ်လန့်နေမှာ
မဟုတ်ပါဘူး။
နှလုံးသားထဲအထိ ဝင်ခွင့်ပြုမှာပါ။
မဆုံနိုင်ကြသေးတဲ့ ဒီဘဝမှာ အချစ်ကို ဝိညာဉ်တစ္ဆေလေး ဖြစ်စေချင်ပါတယ်။
အိပ်မက်ထဲ ညညလာခဲ့ပါ။
အတွေးထဲ ခဏခဏ လာခဲ့ပါ။
အချစ်နဲ့ထိတွေ ခွင့်ရတဲ့ အဲဒီ့ကာလတွေကို တမ်းတမျှော်လင့်နေပါတယ်။
ဒါကြောင့် ... ချစ်သူရေ။
တို့ ... ညကိုချစ်တယ်။
နံနက်ခင်းတွေကို ကြောက်တယ်။
အချစ်မဲ့စွာ ကုန်ဆုံးရမယ့် နေ့ခင်းတွေအစား အချစ်တစ္ဆေနဲ့အတူ ကြည်ဖြူကြမယ့် သန်းခေါင်ယံ
ညတွေကို တောင့်တမိတယ်။
တစ္ဆေချောက်လှည့်ပါ ချစ်သူရယ်။
ဟာသ
တစ်ခါက လူတစ်ဦးဟာ နောက်ဆုံးပေါ်လေယာဉ်တစ်စင်းပေါ် လိုက်ပါစီးနင်းခဲ့တယ်။ လေယာဉ်စီးရင်း ရုတ်တရက် သူ့ဗိုက်နာလာခဲ့တယ်။ အမျိုးသား အိမ်သာတွေ ပြည့်နေခဲ့လို့ အမျိုးသမီး အိမ်သာမှာ သုံးခွင့်ပေးဖို့ လေယာဉ်မယ်ဆီ သူခွင့်တောင်းလိုက်တယ်။ လေယာဉ်မယ်က စစချင်းမှာ ခွင့်မပြုပေမယ့် နောက်ဆုံးမှာ ဝေဒနာခံစားနေတဲ့ သူ့ကို မကြည့်ရက်လို့ အသုံးပြုခွင့် ပေးလိုက်တယ်။ ဒါပေမယ့် အိမ်သာထဲမှာရှိတဲ့ ခလုတ်တွေကို လျှောက်မနှိပ်ဖို့ သူ့ကိုသေသေချာချာ မှာလိုက်တယ်။
ဗိုက်နာတဲ့လူက အိမ်သာထဲ အပြေးဝင်သွားတယ်။ ပြဿနာကို ဖြေရှင်းပြီး နေသာထိုင်သာရှိသွားတာနဲ့ အိမ်သာပတ်ဝန်းကျင်ကို သူစူးစမ်းမိတယ်။ အိမ်သာအိုးရဲ့ ဘေးမှာ ခလုတ်သုံးခု ရှိပြီး ခလုတ်ပေါ်မှာ HW၊ HA၊ ATR လို့ ရေးထားတာကို သူတအံ့တသြတွေ့လိုက်မိတယ်။ နောက်ဆုံးပေါ် လေယာဉ်ဖြစ်တဲ့အတွက် တစ်ခုခုတော့ ထူးခြားမှုရှိမှာပဲဆိုပြီး လေယာဉ်မယ်ရဲ့ သတိစကားကို အမှုမထားတော့ဘဲ HW ကို သူနှိပ်ကြည့်လိုက်တယ်။ ခလုတ်နှိပ်လိုက်တာနဲ့ အိမ်သာအိုးအနောက်ကနေ ရေနွေးတွေ ပန်းထွက်လာခဲ့တယ်။ HW ဆိုတာ Hot Water လို့ သူသိလိုက်တယ်။
အဲဒီနောက် ဆက်ပြီး ဒုတိယခလုတ် HA ကို သူနှိပ်လိုက်တယ်။ သူ့တင်းပါးတစ်ခုလုံး နွေးခနဲ့ ခံစားလိုက်မိတယ်။ HA ဆိုတာ Hot Air လို့ သူသိလိုက်တယ်။
အဲဒီလိုနဲ့ တတိယခလုတ် ATR ရဲ့ အဓိပ္ပါယ်ကို သူသိချင်လာမိတာနဲ့ ခလုတ်ကို နှိပ်ချလိုက်တယ်။ ရုတ်တရက် သူ့အောက်ပိုင်းတစ်ခုလုံး ထုံကျင်လာပြီး နေရာမှာပဲ သူမေ့လဲသွားခဲ့တယ်။ သူသတိရလာချိန် လူနာကုတင်ပေါ် သူလဲလျောင်းနေခဲ့တယ်။ နပ်စ်မက စိတ်မကောင်းတဲ့ပုံစံနဲ့
"ရှင် သတိရလာပြီလား... အနာသက်သာရဲ့လား"
"ကျွန်တော် ဘယ်လိုဖြစ်ရတာလဲဗျာ.. အိမ်သာတက်ရာကနေ ကျွန်တော်ဘယ်လိုလုပ် ဒီရောက်လာခဲ့ရတာလဲ"
ယောင်အမ်းနေတဲ့ ကိုယ်အောက်ပိုင်းကိုကိုင်ပြီး အဲဒီလူ နားမလည်စွာမေးတယ်။ လေယာဉ်မယ်က ဝင်ပြီး ရှင်းပြလိုက်ပါတယ်။
"ရှင် ATR ဆိုတဲ့ခလုတ်ကို နှိပ်လိုက်လို့လေ.. အဲဒီခလုတ်က Automatic Tampon Remover ခလုတ်ပါ"
Automatic Tampon Remover - မိန်းကလေး အသုံးအဆောင်ပစ္စည်းအား အလိုအလျောက် ဖယ်ရှားပေးသောစက်
@ mail
စိတ်ညစ်မှာစိုး
လမ်းခွဲနူတ်ဆက် နေကြတဲ့ ချစ်သူနှစ်ဦးရဲ့ခံစားချက် ကိုရေးထားတဲ့
Lလွန်းဝါနဲ့ဆူဇီရဲ့ .......
ဒီသီချင်းလေး ...........ကို နားထောင်ဖြစ်နေပြန်ပြီ..
စိတ်ညစ်မှာစိုး
ကြယ်ရောင်ပျောက်သော ကိုယ့်ရဲ့ညတွေထဲ မခိုလုံချင်နဲ့ နွေးထွေးမှု မရှိဘူး
မရေရာနိုင်တဲ့ ကိုယ့်ရဲ့နေ့တွေထဲ ကြင်နာသူလေး စိတ်ညစ်ရမှာပဲ
အခြေအနေတွေခြားနေတယ် သေချာတာတော့ ဝေးကြရမှာပဲ
ယုံကြည်မျှော်လင့်ခြင်းတွေလည်း တကယ်တမ်း လက်တွေ့တော့ မလွယ်ဘူး
ချစ်သူလေး ....
အမှောင်တွေဝေတဲ့ လောက လမ်းတွေထဲ အတူတူလျှောက်လှမ်းသွားဖို့မဖြစ်နိုင်ဘူး
နှောင်တွယ်နေတဲ့ တို့ရဲ့ လက်တွေလည်း ဒီချိန်မှာတော့ ရှေ့ဆက် မမြဲသင့်ဘူး
တကယ်ဆိုရင် အချစ်ဆိုတာ သေချာတာတော့ ဘဝနဲ့ တခြားစီပဲ
အရာရာ ရင်ဆိုင်သွားချင်လည်း စိတ်ကူးထဲကလောက် မလွယ်ဘူး
ချစ်သူလေး .....
နူတ်ဆတ်ပါတယ် ထွက်သွားတော့ မင်းမျက်ဝန်းက မငိုနဲ့တော့
ချစ်ခဲ့တာတွေ မေ့ထားတော့ ကိုယ့်ရဲ့ အနားနား မလာနဲ့တော့
အိပ်မက်တွေရယ် ချန်ခဲ့တော့ မင်းဘဝမင်းပဲ လျှောက်လှမ်းတော့
မသာယာတဲ့ ကိုယ့်ဘဝနေ့များထဲ မလှမ်းခဲ့ပါနဲ့ ချစ်သူလေး
ပြန်ဆုံစရာလမ်း နောက်ထပ် မရှိတော့ဘူး
ရည်ရွယ်ချက်များ တစ်ခုမှ ဖြစ်မလာဘူး
မျှော်နေခွင့်လည်း တို့အတွက် မရှိတော့ဘူး
ကံကြမ္မာကိုပဲ အပြစ်ဖို့ရင်း ကိုယ်ရူး
ဘယ်သူ့ကိုအရင်ဖိတ်မလဲ
တခါက အိမ်ရှင်မတဦးသည် အိမ်ရှေ့တွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုသုံးဦး
ထိုင်နေသည်ကို တွေ့လိုက်မိသည်။ ထိုအဘိုးအိုများကို သူမသိပေ။
"အဘိုးတို့ကို ကျွန်မ မသိဘူး။ဒါပေမဲ့ အဘိုးတို့ ဆာနေလောက်မယ်ထင်တယ်။
အိမ်ထဲဝင်ပြီး တခုခု သုံးဆောင်ပါဦးလား" ဟု သူမ လောကွတ်ပြုသည်။
"အိမ်ရှင်ယောက်ျားရှိနေလား" အဘိုးအိုက မေးသည်။
"မရှိဘူး...အပြင်သွားလိုက်တယ်"
"ဒါဆို အဘိုးတို့ အိမ်ထဲကို ၀င်လို့မရသေးဘူး"
ညနေ လင်ယောက်ျား ပြန်လာသောအခါ အိမ်ရှင်မက အကြောင်းစုံကို ပြောပြလိုက်သည်။
"ကိုယ်အိမ်ရောက်နေပြီပဲ...သူတို့ကို ပြန်သွားဖိတ်လိုက်ပါဦး"
အိမ်ရှင်မက အဘိုးအို သုံးဦးအား အိမ်ထဲဝင်ခဲ့ဖို့ ဖိတ်ခေါ်ပြန်သည်။
"အဘိုးတို့ သုံးယောက်စလုံး အိမ်တအိမ်ထဲကို ပြိုင်တူဝင်လို့ မရဘူး"
"ဘာဖြစ်လို့လဲ...အဘိုး" အိမ်ရှင်မက တအံတသြနှင့် မေးသည်။
"သူ့နာမည်က ဓနဥစ္စာတဲ့" အဘိုးအိုတဦးက အခြားတဦးကို ထိုးပြပြီးပြောသည်။
ဆက်၍ "သူကတော့ အောင်မြင်ခြင်း၊ အဘိုးက ချစ်ခြင်းမေတ္တာ၊ အိမ်ထဲကို
ဘယ်သူအရင် ၀င်ရမလဲဆိုတာ တူမလေးယောက်ျားနဲ့ အရင်
သွားတိုင်ပင်ကြည့်လိုက်ဦး"
အိမ်ရှင်မမှာ အိမ်ထဲဝင်ပြီး လင်ယောက်ျားကို အကြောင်းစုံ ပြောပြပြန်သည်။
"အော်.. ဒီလိုကိုး... ဒါဆိုရင် ဓနဥစ္စာကို အရင်ဆုံးဖိတ်လိုက်ရအောင်"
"ဘာဖြစ်လို့ အောင်မြင်ခြင်းကို အရင်မဖိတ်တာလဲ" အိမ်ရှင်မက အတွန့်တက်သည်။
"ချစ်ခြင်းမေတ္တာကို အရင်ဆုံး ဖိတ်လိုက်ရင် မကောင်းဘူးလား"
ထောင့်တနေရာတွင် ထိုင်ပြီး သူတို့ပြောသော စကားကို နားထောင်နေသည့်
ချွေးမဖြစ်သူက အကြံပြုသည်။
"အင်း....ကောင်းတယ်။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်" ချွေးမ၏ အကြံကို
သူတို့ထောက်ခံလိုက်ကြသည်။ "ချစ်ခြင်းမေတ္တာကို အရင်ဖိတ်ပါတယ်။ အိမ်ထဲကို
ကြွပါ" အိမ်ရှင်မက ဖိတ်ခေါ်လိုက်သည်။ ချစ်ခြင်းမေတ္တာဟုသော အဘိုးအိုက
အိမ်ထဲဝင်သည်နှင့် ကျန်အဘိုးအို နှစ်ဦးက လိုက်ဝင်လာသည်။
" သုံးယောက်လုံး ပြိုင်တူဝင်လို့ မရဘူးဆို ကျွန်မက သူ့ကိုပဲ
အရင်ဖိတ်လိုက်တာ။ အဘိုးတို့က ဘာလို့ လိုက်ဝင်လာရသလဲ"
"တကယ်လို့ တူမက ဥစ္စာဓန သို့မဟုတ် အောင်မြင်မူကို အရင်ဖိတ်ရင်
ကျန်တဲ့နှစ်ဦးက လိုက်ဝင်လို့မရဘူး။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်ဆိုရင်
သူဘယ်ကိုသွားသွား ကျန်တဲ့နှစ်ဦးက လိုက်ကိုလိုက်ရတယ်။ ဘယ်နေရာမှာဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာဆိုတာ ရှိရင် ဥစ္စာဓနနဲ့ အောင်မြင်မူ ဆိုတာလည်း ရှိမှာပဲ"
အဘိုးအို တဦးက ရှင်းပြသည်။
မချစ်နဲ့တော့
မချစ်နဲ့တော့............
ဖြေသိမ့်စရာ အဖြေမရှိတော့..
မချစ်နဲ့တော့.............
တိမ်တိုက်လို ထွက်သွားတော့..
ဒီထက်ပိုရင်ခုန်ရင်း.
ဒီထက်ပိုကြေကွဲခြင်းနဲ့
တို့တွေ့လိမ့်မယ်.
မင်းလွတ်လပ်တဲ့ဆီသွားပါ..
မချစ်နဲ့တော့............
မဆိုင်သူတွေလိုနေမယ်...
ခြားနားခြင်း သိပ်များတယ်..
တို့နီးစပ်ဖို့တော့ သိပ်ခက်နေတယ်..
ပျော်ရွှင်စွာ ဘဝခရီးသစ်ဆက်ကြမယ်..
နောင်တစ်ချိန်မှာဖြူစင်စွာပြန်တွေ့မယ်....
မချစ်နဲ့တော့
vocalist :ကိုကိုမောင်
Type the rest of your post here.
Hanya Kau Yang Mampu
Title..Hanya Kau Yang Mampu
Vocalist..Aizat
တိတ်တိတ်ကလေး
ကြုံဆုံခဲ့တဲ့..
အမှတ်တမဲ့အဖြစ်လေးတွေ
အချိန်ရှိတိုင်းလည်း..
အမှတ်တရလို..
ရင်ထဲ.
ချည်နှောင်ထားသော သူရဲ့အရိပ်ကလေးလို...........
တိတ်တိတ်ကလေး
Vocalist:ကြိုးကြာ
တသက်လုံးအတွက်
တစ်နေ့လုံးလည်း..
မင်းအတွက်ရင်ခုန်မယ်..
တစ်ညလုံးလည်း..
အိပ်မက်တွေမက်မယ်..
တစ်မိုးအောက်မှာ ချစ်တာတစ်ယောက်ထဲပဲ..
တစ်သက်လုံးအတွက်..
ချစ်ခွင့်ပြုတော့ကွယ်...
ဟိုးအဝေးက.............
မင်းရယ်သံလေးရယ်
ဟိုးအဝေးက.............
မင်းရဲ့အကြည့်လေးရယ်
ဟိုးအဝေးက.............
မင်းပုံရပ်လေးရယ်
ဟိုးအဝေးက.............
မင်းရဲ့ချစ်ခြင်းရယ်
အေးမြစွာကို့ရင်ထဲ စီးဆင်းလာဖို့
ဘယ်လောက်စောင့်ရဦးမလဲ....။
တသက်လုံးအတွက်
vocalist:စိုင်းလိတ်
ကိုယ်ပျောက်မိစ္ဆာ
ကိုယ်ပျောက်မိစ္ဆာ
စိမ်းစိမ်းမြမြ
ဒေါသလက်ရွန်း
မျက်ဝန်းကလေး…..သင်။
မုန်းမုန်းမြေ့မြေ့
အပြုံးသွေ့ နွမ်း
နှုတ်ခမ်းကလေး…..သင်။
ခိုးခိုးခစ်ခစ်
အပြစ်ဖွဲ့ ဟန်
မဲ့ သံကလေး…..သင်။
ဆူဆူလောင်လောင်
ရန်ထောင်ခြေဆောင့်
ဖနောင့်ကလေး….သင်။
တွေးတွေးတိတ်တိတ်
စိတ်ကောက်ကျောပေး
နောက်ကျောကလေး….သင်။
ဒေါသမျက်ဝန်း
အမုန်းနှုတ်ခမ်း
ရယ်သွမ်းမယ့်ဟန်
ရန်ထောင်ခြေထောက်
စိတ်ကောက်ကျောပြင်
မိစ္ဆာ….သင်။
ချစ်ခင်သူတို့ ထမင်းပွဲ
ချစ်ခင်သူတို့ အသင်းထဲကို
သင်းကွဲမှောက်လှန်
ခလောက်ဆန်ဖို့ 
(သင် ဘယ်သူထံက…..)
ထောက်ခံစာယူခဲ့ ပါသလဲ။
မောင်ခိုင်မာ
--------------------------------------------------------------------------------
ဆရာမောင်ခိုင်မာ ရဲ့ကဗျာလေးတစ်ပုဒ်သွားတွေ့တယ်.။အဲကဗျာလေးကို ၉တန်းလောက်က ဖတ်ခဲ့ဖူးတာ.
(အဲတုန်းက ကဗျာကို သိပ်ဝါသနာမပါသေးဘူး..ရည်းစားစာရေးတာ အဆင်ပြေအောင် ကဗျာလေးတွေလိုက်ဖတ်နေတုန်း)
သဘောကျလို့ ဒိုင်ယာရီထဲမှာတောင် မှတ်ဖူးပြီး..အလွတ်တောင်ရခဲ့တယ်..ခု နောင်တော်တစ်ယောက်ရေးထားတာ တွေ့လို့
ဘလော့ဂ်လေးထဲ ပြန်ထည့်လိုက်တာ..။
Type the rest of your post here.
ကိုယ်ပိုင်ဆိုင်တဲ့ကိုယ့်နေရာ
ကို ပြန်လာမယ်..
ငွေစင်ကြယ်တွေ တိုင်တည်ရင်း
အိမ်အပြန်လမ်း မင်းရှိရာ ..
မှန်းဆပြီး ပြန်လာမှာ..
ကြင်နာသူရင်ခွင်မှာ
ခိုဝင်နားဖို့..
ကြိုနေပါ..။
ရင်မှာမေးချင်နေသောစကား
အရင်လို ကို့ကိုချစ်သေးလား....
မင်းဆီမှာရှိသေးလားချစ်သူရာ..
သိမ်းထားတဲ့..
အသည်းတစ်နေရာ..
အမြဲတမ်း..
ကိုနေဖို့ပါ...
ဟိုအရင်ချိန်..
ရည်းစားဘဝကိုပဲလွမ်းတယ်...
ကြာလာရင် ..
ဒို့နှစ်ယောက်ဝေးမှာစိုး...........
အချစ်ဆုံးအတူနေကြစို့..............။
ဒီသီချင်းရဲ့မှုရင်းက တရုတ်သီချင်းလေး.မှုရင်းသီချင်းကလည်း တော်တော်နားထောင်လို့ကောင်းတယ်..ရှင်ဖုန်း ပြန်ဆိုထားတယ်။.သီချင်းလေးရဲ့စာသားလေးကို အရမ်းသဘောကျတယ်..အမြဲနားထောင်ဖြစ်တယ်..
ကိုယ်ပိုင်ဆိုင်တဲ့ကိုယ့်နေရာ
vocalist:ရှင်ဖုန်း
လူထုဦးလှ သို့မဟုတ် တစိမ့်စိမ့် အပြုံးရှင်
လူထုဦးလှ သို့မဟုတ် တစိမ့်စိမ့် အပြုံးရှင်
၁။
ခါတိုင်းလိုပါပဲ။ သံတံခါးနီကြီးရှေ့ ရပ်ပြီး တံခါးကို အသာအယာ ဆွဲဖွင့်ပြီး ပြန်စေ့၊ ထို့နောက် မြက်ခင်းစိမ်း နုလေးပေါ် ဖြစ်လျှောက်၍ စာကြည့်တိုက် တံခါးဝ အရောက်တွင် လက်နှိပ်စက်သံ တဖြောက်ဖြောက်ကို ကြားလိုက်ရသည်။
တိတ်ဆိတ်ခြင်းတို့ မင်းမူနေသော စာကြည့်တိုက်ထဲတွင် စာကြည့်တိုက်မှူး၊
လက်ထောက် စာကြည့်တိုက်မှူးတို့ကလည်း သူတို့ရဲ့ နေ့စဉ် အလုပ်နှင့် သူတို့ မအားလပ်ကြ။ မိမိကလည်း ထုံးစံအတိုင်း ထိုင်နေကျ ခုံလေးတွင် ၀င်ထိုင်ပြီး ဖတ်လက်စ စာအုပ် တချို့ကို သွေးနွေးသွားအောင် မိတ်ဆက်ရပြန်သည်။
သိပ်မကြာခင်မှာပဲ မိမိလည်း စာကြည့်တိုက်ကြီးထဲမှ အစိတ်အပိုင်း တစ်ရပ် ဖြစ်သွားခဲ့ပြီ။ တိတ်ဆိတ်ခြင်း အင်ဂျင်ဖြင့် ခုတ်မောင်း နေသော စာကြည့်တိုက်ကြီးထဲမှာ မိမိလည်း စီးမျော သွားခဲ့ရပြီဖြစ်သည်။ စာကြည့်တိုက်နှင့် ဝေးနေခဲ့ရသော ရက်စွဲများတွင် “စာဖတ်ခြင်း”ဆိုသော အလုပ်က လုပ်စရာ မလိုဘူးဟူ၍တောင် စိတ်ဝယ် ထင်နေခဲ့မိသည်။နေ့စဉ် မြို့ပြရဲ့ ကတ္တရာ လမ်းမပေါ် သူသူကိုယ်ကိုယ် ပြေးပြေးလွှားလွှား ကိုယ့်စားကျက်ကိုယ် ရှာနေရ စဉ်မတော့ စာကြည့်တိုက်ဆိုတာ သူတစိမ်းပမာ ဖြစ်ခဲ့ရဖူးသည်။ တသီးတသန့် အချိန်ရအောင် ယူပြီး စာကြည့်တိုက်ထဲ သွားထိုင်ဖြစ်လျှင်တော့ ဖတ်စရာ၊ မှတ်စု ထုတ်စရာ၊ ရေးချင်စရာတွေ မနည်းမနော ထုထည်ကြီးနှင့်ပါလား။
မြေညီထပ်တွင် မဂ္ဂဇင်း မျိုးစုံက သံစင်ကြီးများနှင့် အပြည့်အမောက်၊ တချို့မဂ္ဂဇင်းများဆို သူ့နေရာလေး တစ်နေရာရဖို့ မျက်နှာငယ်လေးဖြင့် တောင်းဆို နေရတာ မြင်နေရပြန်သည်။ အုတ်သား လှေကားထစ် အတိုင်း ပထမထပ် တက်သွားလိုက်ပြန်လျှင် စာအုပ် ပင်လယ်ကြီးက လှိုင်းတံပိုးထလျက် မိမိကို လက်ယက် ခေါ်နေပြန်သည်။
အနား တိုးကပ်ကြည့်လိုက်လျှင် စစ်ကိုင်း ဦးဘိုးသင်း၊ မြမျိုးလွင်၊ ရွှေဥဒေါင်း၊ မင်းကျော်၊ မောင်ထင်၊ စောဦး၊ ဒဂုန်တာရာ၊ မြသန်းတင့်၊ အောင်လင်း၊ ဒေါက်တာသန်းထွန်း၊ မောင်နေ၀င်း၊ သခင်ကိုယ်တော်မှိုင်း၊ မောင်မဲ၊ ဇ၀န၊ သိန်းဖေမြင့်၊ ဂျာနယ်ကျော်မမလေး၊ ခင်နှင်းယု၊ မိုးမိုး(အင်းလျား)၊ ဒဂုန်နတ် ရှင်၊ ဆန်းထွန်း(မန်းတက္ကသိုလ်)၊ တိုက် စိုး၊ သုခ၊ ဇော်ဂျီ၊ မင်းသုဝဏ် စာအုပ် စင်ကြီးတွေကို ရှေ့ကကြည့်လိုက် နောက်ကျောဘက်က ကြည့်လိုက်ဖြင့် မောလှပါပြီ။ ဖတ်စရာတွေ၊ ဖတ်စရာတွေ တောင်ပုံရာပုံ။ ဒုတိယထပ်မှ တတိယ ထပ်သို့ ခပ်ဖွဖွ တက်ဖြစ်ခဲ့ပြန်ပြီ။
သားရေနက်ဖုံးကြီးများဖြင့် အခန့်ချုပ် ထားသော လက်တစ်တောင်မက ရှည်လျားပြီး လစဉ်အလိုက် သေသပ် ကျနစွာ စည်းနှောင် ချုပ်လုပ်ထားသော သတင်းစာကြီးများ ပေါင်းချုပ်။အဟောင်းအမြင်း ရနံ့က ကြိုင်လွင့် ပျံ့သင်းနေသည်။ သမိုင်း စာမျက်နှာများကို ပြောပြနေသည့် ထိုသတင်းစာကြီး များကို အသာအယာပင် လှန်လှောပြီး တစ်ရွက်ချင်း၊ တစ်ရွက်ချင်း ခပ်ဖွဖွ။ စာရွက်ခတ်သံ၊ လွန့်သံတို့ကိုပင် ကျယ်ကျယ်လောင်လောင် ကြားနေခဲ့ရသည်။ နီနီရဲရဲ စာလုံးလေးက ထင်းခနဲ ပေါ်လာသည်။ လူထု...လူထုဂျာနယ်၊ လူထု သတင်းစာ...နှစ်ပရိစ္ဆေဒ ကြာမြင့်မှု၊ မှုန်ဝါးမှု အတိတ်ကားချပ်များအောက်မှ ရုန်း ထလာသည်၊ လာနေသည်ဟု စိတ်ဝယ် ထင်မြင်နေရသည်။
၂။
၁၉၉၀ နှင့် ၁၉၉၅ ကြားကာလ၊ မန္တလေး တက္ကသိုလ် ကျောင်းသား ဘ၀က မိမိဆရာ ဦးစိန်သီးဦးနှင့် ညစဉ်လိုလို တက္ကသိုလ် ထိပ်နားက ကာချိုဆိုင်လေး မှာ ထိုင်ဖြစ်ကြသည်။ စကားဦးတည့် ရာပြောရင်း စနေစာပေ၀ိုင်း အကြောင်းသို့ စကားဆိုက်သည်။ ဆရာက စီးကရက်တစ်ဖွာ မျှဉ်းရှိုက်ပြီး လူထု ဦးလှ (သို့မဟုတ်)
ဦးလေးလှ အကြောင်း ပြောပြတတ်သည်။ “ကိုယ် ရတနာပုံ သတင်းစာ ဂဏန်း ၁၊ အတွဲ ၁ ကိုတွေ့တော့ ဟံသာဝတီ သတင်းစာတိုက်၊
စနေစာပေ၀ိုင်းမှာ MA ကျောင်းသားဆိုတာ ဒီလိုမှပေါ့လို့ ဦးလေးလှက ကိုယ့်ပခုံးကို ကိုင်ပြီး ပြောခဲ့တဲ့ စကားသံ အခုထိ ကြားယောင်နေတုန်းပဲကွာ”
ဆက်ပြီး ဆရာက ပြောပြန်သေးသည်။
“တစ်နေ့ ဘယ်သူက ပါမောက္ခကို ချွန်တွန်းသွား လုပ်လည်း မသိပါဘူးကွာ။ ကိုယ့် သတိပေး ခံခဲ့ရတယ်။ မင်း ဒေါက်တာ သန်းထွန်းရဲ့ ကျောက်စာသင်တန်း သွားတက်တယ်။ လူထုဦးလှ ဒေါ်အမာတို့အိမ် ရေထွက် မတတ်သွားနေတယ်။ စာရေးတာတောင် စကားပြောသလို လိုက်ရေး နေတယ်နဲ့ ပြောကြတယ်။
လူထု ဦးလှတို့က လူကောင်း၊ လူတော်တွေကွ။ စိတ်ကောင်း နှလုံးကောင်းလည်း ရှိကြတယ်။ သူတို့ ဘေးက လူတချို့ကိုတော့ မင်းကြည့်ပေါင်း နိုင်ငံရေးတွေ၊ ဘာတွေ သွားမရှုပ်နဲ့ ကြားလား” ဆရာ့ရဲ့ပါမောက္ခက ပုဂ္ဂိုလ်စွဲသာ ရှိခဲ့ရင်၊ အမြင် မကြည်လင်ခဲ့ရင်၊ အသိအမှတ်ပြု မထားခဲ့ရင်၊ လူထုဦးလှတို့ရဲ့ သဘောထားတွေကို မထောက်ခံခဲ့ရင် ဆရာတို့ MA ဘွဲ့ရခဲ့ကြမှာ မဟုတ်ဘူးဆိုတာပါ ဆရာက ဖြည့်စွက် ပြောသွားခဲ့သည်။ တက္ကသိုလ် ၀င်းထဲရှိ တမာ တောအုပ်မှ တမာရနံ့ သင်းပျံ့သော လေပြည်ညင်းက အချိန်အခါမဲ့ တိုက်ခတ်သွားသည်။ ဆရာနှင့် ဆုံတိုင်း လူထု ဦးလှ၊ လူထု ဒေါ်အမာတို့ အကြောင်း စဉ်ဆက်မပြတ် ကြားနေခဲ့ရသည်။ ခက်သည်က မိမိ ဘ၀မှာ လေ့လာခဲ့သော စာပေ အများစုမှာ လုံးချင်း ၀တ္ထုများ၊ ရသကဲ လွှမ်းသော ဆောင်းပါးများ အဖတ်များ ဖြစ်ခဲ့တော့ အမှန်အတိုင်း ၀န်ခံရလျှင် လူထု ဒေါ်အမာ၏ ပြည်သူ ချစ်သောနှင့်သာ ရင်းနှီးဖူး ပြီး ဦးလေးလှ၏ စာများကို တရှိုက်မက်မက် မဖတ်ဖြစ်ခဲ့ခြင်းကိုတော့ ၀န်ခံလိုပေသည်။
ကောင်းပြီ၊ ဒါဆို လူထုဦးလှနှင့် ပတ်သက်ပြီး ဘယ်မှာ သွားငြိသနည်း ဆိုတော့ လူထု ချစ်သမျှ လူထု ဦးလှထဲက မိမိ အလွန် အင်မတန်မှ အားကျ ကြည်ညိုရသော ဆရာ မြသန်းတင့်၏ ဦးလှလျှောက်ခဲ့သော လမ်းပင် ဖြစ်သည်။ ဆရာ မြသန်းတင့်က လူထုဦးလှ၏ SKETCH ကို “ဦးလှရုပ်ပုံလွှာသည် ပန်းစကြာ မှန်ပြောင်းကို ကြည့်ရသလို အရောင်အသွေးအစုံ၊ အနေအထားစုံသည့် ရုပ်ပုံလွှာ ဖြစ်ရာ ဦးလှ အကြောင်းကို ထောင့်စုံအောင် မရေးနိုင်ပါ။
ဦးလှသည် ကြီးပွားရေး မဂ္ဂဇင်းကို ထုတ်ဝေသူ၊ တည်းဖြတ်သူအနေဖြင့် နယ်ချဲ့ဆန့်ကျင်ရေးနှင့် ခေတ်ပြောင်းတော်လှန်ရေးကို မျိုးစေ့ ချခဲ့သူတစ်ဦး။ ထိုမျှမက ခေတ်စမ်း စာပေလောကနှင့် အပြင် စာပေလောကတို့ကို လည်း ပေါင်းစည်း ပေးနိုင်ခဲ့သူ တစ်ဦး ဖြစ်သည်။
နောက်ကားချပ်မှာ ဂျာနယ် ဆရာ၊ သတင်းစာဆရာ ဦးလှ။ ဦးလှက လူထု ဂျာနယ် ထုတ်သည်။ ထိုမှစ၍ ကြီးပွားရေး ဦးလှဟူသော အမည် ပျောက်ကာ လူထု ဦးလှဟူသော အမည်ကို ရလာသည်။ ထို့နောက် လူထု သတင်းစာ ထုတ်ဝေသည်။ စင်စစ် ဦးလှသည် ပျားတစ်ကောင်ကဲ့သို့ အလွန် အလုပ်များသူ ဖြစ်သည်။ သတင်းစာ ထုတ်တုန်းကလည်း သတင်းစာသမား တို့ထုံးစံ ခေါင်းကြီးရေးရ၊ ကြေးနန်း သတင်းတည်းဖြတ်ရ၊ နယ်သတင်းတွေ လည်း တည်းဖြတ်ရနှင့် အားရသည်ဟူ၍ မရှိ။ သတင်းစာ ရပ်လိုက်သည့် အခါတွင်လည်း လူမှုရေး ကိစ္စတွေ တစ်ပုံ တစ်ပင်၊ လူအိုရုံ ကိစ္စ၊ ဆေးရုံ ကိစ္စ၊ မြို့ကိစ္စ၊ ရပ်ရွာ ကိစ္စတွေနှင့် အမြဲ အလုပ်များ နေတတ်သည်။ ထိုသို့ အလုပ်များနေ သည့်ကြားမှ လာသမျှ ဧည့်သည်ကိုလည်း ဧည့်ဝတ် ကျေအောင် လုပ်နိုင်သေးသည်။ ဦးလှ အကြောင်း ရေးလျှင် လူမှု ကောင်းစားရေးကို ရှေ့ရှု ဆောင်ရွက်သည့် ပရဟိတ ၀ါဒီတစ်ဦး အနေဖြင့် ရေးလျှင် ရေးစရာတွေ အများကြီး။
ကျွန်တော်သည် လူတစ်ယောက်ကို ကြည့်မြင်ရာတွင် ၇၀^ ၃၀ စံချိန်ဖြင့် ကြည့်ပါသည်။ လူတစ်ယောက် ၇၀ ရာခိုင်နှုန်း ကောင်းပြီး ၃၀ ရာခိုင်နှုန်းဆိုး လျှင် ထိုလူသည် လူကောင်း။ လောကတွင် ပြည့်စုံသည် ဟူ၍ မရှိပါ။ ဦးလှ တွင် ချွတ်ယွင်းချက်၊ အားနည်းချက်များ ရှိကောင်း ရှိပါလိမ့်မည်။ သို့ရာတွင် ထိုအားနည်းချက်၊ ချွတ်ယွင်းချက်များ သည် ၃၀ ရာခိုင်နှုန်းပင် မရှိပါ။ ဦးလှ၏ အားကောင်းချက်သည် ၇၀ ရာခိုင်နှုန်း ထက် အများကြီး ပိုပါသည်” ဟူ၍
တို့ထိထားခဲ့သည်။
လူထုဦးလှ ဆိုသူမှာ ဤသို့ပါတကားဟု စတင် စိတ်ဝင်စား လာခဲ့ရသည်။ တစ်ရက် မြို့ထဲရှိ လမ်းဘေး တက္ကသိုလ်မှ စာအုပ်တစ်အုပ် ရသည်။ လူထုဦးလှ၏ လေနှင့်အတူ ဆိုသည့် စာအုပ်။ ဦးလှသည် ပုဒ်မ ၅ ဖြင့် အဖမ်းခံနေရစဉ် ထောင်တွင်း၌ လူငယ် တစ်ဦးနှင့်သိကျွမ်း၍ အနာဂတ် လူငယ်များ အကျိုးအတွက် ထိုလူငယ်၏ ဘ၀ ဇာတ်ကြောင်းကို ပြောခိုင်းသည်။ ထိုအခါ လူငယ်က သူ၏ အိမ်ပြေးဘ၀၊ အလစ်သုတ်သမား ဘ၀၊ ဖောက်ထွင်း ခါးပိုက်နှိုက် ဘ၀၊ ဖဲရိုက်၊ ဆေးခြောက် ရှူပြီး ထောင်အကြိမ်ကြိမ် ကျသော အဖြစ်များ၊ သမာအာဇီဝ အလုပ် အနည်းငယ်သာ လုပ်ပြီး ဒုစရိုက် ကျူးလွန်မှုများဖြင့် လွင့်မျောနေသောဘ၀ကို ရေးဖွဲ့ထားသော ၀တ္ထု ဖြစ်နေသည်။ မိမိမှာ ထိုဝတ္ထု ဖတ်ပြီး ပတ်ဝန်းကျင်ကို အလန့်တကြား ကြည့်မိခဲ့သည်။ ဘ၀ဆိုတာ ဒါမျိုးတွေ လည်း ရှိနေတာပါလားဟု အသိရလိုက် သည်။ ထိုစာအုပ်လေး သွားလေရာ တကိုင်ကိုင်ဖြစ်နေစဉ် ဦးလေးသန်းညွန့် က လူထုဦးလှ ထောင်ထွက်လာတော့
ထောင်စာအုပ် ၉ အုပ်ပါလာခဲ့တယ်ကွ ဟု ဆိုရာ မိမိမှာ ကျန်သည့် ထောင် စာအုပ်များကို လိုက်စုဆောင်းရပြန် သည်။
ဤသို့ဖြင့် မန္တလေးမြို့ လမ်းဘေး တက္ကသိုလ်များမှ ထောင်နှင့် လူသား ထပ်ရပြန်သည်။ ထိုစာအုပ် တွင် ထောင်ကျ ၁၂ ယောက်တို့၏ ဘ၀ကို မိဘမျိုးရိုးမှ စ၍ လူ့ဘ၀ ရောက်လာပုံ၊ ပညာသင်ယူပုံ၊ လူ့လောကတွင် ကြီးပြင်း လာခဲ့ရပုံ စသည်တို့ကို မေးမြန်း မှတ်သားခဲ့ပြီး မူရင်းအတိုင်း အသေး စိတ်တင်ပြထားသည်။ ထိုထောင်ကျ များထဲမှ “ကိုသုခ” ကို ယနေ့တိုင် အမှတ်ရ နေမိသည်။ ဗိုလ်ချုပ်အောင် ဆန်းတို့ကို ဦးစော လုပ်ကြံရာတွင် ပါဝင်ခဲ့သူ အကြောင်း ဖြစ်နေသည်။
ထို့ နောက် “အမြ”၊ အမြကတော့ အချစ် ဆန်းကြောင့် သေဆုတောင်းခဲ့သူ ဖြစ်နေ ပြန်သည်။ သို့ဖြင့် လူထုဦးလှ၏ ထောင် စာအုပ် ၂ အုပ် ဖတ်ခွင့်ရလိုက်ပြီ။ လှောင်ချိုင့်တွင်းမှ ငှက်ငယ်များကိုတော့ မျက်နှာဖုံးပင် မပါတော့ဘဲ အနှောင့်များ ပြုတ်ထွက်လျက် ညဈေးတန်းမှ ရလိုက်ပြန်သည်။ ဇနီးနှင့် သားသမီး များသို့ ထောင်တွင်းမှ ပေးစာများကို ကျုံးဘေး စာကြည့်တိုက်မှ ငှားရမ်း ဖတ်ရှုခဲ့ရသည်။ ဦးလှ ရန်ကုန်ထောင်ကြီး၌ ၁၉၅၃ အောက်တိုဘာ ၇ ရက်မှ ၁၉၅၇
ဇန်န၀ါရီ ၁၄ ရက်ထိ ၃ နှစ်ကျော် အဖမ်းခံ နေရစဉ်အတွင်း မန္တလေးရှိ ဇနီးနှင့် သားသမီးများထံသို့ ပေးပို့သော စာ စုစုပေါင်း ၅၁ စောင်ကို စုပေါင်းပုံနှိပ် ထားခြင်းဖြစ်သည်။ ဖတ်ခဲ့ရသော စာအုပ်များထဲမှ တစ်မူ ဆန်းသစ်သော စာအုပ်လေးဟု မှတ်မှတ်သားသား ဖြစ်နေခဲ့ရပြန်သည်။ အားလုံး ကောင်းကြရဲ့လား၊ ရဲဘော်နှင့် မောင်ကြီးနှမ၊ စစ် အချစ်နှင့်ထောင် သုံးအုပ်ကို တစု တစည်းတည်း လမ်း ၃၀၊ ဒေါင်းအိုးဝေ စာပေမှ ရလိုက်သည်။ ထောင်စာအုပ် များက
ဖတ်လက်စ ဖြစ်နေ၍ ထိုသုံး အုပ်ကို ဆက်တိုက် ဖတ်ဖြစ်ခဲ့သည်။ ရဲဘော်နှင့် မောင်ကြီးနှမတွင် ဗမာ့ လွတ်လပ်ရေး တပ်မတော်သို့ ၀င်ရောက်ပြီး တိုင်းပြည် လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်ခဲ့သော မြိတ်မြို့နယ်က လူငယ် ရဲဘော်တစ်ဦးနှင့် မန္တလေး မြို့ဈေးချိုဆိုင် တစ်ဆိုင်က မိန်းမပျို တစ်ဦးတို့၏ အချစ် ဇာတ်လမ်းလေး ဖြစ်နေသည်။
ထူးခြားချက်က ထိုဝတ္ထု ထဲတွင် ရှေးဟောင်းမြန်မာ့ စစ်တိုက် နည်းများနှင့် မင်းတုန်းမင်း၊ သီပေါမင်း ခေတ် နန်းတွင်း အရေးတော်ပုံများ အကြောင်း ပါဝင် နေပြန်သည်ကို မှတ်သားခွင့် ရလိုက်ပြန်သည်။ စစ်အချစ်နှင့် ထောင်မှာ ဗြိတိသျှ အစိုးရခေတ် ၁၉၃၀ တစ်ဝိုက် ဆိုးဝါးသော စီးပွားရေး စနစ်အောက်တွင် တောင်သူ လယ်သမားများ ဘေးဒုက္ခ ရောက်ကြရပုံများ၊ စစ်ဘေးဒဏ်ခံကြရပုံများ၊ စစ်ပြေး ဒုက္ခသည်များနှင့် အိန္ဒိယသို့ ထွက်ပြေးကြပုံ များနှင့်
လမ်းခရီးတွင် ဒုက္ခ ရောက်ကြ ရပုံများ၊ ဒုက္ခများ ကြားထဲမှ တွေ့ကြုံဆုံ ကွဲရသော လူငယ် တစ်ဦး၏ အချစ်ရေး၊ ထိုလူငယ် ဓားပြမှု ကြီးဖြစ်ပွားကာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ် ပေးခံရ၍ ရန်ကုန်ထောင်ကြီး အတွင်း၌ တွေ့ကြုံ ခံစားရပုံများ အပြင် “ထောင် ဝေါဟာရ”အချို့ကို ပုံနှင့်တကွ ရှင်းပြ ထားတာပါမြင်ရ၊ ဖတ်ခဲ့ရသည်။ စစ်ပြီး စက ထောင်တံခါး နှင့် မနီးတဲ့ ဘ၀ခရီး နှစ်အုပ်ကိုတော့ နောင်ကာလများစွာ လွန်မြောက်ပြီးမှ ဘုန်းကြီး တစ်ပါးက စွန့်ကြဲ၍ ရခဲ့လိုက်သည်။
ဤသို့ဖြင့် လူထု ဦးလှ ရေးသား ပြုစုခဲ့သော ထောင်စာအုပ် ၉ အုပ်ဖတ်ခွင့်၊ ပိုင်ခွင့် ရခဲ့ပြန်သည်။ လူထုဦးလှ ဆိုသည့် စာရေး ဆရာကြီးမှာ ရောက်ရာ အရပ်တွင် စာရေးသား မှတ်တမ်း တင်နိုင်သော ပုဂ္ဂိုလ်ကြီး ဟူ၍ တစ်ဆင့်တိုးပြီး စိတ်ဝင်စားမှု မြင့်လာခဲ့ရသည်။
၃။
မိမိ မျက်စိ ရှေ့မှောက်မှ အဖြူ အမည်း ဓာတ်ပုံများက တချို့ဆိုလျှင် ကြေးဝါရောင်ပင် သန်းစပြုနေပြီ။ ဓာတ်ပုံများကို စနစ်တကျ သူ့အစီအစဉ် အတိုင်း တစ်မျက်နှာတိုင်းတွင် ကပ်ထားသည်ကို တွေ့ရသည်။ ဓာတ်ပုံ စာအုပ် ဟုဆိုလျှင် မှန်မည်။ ဓာတ်ပုံအယ်လ် ဘမ်ဟူ၍ ခေါ်ရမည် မထင်။ မိသားစု ပိုင်စာအုပ်ဆိုတော့ ကိုယ့်စိတ်တိုင်းကျ ချုပ်ထားသော အနံတို၊ အလျားရှည်သော ဓာတ်ပုံ စာအုပ်။ လူထုဦးလှ ဖြတ်သန်းခဲ့သော ပုံရိပ်များကို ဟန်အနေ အထား
အမျိုးမျိုးဖြင့် တွေ့ရသည်။
ဆရာကြီး သခင် ကိုယ်တော်မှိုင်းပုံ နောက်ခံ ကားချပ်ရှေ့မှ ဟောပြောနေသော လူထုဦးလှ။စာဆိုတော်နေ့ အခမ်းအနား တစ်ခုမှ ပါမောက္ခချုပ် ဦးကျော်ရင်နှင့် တွဲထိုင် နေသော လူထုဦးလှ။ လေယာဉ် ကွင်းထဲမှ ပန်းကုံး တဝေေ၀နှင့် ပြုံးနေသော လူထုဦးလှ။ ဆရာတော် ရွှေတိုင်းသားက ပေ၊ ပုရပိုက် ကြည့်နေစဉ် နံဘေးမှ မှတ်စု လိုက်နေသော လူထုဦးလှ။
ရှုမ၀ဦးကျော်နှင့် ဦးသုခတို့ အလယ်မှ ရယ်မောနေသော လူထုဦးလှ။ ဆရာဇော်ဂျီနှင့် အတူ ကြမ်းပြင်ပေါ် တူညီစွာ ထိုင်ပြီး နှစ်လိုသော အပြုံးနှင့် လူထုဦးလှ။
မင်းကွန်း ခေါင်းလောင်းကြီး၊ ပုထိုးတော်ကြီး၊ မြသိန်းတန် စေတီတို့ ရှေ့မှ လူထု ဦးလှ။ သိန်းဖေမြင့်၊ ဇ၀နတို့နှင့် အတူ စားသောက် ပြီးခါစ လူထုဦးလှ။
မြမျိုးလွင်၊ ဒီဆူဇာဦးခင်ဇော်၊ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်တို့နှင့် လူထုဦးလှ။ စစ်ကိုင်း တံတားပေါ်မှာ မိတ်ဆွေများနှင့် အတူ လမ်းလျှောက် လာနေသော လူထု ဦးလှ။ စစ်ကိုင်းကောင်းမှုတော် မုခ်ဝရှေ့ မှ ဒဂုန်နတ်ရှင်၊ ဇ၀န၊ သုခတို့နှင့် လူထုဦးလှ။ ပေါ်ဦးသက်၏ သခင်ကိုယ်တော်မှိုင်း ပန်ချီကားရှေ့မှ မောင်သစ်လွင်(လူထု)၊ ပန်းချီပေါ်ဦးသက်၊ မြဇင်၊ လူထုဒေါ်အမာတို့နှင့် လူထုဦးလှ။
မင်းရှင်၊ သန်းဆွေ၊ မြမျိုးလွင်တို့နှင့် လူထု ဦးလှ။ ပုဂံသရပါတံခါးဝက လူထု ဦးလှ။ မောင်သာနိုး၊ တင်မိုးတို့နှင့် လူထု ဦးလှ။ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ၏ ကျောင်းလေးပေါ်မှ လူထု ဦးလှ။ ဦးဆန်းထွန်း (မန်းတက္ကသိုလ်)၊ မင်းကျော်၊ မောင်ဆုရှင်၊ တက်တိုးတို့နှင့် လူထုဦးလှ။
သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက သဘောတကျ လှမ်းကြည့်နေစဉ် စိတ်ပါလက်ပါ ဟောပြောနေသော လူထု ဦးလှ။
အမှတ်တရ လက်မှတ်ရေးထိုးပေးနေသော လူထု ဦးလှ။ ဓာတ်ပုံစာအုပ် စာမျက်နှာများကို လှန်လှော မိနေစဉ် မိမိမှာ လူထုဦးလှတို့ နံဘေး ရောက်နေသလို
စိတ်ဝယ်အောက် မေ့နေမိသည်။ ပန်းစကြာ မှန်ပြောင်း ကြည့်နေရသလို အရောင်အသွေး စုံလှသည့် လူထုဦးလှကို မြင်တွေ့နေရ သည်။
၎။
လူပြောသူပြောများဖြင့် လူထုဦးလှ အကြောင်း ဟိုတစ်စ၊ ဒီတစ်စကြား ခဲ့ရစဉ်က လူထု ဦးလှသည် ကိန်းကြီးခန်းကြီး နိုင်သည် ဟူသော စကားပင် ဖြစ်သည်။ လမ်းဘေး လက်ဖက်ရည်ဆိုင် မထိုင်၊ လမ်းဘေး လက်ဖက်ရည် မသောက်၊ မိသားစုနှင့် အတူ စမတ်ကျကျ စားတတ်၊ သောက်တတ်ပြီး ဆေးလိပ်၊ ကွမ်း၊ အရက် ရှောင်ကြဉ်ခဲ့သော သူဟု သိရပြန်သည်။ မိမိတို့က စာရေးဆရာဆိုတာ မျိုးစုံရမည် ဟူသော အထင်မှား မျိုးကို တစ်ချိန်က လက်ခံခဲ့ဖူးသည်။
သို့သော် သူ အင်မတန် ခင်မင်သော စာရေး ဆရာ၊ ဒါရိုက်တာ သုခကမူ ကွမ်းတမြုံ့မြုံ့ အမြဲနေတတ်သည်။ ဦးသုခ ကွမ်းစားတာ မြင်လျှင် ဦးလှက မနှစ်မြို့ အမြဲ ဝေဖန်တတ်သည်။ ကွမ်းယာကုန်လို့ ဦးလှရှေ့များ တစ်ယောက်ယောက် ၀ယ်ခိုင်းရင် “ဟင် ခင်ဗျားဥစ္စာကလည်း”ဆိုပြီး မတင်မကျ စကားမျိုးဖြင့် အပြစ်တင်တတ်သူ ဖြစ်သည်။ ထိုသို့ အပြစ်တင် စကားဆိုခဲ့သူ ဦးလှက တစ်ခါ အမရပူရ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ပျံလွန်တော်မူတော့
“ဈာပန သတင်းကား” ရိုက်ဖို့ ရန်ကုန်ရှိ ဦးသုခကို ဖလင်ပေ ၄၀၀၀ ယူပြီး အမြန်လာခဲ့ဖို့ လှမ်းခေါ်သည်။ ဦးသုခက ဆရာတော်၊ သံဃာတော်ပေါင်း များစွာနှင့် လူပရိသတ် များကို ရိုက်ချက် တစ်ကွက်ပြီး တစ်ကွက် ဖျိုးဖျိုးဖျပ်ဖျပ် စေ့စေ့စပ်စပ် အပြေးအလွှား ရိုက်နေတော့ ဦးလှက သဘောကျပြီး နံဘေးမှ ကြည့်နေခဲ့သည်။ ပြီးတော့ ဦးသုခ ပင်ပန်းတာကိုလည်း သတိပြုမိလာရသည်။ ထိုအခါ ဦးသုခ အနားကို သုတ်သုတ်လေး ပြေးကပ်လာတဲ့ပြီး...
“ကိုသုခရေ ခင်ဗျားဖို့ ကျွန်တော် ကွမ်းယာလေး ပြေးဝယ်လိုက်ဦးမယ်” ဟု ပြောသည့် အခါ ဦးသုခမှာ တအံ့ တသြနှင့်။ ကွမ်းစားတာကို အမြဲဝေဖန် တိုက်ဖျက်နေသော ဦးလှသည် ဦးသုခ ၏ အစွဲအလမ်း ရသ တဏှာကို အလို လိုက်ခွင့်ပြုရုံ သာမက ကလေးသူငယ် များလို သူကိုယ်တိုင်ပင် ပြေးဝယ်ပေး လိုက်ဦးမည်ဟု ဆိုခဲ့ဖူးသည်။
လူထု ဦးလှအပေါ် မိမိ ထင်မြင် ထားခဲ့သော အထင်မှား ကိစ္စ ထိုအကြောင်းဖြင့် ကြေပျက်ခဲ့ရပြီ။ ထို့နောက် လူထုဦးလှ “အားနာပုံကြီး လိုက်ပုံများ”ကို ဆရာတော် ရွှေကိုင်းသား၏ မေ့မရတဲ့ ကိုလှ ဆောင်းပါးထဲတွင် အံ့အားတသင့် တွေ့လိုက်ရသည်။ မြန်မာတွေ အားနာတတ်လိုက် ပုံကတော့ ကိုလှကိုသာ ကြည့်ပေတော့ လို့ ဆရာတော်က ဆိုပြီး သူ့ရင်ထဲမှာ သေရတော့မယ့် ဝေဒနာကြီး ခံစားနေချိန်မှာပင် သူ့ဆီကို ဟိုအဝေးကြီးကနေ လာရသောသူ
(ဂျပန်ဧည့်သည်)ဆိုပြီး အားနာ၍ ကြိုးစားပြီး ဧည့်ခံ နေခဲ့သည်။ မတတ်သာသည့် အဆုံးမှ ပါးစပ်ထဲက သွေးများ အန်ကျပြီး ဧည့်ဝတ်မကျေ သလိုဖြစ်ရသည်။ ထိုကိစ္စ သူ့ကိုပြန်ပြော ခွင့်ရရင် သူ့ဧည့်သည်ကို သူကကောင်း မွန်စွာ ဧည့်မခံရတဲ့ အတွက် “အားနာ လိုက်တာ ခင်ဗျာ”လို့ပြောပြီး တောင်းပန် ဦးမှာ သေချာသည်ဟု ဆိုထားသည်။
ထိုနေ့က ယပ်ဝင်းထဲမှ လူထုမောင်နှံတို့ တရားနာပြီး ပြန်လာစဉ် တိုက်၌ ရပ်ဝေး ဧည့်ရောက်နေသည်ကို တွေ့ရ၏။ ဓမ္မာရုံမှ ပြန်လာစဉ်ကတည်းက ခေါင်းမူးသည်ဟု လူထု ဒေါ်အမာအား ပြောနေသည် ဟုဆိုသည်။ သို့သော် လူထုတိုက်ထဲ ရောက်တော့ ဧည့်သည်မြင်ပြီး သူ့ ဝေဒနာကို ချုပ်တည်း၍ ဧည့်ခံစကား ပြောရင်း ယင်းသို့ ဖြစ်ခဲ့ရရှာသည်။ အလွန်ပင် တစ်ဖက်သား အပေါ်ဝန်တာ ကျေပွန် လွန်းရှာသော လူထု ဦးလှ ပုံရိပ်ကို ရင်နာစွာဖြင့် မြင်လိုက်ရပြန်သည်။
ဖဆပလခေတ် ၀န်ကြီးချုပ် ဦးနုသည် တစ်ချိန်က ဦးလှ အတော် ဒုက္ခရောက် သွားခဲ့ရခြင်း (၁၉၅၃-၅၇ ရန်ကုန် ဗဟို စံပြထောင်မှာ ၃ နှစ် ၃ လနဲ့ ၇ ရက် နေခဲ့ရမှုအပေါ် ဆိုလိုသည်)၏ နံပါတ် ၂ တရားခံသည် သူပါပဲဟု ပြည်ထောင်စု လမ်းသွယ်က ဆောင်းပါး ထဲတွင် ၀န်ခံထားပြန်သည်။ ဦးလှသည် လူကောင်းပါ၊ ဒီလို မလုပ်ကြပါနဲ့ကွာဟု သူတားမယ်ဆိုရင် တားနိုင်ခဲ့သော်လည်း ထိုစဉ် အခါက သူတုံဏှိဘာဝေ လုပ်မိ နေခဲ့သည်။ နောင် ထိုဒုက္ခတွေ ကြားမှ
ဦးလှ လွတ်မြောက်သွားပြီး မကြာခင်ပင် ဦးနု တစ်ယောက် မန္တလေး ခဏ ရောက်သွားခဲ့သည်။ ရောက်ရောက်ချင်းပင် ဦးနုနှင့် ခဏလောက် တွေ့ပါရ စေဆိုသည့် ဦးလှ၏ စာတစ်စောင် ရောက်လာသည်။ အမှန် ဆိုရလျှင် ဦးလှကို တွေ့ရန် ဦးနုမှာမျက်နှာ အင်မတန် ပူနေခဲ့သည်။ သူရောက်လာပြီး “ကိုကြီး နု၊ ကျွန်တော့်ကို ဒုက္ခ ရောက်အောင် လုပ်တာ ကျွန်တော် ၀မ်းနည်းပါတယ်” ဆိုသည့် စကားမျိုး ပြောမည်ဟု တွက်ထားရာ ဦးလှသည် ရောက်လာပြီး ပြန်သာ သွားရော ထိုအကြောင်းနှင့် ပတ်သက်ပြီး တစ်ခွန်း တစ်ပါဒမျှ ပြောမသွားခဲ့ပေ။ ဦးလှ ပြန်သွားမှ ဦးနုသည် တစ်ယောက်တည်း ထိုင်ရင်း “ကိုလှကို ငါ သွားလုပ်မိတာ အင်မတန် မှားတယ်၊ “ကာလ၀ိပါက် နောက်ပိုးတက်တယ်”
ဆိုတာလို ဒီကိစ္စဟာ ဒီလိုနဲ့ ပြီးမှာ မဟုတ်ဘူး။ တစ်နည်းနည်းနဲ့ ငါပြန်ခံ ရလိမ့်မယ်” တွေးရင်း ဦးနုသည် ၀ဋ် ဆင်းရဲတွေရဲ့ဘေးကို မြင်လာပြီး အကြောက်ကြီး သိပ်ကြောက် နေခဲ့မိသည်။
နောက်တစ်ကြိမ် ဦးလှနှင့် ဆုံရင် ဒီအကြွေးကို ငါအတင်း ဆပ်မယ်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ ဤသို့ဖြင့် နောက်တစ်ခါ မန္တလေး ရောက်သွားပြန်
တော့ ပြန်မည့်နေ့မှာ လိုက်ပို့ကြသည့် မိတ်ဆွေများကို နှုတ်ဆက်ရင်း ဘူတာရုံ၏ ထောင့်တစ်ထောင့် ခပ်လှမ်းလှမ်းမှာ ဦးလှ ရပ်နေသည်ကို ဖျတ်ခနဲ တွေ့လိုက် ရသည်။ တွေ့သည်နှင့် တစ်ပြိုက်နက် ဦးလှကို “ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကိုလှ ဒုက္ခရောက်အောင် ကျွန်တော် လုပ်ခဲ့တဲ့ အပြစ်ဟာ မသေးပါဘူး။ အင်မတန် ကြီးမားပါတယ်။ တောင်းပန်ပါတယ်”အစရှိသည့် စကားများကို ပြောရုံမျှနဲ့ အားမရဘဲ နောက်ဆုတ်သွားသည့် ဦးလှထံပါး တဖြည်းဖြည်း တိုးကပ်ပြီး
အတင်း လိုက်ပြောခဲ့သည်။ အစတော့ ဦးလှလည်း အံ့အားသင့်ပြီး ဦးနုကို ကြည့်နေခဲ့မိသည်။ နောက်မှ သတိရ ပြီး...
“ကျွန်တော် သင်ပုန်းချေပြီးပါပြီ၊ ကိုကြီးနု”ဟု ပြန်ဖြေသောအခါမှ ဦးနုသည် ဦးလှ၏ လက်ကို အားပါးတရ ဆုပ်ကိုင် နှုတ်ဆက်ပြီး ထွက်စ ပြုနေသည့် မီးရထားပေါ် ပြေးတက်လိုက်ပါသွားခဲ့ ရသည်။ မိမိသည် ထိုဆောင်းပါးမှ ထို အခန်းလေး ဖတ်မိပြီး တစိမ့်စိမ့် ပြုံးနေမည် ဖြစ်သော လူထုဦးလှ၏ မျက်နှာကို မှန်းဆပြီး မြင်ယောင်လိုက်မိသည်။
၅။
စာကြည့်တိုက်ထဲရှိ ထိုင်နေကျ ခုံလေးမှ အသာအယာ ထပြီး အပေါက်ဝ ဘက်သို့ မျက်နှာ မူလိုက်သည်။ မြက်ခင်းစိမ်း နုလေးပေါ် ဖြတ်လျှောက်ရင်း အကြည့်က ကြာပန်းတွေ ဝေနေသည့် ကြာကန်လေးဘက် အကြည့်တစ်ချက် ရောက်သည်။ သံတံခါးနီကြီး ဆွဲဖွင့်၊ ပြန်စေ့ပြီး ၀င်းကြားထဲရှိ လမ်းသွယ်လေး ထဲမှ ၃၂ လမ်းပေါ်သို့ လှမ်းတက်တိုက် လိုက်သည်။ ခါတိုင်းလိုပါပဲ။
ဇော်ခိုင်ဦး
ရည်ညွှန်းပြု
၁။ လူထုဦးလှစာစုစာရင်း
(မောင်ဖုန်း မြင့်) ၁၉၇၈
၂။ လူထုချစ်သမျှ လူထုဦးလှ
(ပထမတွဲ)
၃။ လူထုချစ်သမျှ လူထုဦးလှ
(ဒုတိယတွဲ)
၎။ လူထုဦးလှ ဓာတ်ပုံများ
Written by ဇော်ခိုင်ဦး
Wednesday, 23 December 2009 08:50
Credit@ရွှေအမြူတေJanuary2010
သုခသုမောင်စာပေတိုက်ပွဲ
(ဝထ္ထုတွေ ဆောင်းပါးတွေစဖတ်တက်တည်းကနေ ခုချိန်ထိ သုမောင် ရဲ့စာတွေဆောင်းပါးတွေကို အမြဲဖတ်ဖြစ်တယ်..ကျနော်အကြိုက်ဆုံးထဲမှာလည်းပါတယ်။ငယ်ငယ်ကဆို စာဖတ်ချင်ရင် မိဘဆီကရတဲ့ မုန့်ဖိုးစုပြီးဝယ်ဖတ်ရတယ်။သဘောကျတာလေးတွေ တွေ့ရင်သိမ်းထားချင်လို့ ဒိုင်ယာရီလေးထဲမှာမှတ်ဖြစ်တယ်။နောက်အလုပ်လုပ်ပြီး ငွေတက်နိုင်လာတော့ သဘောကျတဲ့စာအုပ်တွေရင် ဝယ်ပဲဖတ်တော့တယ်။ကိုယ်ဖတ်ချင်တဲ့အချိန်ဖတ်လို့ရအောင်နဲ့စာအုပ်လေးတွေကိုသိမ်းထားချင်တာလဲပါတယ်။ဒိုင်ဟာရီထဲမှာမှတ်ဖို့လည်းးမလိုတော့ဘူးပေါ့။ ၆ နှစ် ၇နှစ်အတွင်းမှာ ဝထ္တုတွေထက် ဆောင်းပါးတွေပဲဖတ်ဖြစ်မိနေတယ်.။ဒီတပတ်ထဲ အွန်လိုင်းမှာ စာတွေပြန်ရှာဖတ်နေမိတယ်.။ကိုယ့်ဘလော့ဂ်ထဲမှာပဲ ကိုယ်ကြိုက်တဲ့ဆောင်းပါးလေးတွေ သိမ်းထားဖို့သွားစိတ်ကူးမိတယ်..။ကိုယ်ကြိုက်တဲ့အချိန်လည်းပြန်ဖတ်လို့ရပြီပေါ့..။)
”သုခသုမောင်စာပေတိုက်ပွဲ”
ကျွန်တော်သည် ဒါရိုက်တာ အကယ်ဒမီ“သာဓု”၏သား ဖြစ်သော်လည်း ဒါရိုက်တာ အကယ်ဒမီ“သုခ”နှင့် ရုပ်ရှင်အလွန် ရိုက်ချင်ခဲ့ပါသည်။
သို့သော် ကျွန်တော် ကိုယ်တိုင် “အကယ်ဒမီ” ရပြီးသည့်တိုင် ဆရာက ခေါ်မရိုက်ခဲ့ပေ။ ထို့အတွက် ဆရာ့အား မကျေမနပ် ဖြစ်နေခဲ့ပါသည်။
သို့သော် တစ်နေ့တွင် “ဆရာ”က ကျွန်တော့်ထံ ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်ပါသည်။
“ဆရာသုမောင်ရေ ကျွန်တော်ဦးစီးတဲ့ “အမေများ”နေ့အတွက် ကျွန်တော် ရေးတဲ့ “အမေ” သီချင်းကို တီဗွီရိုက်ရင်း သီဆိုဖို့ ဆရာ့ဆီ အကူအညီ
တောင်းတာပါ” ဟူ၍ ဖြစ်ပါသည်။ ကျွန်တော့်မှာ ဘဘအပေါ် စိတ်ကောက် နေသည်များ ပြေပျောက် ရုံမက ကျေးဇူးတင် ၀မ်းမြောက်လျက်
ဘဘ၏ ခဲတစ်လုံး “ငှက်သုံးကောင် ပစ်နိုင်သော “တင်္ခဏုပ္ပတ္တိ” ဥာဏ်ကို ရှိခိုး ပူဇော်မိပါတော့သည်။
“တီဗွီရိုက် သီချင်းဆို” ဆိုသဖြင့် ကျွန်တော့် အား “အဆိုကျော် ရုပ်ရှင်မင်းသား” အဖြစ် ဘဘ သတ်မှတ်တာ သေချာပါပြီ။ ကိုင်း... “ဆရာ သုမောင်” ဟု “အာလုပ်”သုံးလိုက်ပုံက စာရေး ဆရာ အဖြစ် အသိအမှတ် ပြုကြောင်း ပေါ်လွင် နေပြီကောလေ။ (ဦးတင်လျက်)
ကျွန်တော်မှာ ၁၉၇၃(အောက်တိုဘာ)တွင် “ငယ်အိပ်မက်” ၀တ္ထုတို ရှုမ၀မဂ္ဂဇင်း စင်တော် ကောက်အဖြစ် စတင်၍ စာရေးဆရာဘ၀ ရောက်ရပါသည်။ ၁၉၇၅ တွင် မင်းသားဖြစ်ပြီး ၁၉၇၆ ကျမှ အဆိုကျော် ဖြစ်ပါသည်။ စောစောက ပြောခဲ့သလို ရွှေတြိဂံ နယ်မြေမှာ တစ်ပြိုက်နက် ထင်ပေါ်လာခဲ့သော်လည်း ကျွန်တော့်အရင် နှစ်ပေါင်းများစွာ ကျော်၍ ထိုရွှေတြိဂံ အနုပညာ နယ်ပယ်မှာ အောင်မြင် ကျော်ကြားခဲ့သော “ဆရာ သုခ”နှင့်ကား မဆုံစည်းခဲ့ရပါ။ ဆရာ့ကို လူသိ များတာက အကယ်ဒမီ ၇ ဆုရှင် ရုပ်ရှင် ဒါရိုက်တာကြီး ဖြစ်သော်လည်း ဆရာသည် ရုပ်ရှင် သရုပ်ဆောင်လည်း အောင်မြင်ခဲ့ပါသည်။ မင်းသားတော့ မဟုတ်ပေ။ “ဂုဏ်ရည်မတူ” ဇာတ်ကားကြီးတွင် “ပေါက်စီ” “မယ်သုန်” ဟု ဆရာက “ပေါက်စီ”၊ ဒေါ်မေသစ်က “မယ်သုန်” အဖြစ် သူတောင်းစား မောင်နှမအဖြစ် ပီပြင်စွာ သရုပ်ဆောင် နိုင်ခဲ့ရာ ပရိသတ် ပါးစပ်ဖျား “ပေါက်စီ” “မယ်သုန်” ခေတ်စား သွားခဲ့ပါသည်။ အခြားဇာတ်ကားကြီးများတွင်လည်း ဆရာသည် အဓိက ဇာတ်ပို့အဖြစ် ရိုက်ကူး အောင်မြင်ခဲ့ပါ သေးသည်။ သို့သော် ဒါရိုက်တာ ဖြစ်လာသော အခါ ဆရာ့သရုပ်ဆောင်ဘ၀ တိမ်မြုပ်သွားခဲ့ရ ပါတော့သည်။ ဒါသည် သစ်ပင်ကြီးကြောင့် လောင်းရိပ်မိ အပင်ငယ်တို့၏ ညှိုးရော်ရသော သဘာဝပင်။
ထို့ထက်ကား ဆရာသည်လည်း (သာဓု၊ မောင်သင်၊ မြတ်လေး၊ ၀င်းဦး စသည်)တို့ ကဲ့သို့ ရုပ်ရှင်၏ အရှိန်အ၀ါ ကြီးမား အောင်မြင်မှုကြောင့် စာပေဘ၀ အရောင် မှိန်သွားရသည်မှာကား ၀မ်းနည်းဖွယ် ကောင်းလှပေသည်။ တကယ်တော့ ဆရာသည်လည်း အချစ် အိမ်ထောင်ရေး စူပါ စာရေးဆရာကြီး တစ်ဆူ အရင်ဆုံး ဖြစ်ခဲ့ပါသည်။ နောင်မှ ရုပ်ရှင်၊ ပြဇာတ်၊ ဂီတနယ် ၀င်ပါသည်။ ဂီတတွင်လည်း ဆရာသည် တေး သီချင်းအသစ်များစွာ ရေးစပ်သီဆိုခဲ့ပါ သည်။ ဥပမာ ယနေ့တိုင် ပြန်ဆိုမဆုံး ဖြစ်နေသော ဘ၀သံသရာ။
စောစောက ပြောသလို ရုပ်ရှင် (ဒါရိုက်တာ) အဖြစ် သူမတူအောင် ကွယ်လွန်ခါနီးထိ အတုမရှိ ဒါရိုက်တာ ဖြစ်ခဲ့လေရာ ဆရာ၏ သရုပ်ဆောင်၊ ဂီတစာဆို၊ တေးသံရှင်၊ စာရေးဆရာ ဘ၀များ အရောင်မှိန်ခဲ့ရပါသည်။ “အရောင်မှိန်ခဲ့ရ” ဟု လူပြိန်းစကား သုံးရပါသည်။ တကယ်တော့ စာပေသည် စာရွက်ပေါ် မင်စာဖြင့် ပုံနှိပ်ရသော် လည်း ကျောက်ထက် အက္ခရာတင် သကဲ့သို့ နှစ်ပေါင်းများစွာ တင်ကျန်ရစ်သော ဂန္ထ၀င် အနုပညာအမျိုးအစား ဖြစ်ပါသည်။ သို့သော် ခေတ်စကားဖြင့် “စီလီဘရီတီ”တို့ “ပေါ်ပြူလာ”တို့ကဲ့သို့ လူသူပရိသတ် အသိများခြင်း၌ပါးလျား ရသည်ကိုသာ ကျွန်တော်က ယေဘုယျ ဆိုရပါသည်။
ဘာပဲဖြစ်ဖြစ် ဆရာသည် အသက် ရလာသောအခါ “ဂီတ”နှင့် “စာပေ” မူလဘူတဘ၀ကို တတ်အားသမျှ ပြန် ဖော်ပါသည်။ ဓမ္မစာပေတွေ ရေးပါ သည်။ အထူးသဖြင့် စာဆိုတော် ရာသီ ရောက်တိုင်း စာပေ ဟောပြောပွဲများ လိုက်ပါပါသည်။ ထူးခြားသည်က ဆရာ စာပေဟောလျှင် ဆိုင်းဝိုင်းငှား ခိုင်းတတ်ပါသည်။
ဆရာက (ဘ၀ သံသရာ၊ တေဘုမ္မာ) စသော တေးသီချင်းများ၏ စာပေ အနှစ်သာရကို ဂီတဖြင့် သီဆိုတီးမှုတ်ပြရင်း ပရိသတ် ကို “သကြားအုပ် ဆေးခါး”ကျွေးသလို ခေါ်ယူစည်းရုံးခြင်း ဖြစ်ပါသည်။ စာပေ ဟောပြောပွဲ ပရိသတ် ဆိုသည်မှာ အနုပညာပရိသတ် တကာတို့တွင် အမြင့်ဆုံး ဟုဆိုရသော်လည်း ကြိုးကြား ဆိုသလို စာရေး ဆရာတွေ ရယ်စရာ “ဟာသ”ပြောပြ၊ “သီချင်းဆိုပြ” စသည်ကို စိတ်ဝင်စားကြသူများ ပါဝင်တတ် ပါသည်။ (ခုနှယ်ခါ ထိုအစွဲ ပိုကဲနေ ပါသည်။) ဆရာကတော့ သူအကယ်ဒမီ ၇ ဆုရအောင် ပရိသတ်ကို စည်းရုံး နိုင်သော ဥာဏ်စွမ်းရှိသူ ပီပီ ထိုကဲ့သို့ စာပေပွဲမှာ ဆိုင်းဝိုင်း တွဲခြင်း ဖြစ်ပါ သည်။
ရိုးရိုးကြီးဝန်ခံရလျှင် ဆရာ၏ ထိုအပြုအမူကို ကျွန်တော် မနှစ်သက်ခဲ့ရိုးပါ။ (ဟိုစဉ်က ဖြစ်ပါသည်။) ထိုနည်းတူ စာရေးဆရာတွေ သံသေးသံကြောင် ဖြင့် (အချို့လည်းကောင်း ရှာပါသည်။) စာပေပွဲမှာ သီချင်းတွေ အသားလွတ် ဆိုတာ စာပေ ဂုဏ်ပျက်သည် ဟု ကျွန်တော်က လူငယ်ပီပီ အတွေး ဆတ်ပါသည်။ ထို့ကြောင့် ထိုစဉ် (၁၉၇၀/ ၈၀)၀န်းကျင်က စာပေပွဲများသို့ ကျွန်တော်လိုက်ပါ ဟောပြောရာ၌ ဘယ်အခါမျှ သီချင်း ဆိုမပြခဲ့ပါ။ မဆို ရုံမက (ငယ်ဂုဏ်မောက်ပြီး) သီချင်း ဆိုသော စာရေး ဆရာများကို ကျွန်တော် ဒိုင်ခံ ကန့်ကွက်ခဲ့ပါသည်။ စင်မြင့် ပေါ်မှာပင် ပြောင်ပြောင်တင်းတင်း ဘုကန့်လန့်တိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော့်မှာက ပြောအားရှိသည်။ ဟုတ်ပါ့။ ကျွန်တော်က နိုင်ငံကျော် အဆိုတော်တစ်ပိုင်း ဟုတ်လား။ သည် တော့ အနိုင်နှင့်ပိုင်းသော “စာရေး ဆရာ သုမောင်” အား အခြား စာရေးဆရာများ က မချေပနိုင်ရှာ။ ဒါကို အခွင့်ကောင်း ယူပြီး လိုသည်ထက် ပို၍ ဆော်ပလော် တီးတတ်သော ကျွန်တော်မှာ “ဆရာ သုခ”နှင့် စာပေပွဲများမှာ ကြုံလျှင် ငြိမ်ကုပ်နေရပါသည်။ ဆရာသည် ပြောကြ ကြေးဆိုလျှင် ကျွန်တော်၏ အနုပညာ အဘိုး ဟုတ်လား။ ကျွန်တော့် ဖခင် “သာဓု” ထက် သူက စောသည်လေ။
သည်လိုနှင့် မှတ်မှတ်ရရ (၁၉၈၂) တွင် တောင်ဥက္ကလာ (၁၃) ရပ်ကွက်၌ “သုခ”၊ “သုမောင်”၊ “မြတ်ထန်” တို့သုံး ဦးသား ဂိုဏ်းစာပေဟောပြောပွဲ ကျင်းပ ပါသည်။ ဆရာမြတ်ထန်မှာ အသက်ကြီး သော်လည်း စာဝါနုသဖြင့် ရှေ့ဆုံးမှ တက်ဟောရပါသည်။ ပြီးတော့ ၀ါအရင့် ဆုံး ဆရာသုခက ဒုတိယ။ အကြောင်း ကား အဆိုကျော် မင်းသား စာရေးဆရာဟု နာမည်ကြီးနေသော စီလီဘရီတီ “သုမောင်”ကို ဆန်ခံရန် “မျောက်”ပြဖို့ နောက်ဆုံးမှာထားသတဲ့။
သည်လိုနှင့် ဟောကြပြောကြလေ ရာ ဆရာသုခ အလှည့်တွင် ထုံးစံအတိုင်း “တေဘုမ္မာ”နှင့် “ဘ၀သံသရာ”သီချင်း များ၏ စာသားကာရန်၊ အဓိပ္ပာယ်၊ ဓမ္မ ဒဿန စသဖြင့် လေးနက်စွာ ဟောရင်း ပေါ့ပေါ့ပါးပါးလည်း သီချင်း ဆိုပြပါသည်။ အသက်ကြီးပြီမို့ အသံ မရတော့ သော်လည်း အဆိုကောင်းတော့ ပရိ သတ်က သဘော တွေ့ပါသည်။ နော့် သော် သူတို့ မျှော်နေကြတာက “နုနုငယ်ငယ် ဂုဏ်တက်နေသည့်” သုမောင်၏ အဆို။
ဤတွင် ဆရာသည် တေးသီချင်း များသည် စာပေ ၀တ္ထုများထက် ပရိ သတ်ကို ပို၍ ဖမ်းစားနိုင်ကြောင်း၊ သြဇာ ကြီးမားကြောင်း စကားစပ်မိပါ တော့သည်။ သဘောမှာ တေးသီချင်းများ “ပေါက်” ပြီဆိုလျှင် ပရိသတ်က လိုက်ဆိုရုံမက ထိုတေးပါ အကြောင်း အရာကိုလည်း တုပမှီငြမ်းကြတော့ ကြောင်း ဖြစ်သည်။ အလွန်ကောင်းသော ရည်ရွယ်ချက် ဖြစ်ပါသည်။ သို့သော် ဥပမာ ပေးရာ၌ ဆရာသည် ကျွန်တော့်ဘက် လက်ညှိုးထိုးပြီး (ထိုစဉ် က စာရေးဆရာများမှာ စင်မြင့်ပေါ်မှာ ငုတ်တုတ်ထိုင်ကြရသည်။)
“ဟော... ဆရာ သုမောင် ရှေ့တွင်ပဲ သူ့အဖေ ကိုသာဓုရေးတဲ့ သီချင်း တစ်ပုဒ် ဥပမာ ပေးရဦးမယ်ဗျ။ ဘာ တဲ့... “တင့်တင့်တို့အရွယ်” ဆိုတဲ့ သီချင်း “ဒီအရွယ် တင့်တင့်တို့အရွယ် ကျွန်မ ကျွန်မတို့အရွယ် တစ်ဆယ်ကျော် ငါးနှစ်ပတ်လည် ရူးနှမ်းနှမ်းအရွယ်___ အိပ်ချင်ရာအိပ် သွားချင်ရာသွား___ အားအားရှိတော့ အလှပြင်တယ်” တဲ့။ “အကယ်၍သာ” ဆိုတဲ့ သူရိုက်တဲ့ ဇာတ်ကားမှာ မြတ်မွန် ဆိုတာပေါ့။ ဟာ... တစ်နိုင်ငံလုံး ဟိုးဟိုးကျော် သွားတဲ့ သီချင်းဗျ။ လူကြီးလူငယ် ကျား၊ မ မရွေး အားအားရှိ လိုက်ဆိုရ တဲ့ ခေတ်စားတဲ့သီချင်း ဆိုပါတော့ ဗျာ... အဲ အဲ ပြဿနာက စောစောက ကျွန်တော်ဆိုသလို ဆိုကြည့်စမ်းဗျာ။ အပျိုမတမ်းကလေးတစ်ယောက် အိပ် ချင်ရာအိပ်၊ သွားချင်ရာ သွားဆိုတော့ စဉ်းစားသာ ကြည့်ကြပါတော့(ပရိသတ် လက်ခုပ်သံများ) (သုမောင် အခံရခက် မျက်နှာအောက်ဝှက်) သီချင်းပေါက် တော့ လူငယ်တွေ လိုက်ဆို၊ ပြီးတော့ လုံမငယ်တွေ လိုက်တု၊ မခက်လားဗျာ။ ဒါကြောင့် ဂီတဟာ ပရိသတ်ကိုစည်း ရုံးရာမှာ လက်နက်ကောင်း။ သတိထား သင့်တယ်” စသ ဖြင့် ရိုးရိုးသားသား ဝေဖန်အကြံပြု ပြောကြားသွားရှာပါ တယ်။ နော့ပေတည့် ခလုတ်က ထိတာ “အမိ” မဟုတ် “အဖ” ဖြစ်နေလေရာ ကျွန်တော့်မှာ မခံချိမခံသာပေါ့။ ပြီးတော့ ကျွန်တော့် ရှေ့ထားပြီး ကျွန်တော့်အဖေ ဝေဖန်တာဆိုတော့ ကျွန်တော့်မှာတာဝန် ရှိလာပါပြီ။ ဒါ့ပြင် နောက်ဆုံးမှပြောရ မှာမို့ တစ်ပန်းသာသည်။ ပိတ်တွယ်ရုံ ပေါ့။ ကျွန်တော် တေးမှတ်ထားလိုက် တော့သည်။
ရောက်ပါပြီ ကျွန်တော့် အလှည့်။ ပရိသတ်ဆိုတာ လက်ခုပ်သြဘာ မိုးလုံး ညံပေါ့။ နုနုနယ်နယ် အရွယ်ကောင်း နာမည်ကြီးဆိုတာက တစ်ပိုင်း၊ စော စောက ဆရာ“သုခ” ကျွန်တော့် “အဖေ” ကို တွယ်ထားတာ ဘာပြန်ပြောမလဲ၊ ဘာသီချင်းတွေဆိုမလဲ... ပေါ့လေ။
ကျွန်တော်ကလည်း ဒေ၀ဒတ်ထုံး နှလုံးမူပြီး စကားလုံး “ကျောက်မောင်း” ဆင်ပြီးသားဖြစ်၏။
“လေးစားရပါသော စာပေ ၀ါသနာရှင်များခင်ဗျား...” အစချီပြီး ဘာမျှ နိဒါန်း မပျိုးဘဲ (ဆရာသုခရဲ့သြ၀ါဒတွေ ကောင်းကြောင်း ချီးမွမ်းရသည်။ ဒါမှ မြှောက်ပြီးရိုက်တဲ့ ဘော်လီဘောလို ကျွန်တော့်ရိုက်ချက် ပိုပြင်းမှာကိုး။)
“ဆရာကြီး ဘဘဦးသုခက ကျွန်တော့် ဖခင်ရေးတဲ့ တင့်တင့်တို့ အရွယ် သီချင်း ဆိုပြတာလည်း ကောင်းပါ့၊ ရှင်းပြတာလည်း သူ့အဆိုအတိုင်း (စာသားအတိုင်းကော) ဟုတ်ပါလိမ့် မယ်။ နော့ပေတဲ့ ဆရာများ အသက်ကြီး လို့ မကြားတကြား အမှတ်သညာတွေ မှားသလား မသိဘူး။ တကယ်က ကျွန်တော့်ဖခင် သာဓု ရေးတဲ့ အဲဒီ သီချင်းထဲက စာသားက “အိပ်ချင်ရာ အိပ်... သွားချင်ရာသွား...” မဟုတ် ရပါ ခင်ဗျာ။ “အိပ်ချင်ရင် အိပ်... ထချင်မှထ”ပါ။ အပျိုဖြန်း မတမ်းမလေး ဆိုတာက အိပ်ချင်တဲ့ အချိန် အိပ်လိုက်မှာပဲ၊ ထချင်တဲ့ အချိန်မှ ထလာ မှာပဲဆိုတဲ့ ကလေးစိတ်မကုန်သေးတာ ကို ဆိုတာပါ။ ဆရာ ဘဘဆိုပြတာနဲ့ အဓိပ္ပာယ်ကွာပါတယ်။ (လက်ခုပ်သံ များ) စသဖြင့် ငယ်ဂုဏ်မောက်တဲ့ ဒေ၀ဒတ် ၀င်စားသူ သုမောင် ပြန်တွယ် ပါလေရော။ ပရိသတ်ကလည်း တသောသော။ ဒါနဲ့ မကျေသေးဘူး။ လူ့သဘာဝ နိုင်ရင် ဖိတွယ်တတ်သည့် အတိုင်း။
“အသက်ကြီးလို့ အသံတွေ တုန်နေတဲ့ ဘိုးဘိုးကြီး ဆရာသုခ သီချင်းတွေ ဆိုပြတာ ပညာရပေမယ့် မြန်မာ ပြည်မှာ အသံဘုရင် အခေါ်ခံရတဲ့ သုမောင် စာပေပွဲမှာယောင်လို့မှ သီချင်း မညည်းဘူးဆိုတာ ကတိပေးသဗျ” ဆိုပြီး အလင်္ကာရသ နှောလို့ ဆရာ့ကို သာသာလေး ကောမိပါတယ်။ ဆရာ့ လှည့်ကြည့်တော့ ကွမ်းကလေးဝါးပြီး ခေါင်းတညိတ်ညိတ်နဲ့ပါ။ ဆရာ မြတ်ထန်ကတော့ အားနာတာလား၊ သူရို့လူကြီးချင်း “မှတ်ပလား” ဆိုတဲ့ သဘောနဲ့လား၊ ကျီစယ်ပြုံးလို့။
ဒီတွင် အကောင်းအဆိုး တစ်ခုခု ဖြစ်လာရင် သာရာဘက်က ဖိထောင်း တတ်တဲ့သဘာဝ၊ အနုပညာတစ်ခုခု အောင်မြင်လာရင် နောက်ဆက်တွဲတွေ ထပ်လုပ်တတ်တဲ့ သဘာဝက သုမောင် ဆိုတဲ့ မနူးမနပ် စီလီဘရီတီလေးကို မြှောက်ထိုးပင့်ကော် လုပ်ချပါလေရော။
“ပရိသတ်များခင်ဗျာ တကယ် တော့ စောစောက ဓမ္မ သီချင်းတွေနဲ့ တရား ပြသွားတဲ့ ဘဘဦးသုခရဲ့ အကျော်ကြားဆုံး သီချင်းတစ်ပုဒ်ကို ကျွန်တော့်ရဲ့ ကိုင်စွဲထားတဲ့ စာပေ မူဝါဒကို ဖောက်ဖျက်ပြီး နည်းနည်း သီဆိုပြပါမယ်။ (လက်ခုပ်သြဘာသံ များ) ဘာတဲ့... “စိတ်ညစ်လို့ အရက်ကို သောက်တယ်___အရက်သောက်တော့ စိတ်သိပ်ညစ်တယ်___လူမှာသာ ငွေ မရှိရင် လင်ယူမိတာ နာတယ်ထင်တယ် ___ငွေကိုသာ ရေလိုသုံးရင် တစ်ပြည် လုံးမှာ လုပ်သမျှတင့်တယ်___လမ်း လယ်မှာဆဲဆဲ လူကိုတွဲလို့ အိမ်ထဲခေါ် မယ်___ ပါတဲ့ ခင်ဗျာ”
စသဖြင့် ပီသကြည်မြတဲ့ သုမောင် ရဲ့ဂီတနဲ့ ဖျော်ဖြေရင်း ဆရာ့ကို ခပ်ပြင်း ပြင်းနင်းပြောမိပါရော။
ဟောပြောပွဲပြီးတော့ တစ်လမ်းစီမို့ ဆရာက သီးသန့်ပြန်ပါတယ်။ ဆရာ မြတ်ထန်နဲ့ ကျွန်တော်က ကားတစ်စီး ပါ။ အဲဒီမှာ မထိတ်သာ မလန့်သာ စကားတစ်ခွန်း ဆရာမြတ်ထန်က ပြော ပါတယ်။ “ကိုသု... နည်းနည်းများ ဒေါသ သံ ပါသလားလို့” တဲ့။ ဆရာဟာ စစ်ဗိုလ်လူထွက် စာရေး ဆရာပေမယ့် စကားပြော အလွန်နူးညံ့ပါတယ်။ (စကားမစပ် ကျွန်တော် ခဲလုံးကန်တာ နာမည်ကြီးသွားတဲ့ နှောင်းတမြေ့မြေ့ဟာ ဆရာမြတ်ထန်ရဲ့ နိုင်ငံကျော် ၀တ္ထုပါ။)
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ စာပေ ဘိုးအေကြီး လူလယ်ခေါင် တီး လိုက်ရလို့ စာပေပွဲမှာ သီချင်း မဆိုသော်လည်း အပြန် လမ်းမှာတော့ စိတ်ညစ်လို့ အရက်ကိုသောက်တယ် ဆရာသုခ သီချင်းလေး ညည်းနေမိပါသည်။ (အရက်ကလည်း တကယ်သောက်ထား မင့်ဟာကိုး။)
မြတ်စွာဘုရားဟော ကံအကျိုးပေး ၀ဋ်လည်ခြင်း ဆိုသည်မှာ ဘ၀ မကူးခင်မှာတွင် တစ်ပတ်လည်ရုံမက တောင် ဥက္ကလာစာပေပွဲအပြီး တစ်လအကြာမှာ (ထိုသုံးယောက်အတွဲပါပဲ။) မဂိုလမ်း (ယခု ရွှေဘုံသာလမ်း)မှာ စာပေဟော ပြောပွဲ ပြန်ဆုံပါသည်။ ကျွန်တော်သည်ကား ငမိုက်သား ငရဲလားမည့် ဒေ၀ ဒတ်ဝင်စားသူပီပီ ကျောက်မောင်း ကြိုတင်ချည်ထားလေသည်။ ဘာပဲဖြစ်ဖြစ် ဆရာသုခ ကျွန်တော့်ကို ပြန်ချေပ သို့မဟုတ် လှုပ်မရအောင် တုပ်တော့ မည်ဟု။ ဒါဆို ငါ ဘာပြန်ဖြေမလဲပေါ့။
သို့သော် ဆရာကြီးသည် ထိုပွဲမှာ ပထမဆုံး စဟောပါသည်။ ထုံးစံ အတိုင်း ဓမ္မသီချင်း ရှင်းတမ်းတွေ ဟောရင်း ဆိုရင်းပေါ့။
အဆုံးသတ်နိဂုံးတွင်မူ...
“ပရိသတ်များခင်ဗျား ပြီးခဲ့တဲ့ လက ကျွန်တော်တို့သုံးယောက်အတွဲ တောင်ဥက္ကလာမှာ ဟောကြပါသေး တယ်” အစချီပြီး ကျွန်တော်နှင့် အချီ အချဖြစ်ပုံကို ရိုးရိုးစင်းစင်းကြီး ပြန် ရှင်းပြပါသည်။ ထို့နောက်
“ဒါကြောင့် စာရေးဆရာတွေဟာ အရေးပါတာပါ။ အသက်ကြီးတာ ငယ်တာနဲ့ မဆိုင်ပါဘူး။ စာရေးဆရာမှာ ရာထူးကြီးငယ် မရှိပါဘူး။ အပွင့်အခက် မရှိပါဘူး။ ဦးနှောက်နဲ့ နှလုံးသား အားကောင်းရင် စေတနာမှန်ရင် စာရေး ဆရာချင်းပေမယ့် လေးစားပြီး နာယူ ရပါမယ်။ ခုနက တောင်ဥက္ကလာပကိစ္စ ပြီးကတည်းက ကျွန်တော်ဟာ ဆရာ သုမောင်ရဲ့စကားကို လေးလေးစားစား နာယူပြီး နောင်ဟောပြောပွဲတွေမှာ သူ့ အဖေ ကိုသာဓုရဲ့သီချင်းကို ဆိုမပြ တော့ပါဘူး။ ဟုတ်ပါ့၊ ကျွန်တော့် စာသား မှားတာကိုး။ နော့ပေတဲ့ ဆရာ သုမောင်ထောက်ပြသလို ပွဲတိုင်းမှာ ကျွန်တော့်ရဲ့ အမှားကြီးမှားခဲ့တဲ့ ဂုဏ် ဆိုတဲ့ နာမည်ကြီး ဂုဏ်ပြုသီချင်း အဲ... လူငယ်တွေကို အရက်သောက်အောင် အားပေးရာ ရောက်စေတဲ့ ကျွန်တော့် သီချင်းကိုတော့ အစအဆုံး ဆိုပြပြီး ကျွန်တော့်အမှားတွေကို ၀န်ခံနေပါ တယ်။ ရှေ့လည်းဆက်ပြီး ၀န်ခံဦးမှာပါ ပဲ။ အထူးသဖြင့် ငယ်ပေမယ့် စေတနာ ကြွယ်တဲ့ ဆရာ သုမောင်ကိုတော့ ဒီစင်မြင့်ပေါ်မှာပဲ ပရိသတ်ရှေ့ သက် သေထားပြီး ဂါရ၀ပြုပါရစေ ခင်ဗျား” ဆိုပြီး (ဆရာ့ရဲ့ လက်သုံးပုံစံ ဂါရ၀ ထုံးစံအတိုင်း ကျွန်တော့်ဘက်လှည့် လက်အုပ်ချီ ရှာပါသည်။)
ပရိသတ်မှာ ရွှေဘုံသာ လမ်းကြီး အပြည့် နံဘေး တိုက်တန်းတွေပေါ်ကလည်း ညွှတ်လို့။ အားလုံး ငြိမ်ကျသွား ပါတော့သည်။ ဆရာသည် ပြောပြီးပြီး ချင်း ထုံးစံအတိုင်း ကွမ်းကလေးမြုံ့ပြီး နားနေရာဆောင်ဆီ ထွက်သွားပါတော့ သည်။
ထိုညက နောက်ဆုံးမှ ဟောနေကျ ပွဲတိုင်းကျော် နာမည်ကျော် အပြောကောင်း အဆိုကောင်း သုမောင်ကြီး ကလေး ကောင်းစွာ မဟောနိုင်တော့ပါ။ ရှက်ခြင်း၊ ၀မ်းနည်းခြင်းများကြောင့် မဟုတ်ပေ။ တရားရခြင်းနှင့် အတူ နောင်တကြီးစွာ တမိခြင်းကြောင့် စကားတွေ မမှားသော်လည်း အသံတွေကား မမှန်ပါတော့ချေ။ ဟုတ်ပါ့၊ ပြောရင်းမှာ ပင် ကျွန်တော် မျက်ရည်ကျနေပြီ ကြောင့်ပါ။ မျက်ရည်ကျတာ လူမြင်ရုံရှိ သည်။ အသံ မမှန်တာက သရုပ်ပျက်လှ သည်။ ဟုတ်ပါ့၊ ဘာစကားပြောပြော ဟာသနှောတောင် ကျွန်တော့်အသံမှာ ငိုသံပါကြီးနှင့်ပါတကား။
သုမောင်
မှတ်ချက်။ ။ စာရေးဆရာသေရင် နတ်ပြည်ရောက်သတဲ့။ စာရေးဆရာကြီး ဦးရန်အောင်၏ မှတ်ချက်စကား။
သြော်... ခုနှယ်ခါ တာဝတိံသာ (စာဝတိံသာ)မှာ ဆရာသုခနှင့် ဆရာ သာဓုတို့ ကိုယ့်ဘုံနှင့်ကိုယ် စံနေကြ ရော့မည်။ ဘုံချင်းကတော့ အလှမ်းကွာ ပေလိမ့်မည်။ နတ်“သုခ” ဘုံက ဘုရား ရှင်၏ “ဆံတော်မြတ်စေတီ” နှင့် နီးပေ လိမ့်မည်။ နတ်“သာဓု” ဘုံကတော့ ၀ိ သကြုံနတ်၏ဘုံနှင့် ကပ်လျက်ဖြစ်လိမ့် မည်။ (ဆရာသာဓု၏ သီးခြားဝါသနာ မော်တော်ကားပြင်ခြင်း ဖြစ်သဖြင့် ၀ိသကြုံနတ်မြင်းလှည်း သူပဲ ဒိုင်ခံပြင် နေမှာကိုးလေ။)
အဘိုးနှင့် အဖေတို့၏ သားမြေး စာရေးဆရာစစ်စစ် ဖြစ်သွားပြီဖြစ်သော သုမောင်။
(ဆရာသုခ ရာပြည့်အကြို)
သုမောင်
Written by သုမောင်
Wednesday, 23 December 2009 09:26
Credit@ ရွှေအမြူတေမဂ္ဂဇင်း January 2010