RSS
twitter
Nyizaw
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

မျှော်လင့်ချက်-ဂျူး

အိပ်မက်

ငယ်ငယ်တုန်းက ကျွန်မမှာ ရယ်စရာကောင်းသော အိပ်မက်နှစ်ခု ရှိခဲ့သည်။ရယ်စရာကောင်းသည်ဟု ပြောရခြင်းမှာ ထိုအိပ်မက်တို့ အကြောင်းကို တစ်စုံတစ်ယောက်အား ကျွန်မပြောမိတိုင်း ထိုသူက ရယ်မောတတ်သောကြောင့် ဖြစ်သည်။
ပထမအိပ်မက်ကို ရောင်စုံရှုခင်းဓာတ်ပုံစာအုပ်ထဲမှာ တွေ့ရသော ပြင်သစ်နိုင်ငံရှိ ကြီးကျယ်ခမ်းနားလှသည့် ရဲတိုက်ကြီးများအား နှစ်သက်စွာ တအံ့တသြငေးမောရင်းက ရခဲ့၏။ ထိုရဲတိုက်ကြီး တစ်ခုခုကို ပိုင်ဆိုင်လိုမှုပင်ဖြစ်သည်။

တစ်ခါမှာတော့ တစ်ယောက်ယောက်က...... ” မီလျံနာသူဌေးကြီးတစ်ယောက်ကို လက်ထပ်ဖို့ ကြိုးစားပေါ့ဟာ” ဟု ရယ်မောခဲ့လေသည်။
ထိုစကားကြောင့် ကျွန်မအတော် အောင့်သက်သက် ဖြစ်သွားခဲ့ရသည်။ ရယ်စရာချင်း အတူတူ ဘာကြောင့် ”မီလျံနာသူဌေးမကြီး ဖြစ်အောင်ကြိုးစားပေါ့”ဟု
သူမရယ်မောခဲ့တာလဲ။ဘာကြောင့်သူဌေးကြီး ကိုလက်ထပ်ဖို့ ကြိုးစားခိုင်းတာလဲ။ ကျွန်မ၏ အိပ်မက်သည် မိန်းကလေးတစ်ယောက်နှင့် မအပ်စပ်သောအိပ်မက်ဖြစ်နေလေသလား။ မိန်းကလေးတစ်ယောက် ဘယ်လိုနည်းနှင့်မျှ အကောင်အထည်မဖော်နိုင်သည့် အိပ်မက်တခုမှ ကျွန်မမက်ခဲ့မိတာလား။

နားမလည်နိုင်မှုနှင့် ဒေါသ၊ မခံချင်စိတ်တို့ ဖိစီးလျက် ကျွန်မလပေါင်းများစွာ မကျေမလည်ဖြစ်ခဲ့ရဖူးသည်။ နောက်တော့ ထိုအိပ်မက်သည် တကယ်ပင် ကျွန်မထံမှ တရွေ့ရွေ့ ဝေးကွာကာ မှေးမှိန်ပျက်ပြယ်သွားခဲ့လေသည်။
နောက်အိပ်မက်တစ်ခုကတော့ စာရေးဆရာတစ်ယောက်ဖြစ်လိုမှုပါပဲ။ ထိုအိပ်မက်ကိုလည်း သူတို့ရယ်မောခဲ့ကြလေသည်။

သို့သော် ထိုအိပ်မက် အတွက်တော့ဖြင့်ကျွန်မမနာကျည်းခဲ့ရပေ။ အိပ်မက်သည် အချိန်ကြာမြင့်လာသည်နှင့် အမျှ ခိုင်မာစွဲမြဲလာပြီး သေချာမှု၊ ကြိုတင်ပြင်ဆင်မှုများနှင့် ပေါင်းစပ်လိုက်သောအခါ မျှော်လင့်ချက်အဖြစ် တစ်ဆင့်တက်သွာသည်။

ထိုမျှော်လင့်ချက်သည် ကျွန်မရင်ထဲ ဦးနှောက်ထဲမှာ အဆင့်သင့်အနေထားဖြင့် ဆန္ဒပြင်းပြစွာ တည်ရှိနေခဲ့၏။ အခွင့်ကြုံကြိုက်သည့် အခါ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရုံသာဖြစ်သည်။ ထိုခြေလှမ်းသည် ကျွန်မဘ၀ကို ကျွန်မအလိုရှိရာသို့ ခေါ်ဆောင်သွားလိုက်ခြင်းဖြစ်သည်။
ရယ်စရာကောင်းသည့် အိပ်မက်ကလေးတစ်ခုကို တကယ်ယုံကြည်စိတ်ချရပါသလား၊ တကယ်စွမ်းအားရှိပါသလား၊ ခြေလှမ်း လှမ်းပြီး ဘာမှခရီးမပေါက်သူတွေမရှိဘူးလား။

အိပ်မက်ကိုလက်တွေ့ အကောင်အထည် မဖော်နိုင်သူတွေ ဘာ့ကြောင့် ဒီလောက်များပြားနေရပါသလဲ။
ထိုမေးခွန်းများအတွက် အဖြေမှာ တစ်ခုတည်းသာဖြစ်၏။ ၄င်းအဖြေမှာလည်း မေးခွန်းတစ်ခုဖြစ်သည်။
“ အိပ်မက်ကို မျှော်လင့်ချက်တစ်ခုအဖြစ် တစ်ဆင့်တက်ပြီး အသွင်ကူးပြောင်းခဲ့တာ သေချာပါရဲ့လား”

မျှော်လင့်ချက်၏ သန္ဓေ

အိပ်မက်သည် မျှော်လင့်ချက်၏ သန္ဓေဖြစ်ပြီး မျှော်လင့်ချက်သည် ကျန်းမာသန်စွမ်းသော ရင်သွေးငယ် ဖြစ်သည်။ အိပ်မက်တစ်ခုကို ဖမ်းဆုပ်ယူဖို့ခက်ခဲ၏။ ထိုအိပ်မက်တစ်ခုမှ မျှော်လင့်ချက်တစ်ခု မွှေးဖွားလာဖို့ ပို၍ခက်ခဲပါသည်။ အိပ်မက်သည် မထင်မရှား မှေးမှိန်လာရာမှ ပျက်ပြယ် ပျောက်ကွယ်သွားတတ်သည်။ သန္ဓေသည် ကိုယ်ဝန်ရက်သားအရွယ်တွင် ပျက်စီးနိုင်၏။ ကိုယ်ဝန်လသားအရွယ်တွင် ပျက်စီးနိုင်၏။ မွေးဖွားစဉ်မှာလည်း ပျက်စီးနိုင်သေး၏။ မွေးဖွားပြီး ရက်သားအရွယ်၊ လသားအရွယ်တို့တွင်လည်း ပျက်စီးနိုင်သေးသည်။

အိပ်မက်သည် ရလိုက်သောအချိန်တွင် ဘာတန်ဖိုးမှ မပေးရသော်လည်း ပျက်ပြယ်သွားသည့်အချိန်တွင် တန်ဖိုးကြီးလေသည်။ အကြောင်းမှာ အိပ်မက်တစ်ခုပြိုကွဲဆုံးရှူံးသွားလျှင် ခံစားရမည့် နာကျင်မှုမှာ ကြီးမားလှသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မျှော်လင့်ချက်ဆိုသည်မှာ တိုင်းဆ၍မရအောင် တန်ဖိုးကြီးသည်ဟု ဆိုကြပါစို့။ မျှော်လင့်ချက် ပြိုကွဲပျက်စီးသွားသောအခါ လူ၏ဘ၀လည်း ပျက်စီးရတတ်သည်။

ဆရာကြီးမင်းသုဝဏ်၏ “ဘကြီးအောင်ညာတယ်” သတ္ထုတိုထဲမှ မျှော်လင့်ချက်ပြိုကွဲပျက်စီးသွားသော ကလေးငယ်ကို ကျွန်မဘယ်တော့မှ မမေ့နိုင်ပါ။ ထိုကလေးငယ်၏ မျှော်လင့်ချက်သည် သူ့အသက်နှင့်ထပ်တူတန်ဖိုးကြီးလှ၏။ မျှော်လင့်ချက် ပျက်စီးသွားချိန်တွင် သူ့အသက်သည် ပျက်စီးဆုံးရှူံးရလေသည်။

မျှော်လင့်ချက်နှင့် အသက်ရှင်နေကြသူများ

လူသားအားလုံးသည် ကိုယ့်ကိုယ်ကို “ မျှော်လင့်ချက်နှင့် အသက်ရှင်နေသူများ” ဟု ရည်ညွန်းလေ့ ရှိသည်။ ထို့အတူ “မျှော်လင့်တိုင်းလဲဖြစ်မလာဘူး ” ဟူသော စကားကိုလည်း မကြာခဏ သုံးနှုန်းညည်းညူရလေ့ရှိပါသည်။
မျှော်လင့်ချက်ရှိပြီး ဘာကြောင့် အကောင်အထည်မဖော်နိုင်ရတာလဲ။ တွေးစရာရှိသည်မှာ မိမိသည်တစ်စုံတစ်ခုသော အခြေအနေကို တကယ်မျှော်လင့်ခဲ့တာမှ ဟုတ်ရဲ့လား။ လူသားတိုင်းလက်ရှိဘ၀ထက် ပိုမိုတိုးတက်မြင့်မားချင်စိတ် ရှိကြသည်။ လက်ရှိအခြေအနေထက် တိုးတက်မြင့်မားချင်စိတ် ရှိကြသည်။ လက်ရှိအခြေအနေထက် တိုးတက်မြင့်မားချင်စိတ် ရှိကြသည်။ လက်ရှိအခြေအနေထက် တိုးတက်ဖွံ့ဖြိုးသော ဘ၀တစ်ခုခုကို ဖြစ်ချင်ကြသည်။ ထိုဖြစ်ချင်စိတ်တစ်ခုတည်း သည်မျှော်လင့်ချက် ဟုတ်ပါသလား။

မျှော်လင့်ချက်ဟူသောအရာ၏ အနက်အဓိပ္ပာယ်အစစ်ကို သေသေချာချာ သဘောပေါက်နားလည်ဖို့လိုပါသည်။ ကိုယ့်မျှော်လင့်ချက် အကြောင်းကို ကိုယ်တိုင်ဘယ်နှစ်ကြိမ်များ ခွဲခြားစိတ်ဖြာ လေ့လာခဲ့ဖူးပါသလဲ။
လူတစ်ယောက်မှာ မျှော်လင့်ချက်ရှိဖို့အတွက် ထိုလူသည် ဘ၀ကို မက်မောတွယ်တာစွာ ချစ်ဖို့လိုသည်။ ဘ၀ကိုချစ်မက်သူထံမှာသာ မျှော်လင့်ချက်ရှိနိုင်သည်။ သို့သော် အများစုသော လူတို့သည် ဘ၀ကို ချစ်မက်ကြ၏။ ထို့ကြောင့် “လူဆိုသည်မှာ မျှော်လင့်ချက်နှင့် အသက်ရှင်နေကြသည်” ဟူသောစကား ပေါ်ပေါက်လာခြင်းဖြစ်သည်။

အိမ်ရှင်မတစ်ယောက်တွင် မျှော်လင့်ချက်ရှိသည်။ ၀န်ထမ်းတစ်ယောက်တွင် မျှော်လင့်ချက်ရှိသည်။ ဆရာဝန်တစ်ယောက်တွင် မျှော်လင့်ချက်ရှိသည်။
“အိမ်ရှင်မ တစ်ယောက်တွင် မျှော်လင့်ချက်ရှိသည် ” ဆိုရာ၌ အိမ်ရှင်မ၏မျှော်လင့်ချက်ကို လေ့လာကြည့်ရန် လိုပါသည်။ အိမ်ရှင်မ၏မျှော်လင့်ချက်က ဘာလဲ၊ နေ့စဉ် အိမ်သားများစားသောက်ရန် ချက်ပြုတ်ရေးတာဝန်ဖြင့် ဈေးသွားနေရသည့် အိပ်ရှင်မသည် ဘာကို မျှော်လင့်ပါသလဲ။ကုန်ဈေးနှုန်းကျဆုံးဖို့ မျှော်လင့်သလား။ လုံဝမဟုတ်ပါ။ ကုန်ဈေးနှုန်း ကျဆင်းဖို့သူတို့မှာ မျှော်လင့်ချက်မရှိပါ။ ဈေးသည်တို့၏ ချိုသာစွာဆက်ဆံမှု၊ အလေးချိန်မှန်ကန်မှု တို့ကို မျှော်လင့်သလား။ လုံးဝမဟုတ်ပါ။ မိမိခင်ပွန်းဝင်ငွေ ပို၍ကောင်းမှုကို မျှော်လင့်သလား၊ လုံးဝမဟုတ်ပါ။

မိမိ၏ပြုပြင်မှုဖြင့် မပြောင်းလဲနိုင်သောအရာများကို စိတ်ကူးယဉ်တမ်းတခြင်းသည် မျှော်လင့်ချက်မဟုတ်ပါ။ ဒါဖြင့် သူတို့၏မျှော်လင့်ချက်ကဘာလဲ။ နေ့စဉ် အသုံးစရိတ်ကိုတစ်နေ့ထက်တစ်နေ့ ပို၍ စနစ်ကျစွာမှန်ကန်စွာ သုံးစွဲနိုင်အောင်၊ အဖိုးနည်း ၀န်ပါသဘောတရားကို အသုံးချနိုင်အောင် အားထုတ်ကြိုးစားခြင်း၊ ရလဒ်ကိုလည်း ယုံကြည်စိတ်ချခြင်း။ ၄င်းသည် သာမာန်အိမ်ရှင်မတစ်ဦး၏ မျှော်လင့်ချက်ဖြစ်သည်။

ဝန်ထမ်းတစ်ယောက်၏ မျှော်လင့်ချက်ကဘာလဲ၊ ၀န်ထမ်းအားလုံး ယေဘုယျ လစာဆိုးဖို့လား၊ လုံးဝမဟုတ်ပါ။ ထို့ပြင် လစာတိုးခြင်းသည် သူတို့၏စားဝတ်နေရေး ပြေလည်မှုအတွက် အမြဲမှန်ကန်သော အကြောင်းတရားမဟုတ်။ လစာအနည်းငယ်တိုးမည့် အရိပ်အယောင်ဖြင့်ပင် ကုန်ဈေးနှုန်းများ ဗြုန်းခနဲ မြင့်မားလာလေ့ရှိကြောင်း သူတို့သိပြီးဖြစ်သည်။

ဝန်ထမ်း၏မျှော်လင့်ချက်သည် မိမိကိုယ်တိုင် ရာထူးတိုးတက်ဖို့ဖြစ်သည်။ ရာထူးတိုးလိုခြင်းသည် လစာတိုးဖို့ဆန္ဒ သက်သက်မဟုတ်၊ လုပ်ပိုင်ခွင့်အာဏာ ပိုမိုကျယ်ပြန့်လိုသောဆန္ဒ ကြောင့်လည်းဖြစ်သည်။
ဝန်ထမ်းတစ်ယောက်၏ မျှော်လင့်ချက်ဆိုသည်မှာ ပိုမိုမြင့်မားသောရာထူးနှင့် အခွင့်အာဏာရယူရေးအတွက်အားထုတ်ရင်း၊ အခွင့်အရေးကို အဆင့်သင့်အကဲခတ်နေခြင်း ဖြစ်သည်။

ဆရာဝန်တစ်ယောက်၏မျှော့်လင့်ချက်က ဘာလဲ။ မိမိ၏ကုသမှုဖြင့် လူနာများ ရောဂါပျောက်ကင်းအောင် အားထုတ်ခြင်း၊ ထိုမှ မိမိကို အားကိုးသောလူနာများ ပို၍ပို၍များလာကာ ထိုလူနာများ၏ရောဂါပျောက်ကင်း သက်သာမှုပြေီးကာင့်ပင် မိမိ၏ကျော်စောမှု၊ သြဇာနှင့် ဘ၀အဆင့်အတန်း မြင့်မားရေးဖြစ်သည်။

အိမ်ရှင်မ၊ ၀န်ထမ်း၊ ဆရာဝန် စသူတို့သည် ကိုယ့်ဘ၀ကို ကိုယ်တိုင်ရွေးချယ် ကန့်သတ်ခဲ့ပြီးသူများ ဖြစ်သောကြောင့် ၄င်းတို့၏မျှော်လင့်ချက်သည် “ရွေးချယ်ပြီးသူများ ”၏ “အကန့်သတ်ခံ မျှော်လင့်ချက် ”ဖြစ်သည်။
အိမ်ရှင်မအဖြစ် မိမိဘ၀ကိုရွေးချယ်ကာ ရောင့်ရဲခဲ့ပြီးတစ်ယောက်အဖို့ မျှော်လင့်ချက် သည် ရုပ်ရှင်မင်းသမီးဘ၀ မဟုတ်နိုင်ပေ။ ဆရာဝန်အဖြစ် မိမိဘ၀ကိုရွေးချယ်ခဲ့ပြီးသူ တစ်ယောက်အဖို့လည်း မျှော်လင့်ချက်သည် လေယဉ်ပိုင်းလော့ဘ၀ မဟုတ်နိုင်ပေ။

ဤအချက်များအရ ထင်ရှားသည်မှာ မျှော်လင့်ချက်သည် ဖြစ်ချင်မှုဆန္ဒတစ်ခုတည်းမဟုတ်။
မျှော်လင့်ချက်ဆိုတာ ဘာလဲ။
ဘာလဲဟူသော အဖြေကိုမရှာမီ မျှော်လင့်ချက်ဆိုတာ “ဘာ” မဟုတ်ဘူးလဲ ဟု အဖြေရှာကြည့်ရန် သင့်တော်ပါလိမ့်မည်။

မျှော်လင့်ချက်မဟုတ်သော ဆင်တူရိုးမှား စိတ်ဆန္ဒများ

လူတစ်ယောက် ထီငါးဆယ်ကျပ်ဖိုးထိုးပြီး သိန်းငါးဆယ် ထီပေါက်ခဲ့ရင်..... ဟု စိတ်ကူးယဉ်တွေးတောနေခြင်းသည် မျှော်လင့်ချက် ဖြစ်သလား။
မျှော်လင့်ချက်သည် ကံကြမ္မာအပေါ်မှာ အားကိုးနေရသည့် “အနာဂတ်ကို စိတ်ကူးယဉ်မှု” မဟုတ်ပါ။
ဉာဏ်ရည်လည်းနိမ့်ကျ၊ ကြိုးစားအားထုတ်မှုလည်းမရှိ၊ ပေါ့တီးပေါ့ဆ ကျောင်းသားတယောက်က ဆယ်တန်းမှာ ဘာသာစုံ ဂုဏ်ထူးရခဲ့လျှင်.....ဟု စိတ်ကူးယဉ် တွေးတောနေခြင်းသည် မျှော်လင့်ချက်ဖြစ်သလား။

ကိုယ်တိုင်အားထုတ်မှု မပါဝင်သော ဖြစ်ချင်စိတ် သက်သက်သည် မျှော်လင့်ချက်မဟုတ်ပါ။ ဆိုပါစို့။
ယခုလက်ရှိအခြေအနေအရ ကင်ဆာရောဂါတိုင်းသည် ကုသပျောက်ကင်းဖို့ မဖြစ်နိုင်။ အိတ်(ဒ်)(စ်) ရောဂါသည် ကုရာနတ္ထိဆေးမရှိ။ ထိုရောဂါများ၏ ကုထုံးများအတွက် လူသားသည် အချိန်၏ဖန်တီးမှုကို စောင့်ဆိုင်းနေသင့်ပါသလား။ နောက်တစ်နှစ်ကျရင်တော့ တစ်ယောက်ယောက်က ကုထုံးကုနည်း ရှာတွေ့ကောင်းပါရဲ့။ နောက်ဆယ်စုနှစ်ကျရင်တော့ တွေ့ကောင်းပါရဲ့။ နောက်ရာစုနှစ်ကျရင်တော့ တွေ့ကောင်းပါရဲ့.....စသည်ဖြင့် မိမိကိုယ်တိုင် ကြိုးစားရှာဖွေဖို့ စိတ်မ၀င်စားဘဲ အချိန်ကို စောင့်ဆိုင်းတမ်းတခြင်းသည် မျှော်လင့်ချက်ဖြစ်သလား။

“အချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ်”
ထိုစကားကို မကြာခဏသုံးစွဲတာ တွေ့ဖူးပါသည်။ ချွင်းချက်ဖြင့် သာ လက်ခံသင့်သည့် စကားဖြစ်သည်။ ဖြစ်ပြီးသွားသော၊ ပြုပြင်မရနိုင်တော့သော ကိစ္စအတွက် မိမိက ထိုအဖြစ်ကို တည်ငြိမ်စွာလက်ခံနိုင်ဖို့ အချိန်၏ အဆုံးအဖြတ်ကို စောင့်ကောင်း စောင့်ကြရပေလိမ့်မည်။ သို့သော် မဖြစ်သေးသော တစ်စုံတစ်ခု၊ ဖြစ်လာဖို့ ကိစ္စမှာတော့ အချိန်က ဘာမျှအဆုံးအဖြတ်မပေးနိုင်ပါ။

အချိန်ဘယ်လောက်ကြာကြာ ဖြစ်လာအောင် မကြိုးစားသရွှေ့တော့ မည်သည့်အရာမျှ ဖြစ်မလာနိုင်ပါ။ အချိန်နှင့် အနာဂတ်ကို ကိုးကွယ်ခြင်းသည် မျှော်လင့်ချက်မဟုတ်ပါ။ လူအများယူဆနေကြသလို အလိုဆန္ဒများ၊ ဖြစ်ချင်စိတ်များ ရှိနေခြင်းကို မျှော်လင့်ချက်ဟု ခေါ်နိုင်ပါသလား။ ဤသို့ ခေါ်မည်ဆိုလျှင် ကားတွေ၊ အိမ်တွေ၊ မြေတွေ ပို၍ပို၍ ပိုင်ဆိုင်ရန် ဆန္ဒရှိသူများကို မျှော်လင့်ချက်နှင့် အသက်ရှင်နေသူများဟု သတ်မှတ်နိုင်သလား။ တကယ်တော့ထိုသို့မဟုတ်ပါ။ ၄င်းတို့သည် သုံးဖြုန်းမှုပမာဏ ပိုမိုများပြားနိုင်ရန် ဆန္ဒပြင်းပြစွာ ဖျတ်လတ်နေသူများသာ ဖြစ်သည်။ မျှော်လင့်ချက်ရှိသောသူများမဟုတ်။

မျှော်လင့်ချက်၏ ပန်းတိုင်၊ သို့မဟုတ် အပြုလုပ်ခံ ကံ သည်အရာဝတ္ထုမဟုတ်။ ပို၍ပြည့်ဝသော ဘ၀တစ်ခုဖြစ်သည်။ ပို၍ရှင်သန်သော၊ ပို၍လွတ်လပ်သော အခြေအနေတစ်ခုဖြစ်သည်။
၎င်းကို ဘာသာရေးဝေါဟာရဖြင့် သုံးနှုန်းလျှင် (အပြစ်တို့မှ) “သက်သာအောင်ကယ်တင်ခြင်း” ဟုပြောနိုင်သည်။ သို့မဟုတ် နိုင်ငံရေးဝေါဟာရဖြင့်သုံးနှုန်းလျှင် “တော်လှန်ရေး”ဟုပြောနိုင်သည်။
ထိုစိတ်အခြေအနေဖြစ်ပေါ်မှ မျှော်လင့်ချက်ဟု ပြောနိုင်သည်။

သို့သော် အပြုပြင်ဖန်တီးခံသဘော (Passiveness) နှင့် စောင့်ဆိုင်းမှုသဘော (Waiting for) ပါဝင်နေပြန်လျှင်လည်း ၄င်းကို မျှော်လင့်ချက်ဟု မသတ်မှတ်နိုင်ပေ။ ၄င်းသည် သည်းခံလက်လျှော့မှု ပါဝင်သော ဆန္ဒတစ်ခုပင် ဖြစ်နေပေလိမ့်မည်။
ထိုကဲ့သို့ အပြုပြင်ဖန်တီးခံသဘော နှင့် စောင့်ဆိုင်းမှုသဘောပါဝင်နေပြန်လျှင်လည်း ၄င်းကိုမျှော်လင့်ချက်ဟု မသတ်နိုင်ပေ။ ၄င်းသည်သည်းခံလက်လျှော့မှု ပါဝင်သောဆန္ဒတစ်ခုပင် ဖြစ်နေပေလိမ့်မည်။

ထိုကဲ့သို့ သည်းခံလက်လျှော့မှုပါဝင်သော ဆန္ဒအမျိုးအစားတစ်ခု အကြောင်းကို ဂျာမန်စာရေးဆရာ ကပ်ဖ်ကာ က ပုံဝတ္ထုတစ်ခုဖြင့် လှပစွာသရုပ်ဖော်ခဲ့ဖူးသည်။ ၄င်းမှာ တရားဥပဒေ၏ ရှေ့မှာ ဆိုသည့် ပုံဝတ္ထုဖြစ်သည်။
ကောင်းကင်ဘုံ သို့မဟုတ် တရားဥပဒေဆီသို့ သွားရာတံခါးပေါက်တစ်ခုသို့ လူတယောက် ရောက်လာပြီး တံခါးစောင့်ထံမှ ၀င်ခွင့်ကိုတောင်းခံလေသည်။ တံခါးစောင့်က ၀င်ခွင့်မပေးသေးပါဟု ငြင်းဆိုသည်။ ထိုတံခါးသည် ပွင့်နေပြီးဖြစ်သော်လည်း ထိုလူသည် ၀င်ခွင့်ရရှိရန်အတွက် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့်သူသည် နေ့ပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ထိုင်၍ စောင့်လေသည်။ မကြာခဏပင် မိမိအား ၀င်ခွင့်ပြုပါရန် တောင်းဆိုခဲ့သော်လည်း ၀င်ခွင့်မပေးနိုင်သေးပါဘူး ဟုသာ ငြင်းပယ်ခံရသည်။ ထိုနှစ်ကာလများအတွင်း သူသည် တံခါးစောင့်အား အဆက်မပြတ်လေ့လာလေသည်။ သားမွှေးကော်လာပေါ်မှာ တွယ်ကပ်နေသော မွှားကောင်ကလေးများကို သိလာသည် အထိပင်ဖြစ်သည်။ နောက်ဆုံး သူအိုမင်းလာပြီး သေဖို့ရာ နီးကပ်လာသည်။

ပထမဆုံးအကြိမ်အဖြစ် သူက တံခါးစောင့်အား မေးခွန်းတစ်ခုမေးလိုက်သည်။ “ အခုလောက်နှစ်တွေ ကြာလာခဲ့တာတောင်မှ ဒီတံခါးကို ကျွန်တော်ကလွဲပြီး ၀င်ခွင့်လာတောင်းတဲ့သူ ဘယ်သူမှမရှိပါလား၊ အဲဒါ ဘယ်လိုဖြစ်တာလဲ” ထိုအခါ တံခါးစောင့်က ဖြေလိုက်သည်။
“ ခင်ဗျားကလွဲပြီး ဘယ်သူမှ ဒီတံခါးကို ဖြတ်သန်းဝင်ရောက်ခွင့် မရနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီတံခါးဟာ ခင်ဗျားအတွက် ရည်ရွယ်ထားတာဖြစ်လို့ပဲ။ အခုတော့ ကျုပ်ဒီတံခါးကို ပိတ်လိုက်ပြီ”။

ထိုစကားကို နားမလည်နိုင်တော့လောက်အောင် သူအိုမင်းခဲ့ပြီ။ သို့သော် သူအသက်ငယ်ရွယ်သေးလျှင် နားလည်ချင်မှ နားလည်နိုင်ပါလိမ့်မည်။ သူ့လိုလူစားမျိုးသည် ဗြူရိုကရက်တို့၏ စကားကို မပယ်ရှားနိုင်ပေ။
အကယ်၍သာ သူ့တွင်စောင့်ဆိုင်းမှုကဲသော အပြုပြင် ဖန်တီးခံတို့၏ ဆန္ဒထက် နည်းနည်း ပို၍ ခွန်အားသတ္တိရှိခဲ့မည်ဆဆိုလျှင် ဗြူရိုကရက် တို့ကို အာခံရဲသည့်သတ္တိဖြင့် သူသည် လွတ်မြောက်ရာ ကောင်းကင်ဘုံ၊ တောက်ပသောနန်းတော်ဆီသို့ ရောက်ရတော့မည် ဖြစ်သည်။ ယခုတော့ သူ့လိုလူမျိုးသည် တစ်စုံတစ်ယောက်က မီးစိမ်းပြလာမည့် ကာလကို စောင့်မျှော်ရင်း.......စောင့်ရင်း......စောင့်ရင်း.....အချိန်တွေကုန်ခဲ့ရတော့သည်။

ကပ်ဖ်ကာ၏ လူအိုကဲ့သို့လူမျိုးများ လောကတွင် များပြားလှသည်။ ၄င်းတို့သည် မျှော်လင့်ချက်ဖြင့် အသက်ရှင်သူဟု မပြောနိုင်ပေ။

မျှော်လင့်ချက်၏ အဓိပ္ပာယ်

မျှော်လင့်ချက်ဆိုသည်မှာ အမှန်တရားနှင့် ဆိုင်သည်။ပြုပြင်ဖန်တီးခံ စောင့်ဆိုင်းမှု မဟုတ်သလို မဖြစ်ပေါ်လာနိုင်သေးသည့် အခြေအနေတစ်ခုတွင် ဇွတ်အတင်း မမှန်မကန် အားထုတ်ခြင်းလည်းမဟုတ်။ ခြေကုန်လက်ပန်းကျနေသော ပြုပြင်ပြောင်းလဲရေးဝါဒလည်းမဟုတ်။ အခြေခံမကျသည့် အစွန်းရောက်စွန့်စားမှုဝါဒတစ်ခုလည်းမဟုတ်ပေ။

မျှော်လင့်ချက်သည် ငြိမ်သက်စွာဝပ်၍ ချေင်းမြောင်းနေသော ကျားတစ်ကောင်ဖြစ်သည်။ ကျားသည် မိမိခုန်အုပ်ရမည့်အချိန်ကို အတိအကျရောက်မှာသာ ခုန်အုပ်လေသည်။
မျှော်လင့်ချက်ရှိရန်ဆိုသည်မှာ တည်ရှိဖြစ်ပေါ်မှု အခြေအနေ တစ်ခုဖြစ်သည်။ မိမိကိုယ်တွင်းမှာတည်ရှိသော ပြင်းပြသည့် အဆင်သင့်ဖြစ်မှုတစ်ခုဖြစ်သည်။ လိုအပ်သည့်အခါ လှုပ်ရှားမှု ခွန်အားကို အသုံးပြုနိုင်ရန် အဆင်သင့်ရှိသော သတိပြုမှုတစ်ခုဖြစ်သည်။

၎င်းသည် ဘ၀တည်ဆောက်မှုများအတွက် အတွင်းပစ္စည်းတစ်ခုဖြစ်သည်။ လူ့စိတ်ဝိဉာဏ်၏ ဖြတ်လတ်လှုပ်ရှားမှုတစ်ခုဖြစ်သည်။ မျှော်လင့်ချက်သည် လူ့ဘ၀၏ အခြားသောအတွင်းပစ္စည်းတစ်ခုနှင့် ဆက်သွယ်လျက်ရှိသည်။ ၄င်းမှာ ယုံကြည်မှု ဖြစ်သည်။

ယုံကြည်မှု

ယုံကြည်မှုဆိုရာ၌ ဤအရာအပေါ်မှာ ၊ထိုအရာပေါ်မှာ ယုံကြည်သက်ဝင်သည်ဟု အဓိပ္ပာယ်ရသော ၊ပျော့ညံ့သည့် ယုံကြည်သက်ဝင်မှု အမျိုးအစားကို ဆိုလိုခြင်း မဟုတ်ပေ။

ယုံကြည်မှုဆိုသည်မှာ ယခုထိသက်သေမပြရသေးသည့် တကယ့်ဖြစ်နိုင်ချေအသိတရားပေါ်မှာ ခိုင်မာစွာသဘောပေါက်နားလည်ခြင်းကိုခေါ်သည်။ ယုံကြည်မှုသည် (မျှော်လင့်ချက်ကဲ့သို့ပင်) အနာဂတ်ကို ကြိုတင်မှန်းဆခြင်းမဟုတ်၊ မဖြစ်ပေါ်သေးသည့် အခြေအနေမှာရှိသည့် ပစ္စုပ္ပန်၏ အမြင်တစ်ခုဖြစ်သည်။ တစ်နည်းပြောရလျှင် ယုံကြည်မှုသည် သံသယမှ လွတ်ကင်းသည့် သေချာမှုနှင့် သက်ဆိုင်နေသည်။

မျှော်လင့်ချက်အတွက် ယုံကြည်ရာ၌ ဖြစ်နိုင်ချေ၏ အဖြစ်မှန်သဘောကို သေချာရေရာ သဘောပေါက်ဖို့ လိုအပ်သည်။ သို့သော် ကြိုတင်သိမှု နိမိတ်ဖတ်မှုတို့ဖြင့် သေချာဖို့လိုအပ်ခြင်းတော့ မဟုတ်ပေ။ လူတစ်ယောက်၏ အမြင်နှင့် နားလည်နိုင်မှု အခြေအနေလိုက် သေချာခြင်းမျိုးကိုသာ ဆိုလိုပါသည်။

ဥပမာ လူတစ်ယောက်က စာရေးဆရာဖြစ်ဖို့သေချာပါသည်ဟု မည်သူက နိမိတ်ဖတ်နိုင်မှာလဲ။ မည်သူက ကြိုတင်ဟောကိန်း ထုတ်ပေးနိုင်မှာလဲ။ သို့သော် သူ့မှာ သေချာမှုတစ်ခု ရှိဖို့လိုသည်။ မိမိသည် စာရေးဆရာအဖြစ်မှတပါး အခြားမည်သည့်ဘ၀ကိုမှ မလိုအပ်ပါဟူသော သေချာမှု၊ ထို့ပြင် ကိုယ့်ကိုယ်ကို စာရေး စာဖတ်နိုင်ကြောင်း သေချာမှု၊ ထို့ပြင်တခြားသူများ၏ ဘ၀ကို မျှဝေခံစားလိုစိတ်ရှိကြောင်း ကိုယ့်ကိုယ်ကို သေချာမှု ၊ လူအများနားလည်အောင်ေ၇းသည့် နည်းပညာများကို စိတ်ရှည်ရှည်လေ့လာချင်စိတ် ရှိကြောင်း ကိုယ်တိုင်သေချာမှု စသည့်သေချာမှုများဖြစ်သည်။ ထိုသေချာမှုများနှင့်သတိများ မရှိခဲ့ပါလျှင် စာရေးဆရာဖြစ်ချင်စိတ်သည် ခပ်ပေါ့ပေါ့စိတ်ဆန္ဒအဖြစ်သာ တည်ရှိပေလိမ့်မည်။

ယုံကြည်မှုနှင့်ရော မျှော်လင့်ချက်နှင့်ပါ ဆက်သွယ်နေသည့် အခြားအတွင်းစိတ် အခြေအနေတစ်ခုလည်း ရှိပါသေးသည်။ ၄င်းမှာ သတ္တိဖြစ်သည်။

သတ္တိ

သတ္တိဆိုသည်ကို အဓိပ္ပာယ်နှစ်ခွ မထွက်အောင် ပြောဖို့ဆိုလျှင် တစ်နည်းအားဖြင့် ခေါင်းအေးအေးဖြင့် ရင်ဆိုင်နိုင်စွမ်း၊ သို့မဟုတ် ချုပ်တည်းနိုင်စွမ်းသတ္တိ ( Fortitude) ဟုလည်းပြောနိုင်ပါသည်။
ယခုခေတ်မှာ နေရဲအသက်ရှင်ရဲသည့်စိတ်ကို သတ္တိဟုခေါ်ကြသည်ထက် သေရဲသည့်စိတ်ကိုသာ သတ္တိဟု အဓိပ္ပာယ်ကောက်နေကြသည်မဟုတ်လား။ တကယ်တော့ သတ္တိဆိုသည်မှာ တင်းခံနိုင်စွမ်း၊ သွေးအေးအေးခေါင်းအေးအေးဖြင့် ရင်ဆိုင်နိုင်စွမ်းတစ်မျိုးပင် ဖြစ်သည်။

ထို့ကြောင့်မျှော်လင့်ချက်နှင့်သက်ဆိုင်သည့် တင်းခံနိုင်စွမ်း၊ ကြံ့ကြံ့ခံနိုင်စွမ်းကို သတ္တိ ( Courage) ဟုပြောသည်ထက် သွေးအေးအေးရင်ဆိုင်ထိန်းချုပ်မှု (Fortitude ) ဟုပြောသည်က ပို၍ သဘာဝကျပါလိမ့်မည်။

သွေးအေးအေး ရင်ဆိုင်ထိန်းချုပ်မှုဆိုတာဘာလဲ။
တစ်လောကလုံးက “ဟုတ်ပါတယ်” ဟူသောအဖြေကို ကြားချင်နေသည့်အခါသမယတွင် “မဟုတ်ဘူး” ဟုပြောရဲသည့် သတ္တိကို ခေါ်ခြင်းပင်ဖြစ်သည်။ ဤနေရာတွင် မကြောက်ရွံ့ခြင်း
ဟူသော စိတ်အခြေအနေ တစ်ခုအကြောင်း အသေချာ မရှင်းလင်းလျှင် အထက်ပါသွေးအေးအေးရင်ဆိုင်ထိန်းချုပ်နိုင်မှု ကို အပြည့်အ၀ နားလည်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် မကြောက်ရွံ့ခြင်း သဘောတရားကို လေ့လာသင့်သည်။ ခြိမ်းခြောက်မှုကို မကြောက်သူ၊ သေခြင်းကိုပင်မကြောက်သူတို့၏ မကြောက်ရွံ့ခြင်းကို အမျိုးမျိုးခွဲခြားလေ့လာနိုင်၏။

(၁) ဘ၀ကို ဂရုမစိုက် မခင်တွယ်၍ မကြောက်ရွံ့ခြင်း။

သူ့အတွက် ဘ၀သည် သိပ်တန်ဖိုးမရှိ၊ နေရအောင်မထိုက်တန်ပေ။ သေခြင်းတရား၏ အန္တရာယ်ကို သူမကြောက်။ သူသည် ဘ၀ကိုပို၍ ကြောက်ရွံ့သူဖြစ်နိုင်သည်။ သူ၏မကြောက်ရွံ့ခြင်းသည် သူ့ဘ၀၏ချစ်ခြင်းမေတ္တာချို့တဲ့မှုအပေါ် အခြေခံသည်။ သူသည် အန္တရာယ်အခြေအနေများကိုပင် ရှာဖွေလေ့ရှိသည်။ အကြောင်းမှာ သူသည် ဘ၀ကိုသော်လည်းကောင်း၊ သူ့ကိုယ်သူသော်လည်းကောင်း၊ လူအများကိုသော်လည်းကောင်း ကြောက်ရွံ့နေခြင်းမှ ရှောင်ကြဉ်လိုစိတ်ကြောင့် ဖြစ်သည်။

(၂) ကိုးကွယ်ရာတစ်ခုရှေ့မှောက်တွင် သြဇာခံလိုစိတ်ဖြင့် နေထိုင်သူများ၏ မကြောက်ရွံ့ခြင်း။

သူတို့၏ ကိုးကွယ်ရာသည် လူပုဂ္ဂိုလ်ဖြစ်ချင်ဖြစ်မ်ည်။ သဘောတရားတစ်ခု ဖြစ်ချင်ဖြစ်မည်။ ထိုကိုးကွယ်ရာ ပုဂ္ဂိုလ်၏ အမိန့်၊ ထိုသဘောတရား၏ ပညတ်ချက်သည် သူတို့အတွက် အထွက်အမြတ်ဖြစ်သည်။ ကိုယ်ခန္ဓာအသက်ရှင်မှုဆိုင်ရာ လိုအပ်ချက်များကို လစ်လျူရှုရလောက်အောင်ပင် ထိုအမိန့်များ ပညတ်ချက်များက အရေးကြီးနေသည်။
အကယ်၍ ထိုအမိန့်များကိုမနာခံငြင်းပယ်လိုက်လျှင် ကိုးကွယ်ရာလူပုဂ္ဂိုလ်၊ သဘောတရားနှင့်ပတ်သက်သည့် သူတို့၏ရပ်တည်မှု ဆုံးရှုံးခြင်းအန္တရာယ်နှင့် ရင်ဆိုင်ရတော့မည်။ ထိုအန္တရာယ်နှင့်စာလျှင် သူတို့သည် သေခြင်းကိုပင် ပို၍လက်ခံနိုင်သေးသည်။ ထိုအခါ သူတို့သည် မကြောက်ရွံ့သော လူအမျိုးအစားဖြစ်သွားသည်။

(၃) တတိယအမျိုးအစားမှာ အသိဉာဏ်ဖွံ့ဖြိုးပြီးသောလူတို့တွင် တွေ့ရသည့် မကြောက်ရွံ့ခြင်း ဖြစ်၏။

သူသည် သူကိုယ်တိုင်အတွက်အသိစိတ်ရှိပြီး သူ့ဘ၀ကို သူချစ်သည်။ မည်သည့်ကိုးကွယ်ရာကိုမဆို သူလစ်လျူရှုနိုင်သည်။ မည်သည့်အရာကိုမဆို လစ်လျူရှုနိုင်သည်။ သူသည်ဘာမျှ မရှိခြင်းဖြင့် ချမ်းသာသုခကို ရနေသူ။ ဆန္ဒ၏ကျေးကျွန်မဟုတ်သောကြောင့် ခွန်အားရှိနေသူဖြစ်သည်။
ဤလူမျိုးသည် ပြည့်စုံသောအသိတရားဖြင့် အလင်းရခဲ့လျှင် သူသည်လုံးဝသေချာပြီး ပြည့်စုံသောမကြောက်ရွံ့ခြင်းကို ရရှိလိမ့်မည်။

မျှော်လင့်ချက်ပြိုကွဲခြင်း

စစ်မှန်သော မျှော်လင့်ချက်ဖြစ်ပါလျက် ကြိုးစားအားထုတ်သည့်အခါ၊ ဖြစ်မလာဘဲ ပြိုကွဲပျက်ပြယ်သွားရသည့် အချိန်များရှိတတ်ပါသည်။ မျှော်လင့်ချက်ပြိုကြိုခြင်းသည် တစ်နည်းအားဖြင့်လည်း ကောင်း၏။ မျှော်လင့်ချက်ပျက်ပြားမှုကြောင့် အားမလိုအားမရ စိတ်မကျေမနပ်ဖြစ်ရမည်။ ထိုမကျေနပ်စိတ်ကြောင့်ပင် လူ၏ မျှော်လင့်ချက်များ ပိုမိုပြင်းပြခိုင်မာလာနိုင်သည်။ အကောင်းမြင်ဝါဒဖြင့် အိမ်မက်မက်နေသူတစ်ယောက် အဖြစ်မှ ရှောင်ဖယ်ရုန်းထွက်နိုင်မည်။

တစ်ခုပြောစရာရှိသည်မှာ မျှော်လင့်ချက်တစ်ခု စနစ်ကျကျပျက်စီးပြိုကွဲသွားသည့်အခါမျိုးတွင် လူသည်ပြန်လည် (ဆုပ်ကိုင်စရာ) တွယ်ဖက်စရာဟူ၍ ဘာမျှမရှိတော့သည့်ဘ၀သို့လည်း ရောက်သွားနိုင်ပါသည်။

မျှော်လင့်ချက်ပြိုကွဲခြင်းအပေါ်တုန့်ပြန်မှုသည် လူအမျိုးအစားပေါ် မူတည်၍သော်လည်းကောင်း သမိုင်းဆိုင်ရာ စိတ်ပညာဆိုင်ရာအခြေအနေအရပ်ရပ်ပေါ် မူတည်၍သော်လည်းကောင်း ပြောင်းလဲတတ်သည်။

အများစုသော လူသားတို့သည် တည်ဆောက်၍မရလောက်အောင် မျှော်လင့်ချက်ပြိုကွဲသွားသည့်အခါ မိမိတို့၏အလိုဆန္ဒ၊ တောင်းဆိုမှုများကို မိမိတို့ရနိုင်သလောက် အခြေအနေထိ လျှော့ချပစ်လိုက်တတ်သည်။ သူတို့လက်လှမ်းမမီ ဟု ထင်သောအရာများကို အိပ်မက်မျှပင်မမက်ဖြစ်အောင် ထိန်းသိမ်းနိုင်တတ်သည်။ သူတို့သည် လက်လျှော့လိုက်သည့် အကောင်းမြင်ဝါဒတစ်မျိုး၏ ရုပ်ပုံလွှာတစ်ခုပင် ဖြစ်သည်။

မျှော်လင့်ချက်ပြိုကွဲခြင်း၏ အခြားအကျိုးဆက်တစ်ခုမှာ နှလုံးသားမာကြောသွားခြင်းဖြစ်၏။ ထိုသူတို့သည် နောက်ထပ်နာကျင်မှုကို မခံစားနိုင်တော့လောက်အောင် လုံလောက်စွာထိခိုက်နာကျင်ခဲ့ရပြီးပြီဟု ဆုံးဖြတ်၏။ သူတို့သည် နောက်ထပ်ဘာမျှ ခံစားရတော့မည်မဟုတ်။ မည်သူကမျှ သူတို့ကိုနာကျင်အောင် မပြုလုပ်နိုင်။ သို့သော် သူတို့သည် သူတစ်ပါးကိုတော့ နာကျင်အောင် ပြုလုပ်နိုင်လေသည်။ သူတို့၏ ဘ၀အဓိပ္ပာယ်သည် “မည်သူ့ကိုမျှမလိုအပ်ခြင်း” ဟုဖြစ်လာသည်။ သူတို့ကိုမည်သူကမျှ ထိတို့၍မရ၊ မည်သူကမျှခံစားရအောင် ပြုလုပ်နိုင်စွမ်းမရှိခြင်း အပေါ်သူတို့ဂုဏ်ယူကြ၏။ သူတစ်ပါးကိုနာကျင်စေနိုင်သည့် အတွက်ကား သူတို့စိတ်ကျေနပ်မှုရလေသည်။ ထိုလူမျိုးအများစုမှာ စိတ်လက်မရွှင်ပြဘဲ အေးစက်စွာ အသက်ရှင်နေထိုင်ရင်း ဘ၀ကိုကုန်ဆုံးစေရသည်။

ဖြစ်နိုင်ခြေတစ်ခုတော့ရှိ၏။ သူတို့အပေါ်စိတ်ဝင်စားစွာပတ်သက်လာသည့် ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ယုံကြည်စိတ်ချစရာဟုတွေ့သွားနိုင်သည်။ ထိုအခါ သူတို့၏အေးခဲတင်းမာမှုမှာ တဖြည်းဖြည်းပျော့ပျောင်းနှုးညံ့လာတတ်သည်။ ထိုအခါ ပျက်စီးသွားပြီဟုထင်ရသော မျှော်လင့်ချက်မျိုးစေ့ကလေးလည်း ပြန်လည်ရှင်သန်လာရလေသည်။

သည်ထက်ပို၍ဆိုးသော အကျိုးဆက်တစ်ခုဖြစ်သွားနိုင်သေး၏။ ထိုအကျိုးဆက်မှာ ဘ၀ကိုမုန်းတီးခါးသီးမှုမှ ဖြစ်လာသော အကြမ်းဖက်မှု၊ လောကပတ်ဝန်းကျင်ကို ဖျက်ဆီးမှုစသည်တို့ဖြစ်သည်။ အကြမ်းဖက်သမားများ၊ အကျိုးမဲ့ဖျက်ဆီးသူများသည် ထိုအမျိုးအစားထဲတွင် ပါဝင်နေတတ်ပါသည်။

မျှော်လင့်ချက်အမျိုးမျိုး

လူတစ်ဦးချင်းစီအတွက် မျှော်လင့်လင့်ချက်အမျိုးအစားများ မည်မျှပင်ကွဲပြားစေကာမှု မျှော်လင့်ချက်၏ အဓိပ္ပာယ်၊ အခြေခံသဘောတရားနှင့် စွမ်းရည်သတ္တိတို့ကတော့ တစ်မျိုးတစ်စားတည်းသာဖြစ်သည်။ လူတစ်ဦးချင်းအတွက် အမှန်တရားသည် လူမှုပတ်ဝန်းကျင်တစ်ခုလုံးအတွက် လည်း အမှန်တရားသာဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးချင်း၏ မျှေ်လင့်ချက်သည် လူမှုပတ်ဝန်းကျင်တစ်ခုလုံး နိုင်ငံသားအားလုံး၊ တစ်လောကလုံး၏ မျှော်လင့်ချက်လည်းဖြစ်သည်။

သိပ္ပံပညာရှင်တစ်ယောက်၏မျှော်လင့်ချက်မှာ လူသားသည် သဘာဝတရားအပေါ် အနိုင်ရရေးကို ဦးတည်၏။ လောကတွင်လူသားက အစစအရာရာ ဖန်တီးသူ ဆုံးဖြတ်သူ၊ သြဖာလွမ်းမိုးသူဖြစ်ရေးကို ဦးတည်သည်။ လူးသား၏မာန်မာနတို့ ပိုမိုမြင့်မားလာခဲ့ရသည်မှာ သိပ္ပံပညာရှင်တို့၏မျှော်လင့်ချက်ကြောင့်ဖြစိသည်။
စက်မှုပညာရှင်တစ်ယောက်၏ မျှော်လင့်ချက်မှာ လူသား၏လုပ်အား၊ ခွန်အား၊ ပင်ပန်းဆင်းရဲမှုကို လျှော့နည်းအောင် ချွေတာထိန်းသိမ်းနိုင်ရန်အတွက် စက်ကိရိယာများ စက်မှုနည်းပညာများ တီထွင်အသုံးပြုနိုင်ရေးဟု ဆိုနိုင်ပါသည်။

လူမှုရေးပညာရှင်တစ်ယောက်၏ မျှော်လင့်ချက်မှာ လူသည် လူသားစစ်မှန်စွာ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ စောင့်စည်းမှုအကျင့်သီလ ရှိရေး၊ လူနေမှုစနစ်နှင့် လူမှုဘ၀တိုးတက်မြင့်မားရေး၊ လူအချင်းချင်းရိုင်းပင်းကူညီရေး၊ တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးမြင့်မားခြင်းဖြင့် လူမှုပတ်ဝန်းကျင်တစ်ခုလုံး ကိုယ်ရည်ကိုယ်သွေး မြင့်မားရေး၊ ထိုမှနိုင်ငံတစ်ခုလုံး၊ ထိုမှတကမ္ထာလုံးရှိ လူသားများ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေး စသည်တို့ဖြစ်သည်။

သမိုင်းပညာရှင်တစ်ယောက်၏ မျှော်လင့်ချက်မှာ လူ့ယဉ်ကျေးမှု မြင့်မားတိုးတက်ရေးဖြစ်သည်။
စိတ်ပညာရှင်တစ်ယောက်၏ မျှော်လင့်ချက်မှာ လူသားအားလုံး လူပီသစွာ ခံစားတတ်ဖို့၊ အချစ်၊ အမုန်း၊ ရဲရင့်မှု၊ ကြေက်ရွှံ့မှု၊ ပျော်ရွင်မှု၊ ၀မ်းနည်းမှု၊ စသည့် ခံစားချက်များကို မှန်ကန်စွာ ခံစားနိုင်ရေး ဖြစ်သည်။
ဆေးသုတေသန ပညာရှင်တစ်ယောက်၏ မျှော်လင့်ချက်မှာ လူသားအားလုံး ကျန်းမာပျော်ရွှင်ဖို့ ရောဂါဝေဒနာအပေါင်းကို အောင်နိုင်ဖို့ဖြစ်သည်။

လူတိုင်းလူတိုင်းမှာ မိမိအသိစိတ်ဓာတ်အခြေအပေါ်၊ မိမိ၏ဆန္ဒအပေါ်၊ မိမိ၏အတ္တအပေါ်၊ မူတည်င မျှော်လင့်ချက်ကိုယ်စီ ရှိကြပါသည်။ မိမိ၏ မျှော်လင့်ချက်သည်သာ အစစ်အမှန်ဖြစ်ခဲ့လျှင် ထိုမှရလာသော ရလဒ်အဖြေများသည် လူသားအားလုံးဖွံ့ဖြိုးတိုးတက်မည့် အကျိုးတရားအဖြစ် ပေါင်းဆုံသွားကြမည်ဖြစ်သည်။

ကျမ်းညွှန်း၊
ဂျာမန်လူမှုသိပ္ပံပညာရှင် Erich fromm ၏
The Revolution of Hop

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Rain or Shine



It was raining this morning when I left the house.

I got wet, a little but I didn’t mind.

I love the rain. The feel of it as it touches my skin, the sound it makes as it hits my umbrella. There’s nothing like it. I’d take rain over sunshine anytime.

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နောက်ထပ်မဝေးနဲ့တော့

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရက်စက်ရက်တယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အပြစ်

လောကကြီးမှာဗျာ...
လူတွေက..

သူတစ်ပါးရဲ့အပြစ်
သေးသေးလေးပေမယ့်
မြင်လွယ်တယ်။

ကိုယ့်အပြစ်ကြီးပေမယ့်
မြင်ခဲကြတယ်။
ကိုယ့်အပြစ်ကိုတော့
ဖုံးချင်ကြတယ်။

ကိုယ့်အမှားမသိပဲနဲ့
သူတစ်ပါးအမှားကို
ဝေဖန်ရရင် ပျော်နေကြတယ်..
ဟားတိုက် ပြောချင်ကြသေးတယ်...

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သတိရခြင်းဆိုတာ....

သတိရခြင်းဆိုတာ
လွတ်လပ်တယ်၊
တိကျသေချာတယ်၊
သိုဝှက်ဟန်ဆောင်မှု ကင်းတယ်၊
ကျယ်ဝန်းတယ်၊ နက်ရှိုင်းတယ်၊
အနှောင့်အယှက် ကင်းတယ်၊
လုံခြုံတယ်၊
အချက်အလက် ပြည့်စုံတယ်၊
ဒါပေမယ့်….
အထီးကျန်ဆန်တယ်၊
ဝမ်းနည်းစရာ ကောင်းတယ်၊
မရေရာတဲ့ မျှော်လင့်ချက်ရှိတတ်တယ်၊

အဆိုးဆုံးကတော့၊……
တစ်ဖက်သတ်ဆန်တယ်၊၊

အယ်ဖြူ(၁၉၇၁-၂၀၀၄)
တေးရေးအယ်ဖြူ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြာ

ကြာတတ်တာတွေ၊
မကြာစေဘို့၊
ကြာတွေလှူကာ၊
ဆုတောင်းပါသည်၊
မကြာခင်ပဲ ပြည့်ပါစေ။ ...

(မောင်ပန်းမွှေး)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အချစ်

အဖိုးအိုလျှင်.....
ညောင်ညိုရိပ်အောက်၊ ပုဆိန်မြှောက်ကာ
ထင်းပေါက်ခွဲပြီး၊ ချွေးဖြာစီး၏။
အဖွားအိုက....
ရေချိုတခွက်၊ လက်လှမ်းဆက်သည်
အော်.... သက်ရွယ်ခါးကုန်း၊ သွားကြွေပြုန်းလည်း
ချစ်တုန်းခင်တုန်းပါတကား။

ငွေတာရီမဂ္ဂဇင်း ၁၉၆၃

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဒဿဂီရိ

ဒဿဂီရိ ဆိုတာ
ခေါင်းဆယ်လုံး ရှိတယ်လို့
ဇာတ်ထဲမှာ ဖတ်ခဲ့ဖူးပါတယ်။
မယုံစရာကြီး နော်။
ခေါင်းတွေ များလိုက်တာ။
မျက်နှာတွေ များလိုက်တာ။



ခုမှ
သူနှင့် တွေ့လို့
ယုံပြီ။
သူ့လိုပဲ မျက်နှာများမည် ထင်သည်။

မောင်ပန်းမွှေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျားလျှာပန်း

ပန်းအချင်းချင်းကပင်
သူ့ကို အတင်းပြောကြသည်။
ကျားလျှာပန်း ဆိုတာ
ပန်းအစစ် မဟုတ်ဖူးတဲ့လေ။



သူ့အနံ့က မွှေးလည်း မမွှေးတဲ့။
သူ့အဆင်းက လှလည်း မလှတဲ့။
ပန်းပန်သူတို့ကလည်း မပန်ကြတဲ့။
ကုသိုလ်ပြုသူတို့ကလည်း ဘုရားမတင်ကြ။
ခေါင်းမဆင်ကြ။

သို့သော်လည်း
အချင်းတို့.....
ဤ ကျားလျှာပန်းကား
ပန်းတကာတို့ ခန္ဓာစဲသော
နွေခေါင်ခေါင်မှာမှ
နွေကို အံတုလျက် ဖူးပွင့်ရဲသော
ပန်းပင်ဖြစ်ချေသည်တကား။

မောင်ပန်းမွှေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မျက်ရည်ဥ

ပုလဲ ဆိုတာ
မျက်ရည်ဥပါဘဲ အချစ်ရယ်။
သည်တော့
ကမာကောင်သည်
မိမိ မျက်ရည်တွေကို
ဥကလေးတွေလို
ရင်ထဲမှာ သိုဝှက် ထားတတ်ကြပါတယ်။



ထိုအခါ
မကြင်နာတတ်သော သူတို့သည်
သူ့ရင်ကို တဖန် ခွဲ၍
သူ့ မျက်ရည်ကို တဖန် လုယူ၍
မိမိ ချစ်သူတို့၏ လည်မှာ
ဆင်မြန်းပေးကြပြန်သည်။
အို- အချစ်ရယ်
ကုသိုလ်ဆိုးလိုက်တဲ့ ကမာငယ်။

မောင်ပန်းမွှေး

The Egg of Tears
by- Maung Pan Hmwe
translated by- Khin Aye Thet
illustrated by Paw Oo Thet

A pearl, my love,
Is a tear-egg.
In her heart
Dose the oyster hide
Her tears.

And then again
The Incompassionate
Breaks it open,
Grab her tear-egg,
To adorn a beloved's throat,

O my love,
How ill-fated is the little oyster.

မောင်ပန်းမွှေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မင်းသိလာမယ်


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မင်းမှန်ပါတယ်


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တကယ်ဆိုအချစ်ပဲလိုတယ်


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေပါစေ


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Clay Aiken Without You

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အချစ်၏ကိုကို


သိတယ် မဟုတ်လား။ ဒီလ ကျွန်တော် ဆုံတွေ့ပေးမယ့် သူက စာပေ၊ ရုပ်ရှင်နဲ့ ဂီတ အနုပညာ သုံးလောကမှာ ကျင်လည်နေတဲ့ စာရေးဆရာ၊ ရုပ်ရှင်မင်းသား၊ အဆိုကျော် “သုမောင်”လေ။

အချစ် ၀တ္ထုနဲ့ စာပေ လောကမှာ အောင်မြင်မှု ရခဲ့ပြီး အချစ်နဲ့ သူ၏ကိုကို ရုပ်ရှင်ကားမှာ ပရိသတ်တွေ သူ့ကို လက်ခံ အားပေးခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်နဲ့ ဆရာသုမောင် တွေ့ဆုံပေးမယ့် ကဏ္ဍကို “အချစ်၏ကိုကို” လို့ပဲ ခေါင်းစီး တပ်ပေးလိုက်ပါတယ်။

ဆရာက စာရေး ဆရာကြီး ဦးသာဓုရဲ့သား၊ စာရေးဆရာ မောင်ဝဏ္ဏရဲ့ညီဆိုတော့ စာပေလောကထဲ ၀င်ရာမှာ သူတို့တစ်တွေရဲ့ အကူအညီ ရခဲ့ပါလား။ စာပေ လောကထဲ စ၀င်လာပုံက စပြီး ပြောကြရအောင်။

စာပေ လောကကို ကျွန်တော် စရောက်လာတာက ၁၉၆၀ ပြည့်နှစ်...
ဟုတ်တယ် ၁၉၆၀ ပြည့်နှစ်...။ စစချင်း ဘာလုပ်ရသလဲ ဆိုတော့ ယုဝတီ ဂျာနယ်မှာ စာပြင်ဆရာ လုပ်ရတယ်။ အဲဒီ ယုဝတီ ဂျာနယ်မှာပဲ ကဗျာ အတိုအထွာကလေးတွေ စရေးဖြစ်တယ်။ ယုဝတီ ဂျာနယ်ရဲ့ထုံးစံ ကဗျာနဲ့ ဆောင်းပါးလောက်ပဲ အမျိုးသား စာရေးဆရာတွေ သုံးတယ်။ ကျန်တာက အမျိုးသမီးတွေချည်း ရေးကြတယ်။ ယုဝတီ ဂျာနယ် ဆိုတော့လည်း ယုဝတီတွေချည်းပေါ့ဗျာ။

ကျွန်တော့်အဖေကတော့ ဘယ်လိုမှ အားမပေးဘူး။ ကိုယ့်ဘ၀ကိုယ် ဖန်တီးဖို့ပဲ အားပေးတယ်။ စာရေးပါ၊ ရုပ်ရှင်ရိုက်ပါ၊ သီချင်းဆိုပါ ဆိုတာတွေ မပြောဘူး။ ကိုယ့်ဘ၀ကိုယ် ရုန်းကန်တတ်ဖို့ အားပေးတယ်။ ဒါလောက်ပဲ။

ဆရာက ၀တ္ထုတိုလည်း ရေးတယ်။ လုံးချင်း ၀တ္ထုရှည်တွေလည်း ရေးတယ်ဆိုတော့ ၀တ္ထုတိုနဲ့ ၀တ္ထုရှည် ဘယ်လို ကွာခြားပါသလဲ။


ကျွန်တော် မြင်တာ ပြောရရင်တော့ ၀တ္ထုတိုက မိုးကြိုးပစ်သလို ခံစားရတယ်။ ရေးရင်လည်း မိုးကြိုး ပစ်သလိုပဲ ရေးရတယ်။ ၀တ္ထုရှည်ကတော့ မိုးတွေ တစိမ့်စိမ့် ရွာနေသလို ရေးရတယ်။ အဲ သလိုပဲ ခံစားရပါတယ်။

ဝတ္ထုတို တစ်ပုဒ် ဖန်တီးဖို့ အတွက် ဘယ်လို ခံစားရှာ ဖွေယူပါသလဲ။

ဆရာ့ဝတ္ထု တွေက အများအားဖြင့် ဆရာ့ အမေ၊ ဆရာ့ ပတ်ဝန်းကျင်နဲ့ ပတ်သက်တာတွေ ချည်းပဲလို့ ပြောကြတယ်။ ကျွန်တော် ၀တ္ထုတို တစ်ပုဒ် ရဖို့ရာ သိပ်မခက်ပါ ဘူး။ သိပ်မခက်ဘူး ဆိုလို့ ကြီးကြီးကျယ်ကျယ် ပြောတာ မဟုတ်ပါဘူး။ နောက်တစ်ခုက ပေါ့ပေါ့တန်တန် ပြောတာလည်း မဟုတ်ပါဘူး။ ၀တ္ထုတို တစ်ပုဒ်ရဖို့ ကျွန်တော့် အတွက် သိပ်မခက်သလို၊ သိပ်ခက်တာတွေလည်း ရှိပါတယ်။

သိပ်မခက်ဘူး ဆိုတာက ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က ကျွန်တော့် မိသားစု၊ ကျွန်တော့်အသိုင်း အ၀ိုင်းအကြောင်း၊ မိသားစုဆို တဲ့နေရာမှာ ကျွန်တော်ရဲ့ တကယ့် အရင်းအချာ မိသားစု အပြင် အဆွယ်အပွား မိသားစုတွေ အပြင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မိသားစုတွေ ပါပါတယ်။
ဒီမိသားစုတွေ အကြောင်းရေးလို့ ကျဉ်းတယ် လို့ထင်ရပေမယ့် (ဒါ ကျွန်တော် ကိုယ်တိုင်လည်း ထင်ပါတယ်။ ငါရေးတာ ကျဉ်းတယ်လို့)သို့သော် မဟုတ်ဘူး ဗျ။ သေသေချာချာ ပြန်စဉ်းစားတော့ အဲဒီ လူတွေဟာလည်း လူတွေပဲ ဆိုတာ သွားတွေ့တယ်။ သူတို့က ခွေးတွေ၊ နွားတွေမှ မဟုတ်ပဲ။ လူတွေဗျ။

လူတွေဆိုတဲ့ အတွက်ကြောင့် ကျွန်တော့် အသိုင်းအ၀ိုင်း၊ ကျွန်တော့် မိသားစုထဲမှာ ရှိတဲ့ ချမ်းသာတဲ့ လူတွေ၊ ကား ၁၃-၄ စီးပိုင် တဲ့ လူတွေရှိသလို လုံးဝစုတ် ပြတ်သတ်ပြီး တဲကုပ်မှာ နေရတဲ့ လူတွေလည်း ရှိတာပဲ။ သူတို့ အကြောင်းကို ရေးတဲ့ အတွက် ၀တ္ထုတွေ ရလာတယ်။ အဲဒါလူတွေ အကြောင်းကို ရေးတာပဲ။ အဲဒါ တစ်ကမ္ဘာလုံး အကြောင်း ရေးတာပဲလို့ ကျွန်တော်ထင်တယ်။

ကျွန်တော့်ကို တချို့ဝေဖန်တယ်။ သူ့အမေ အကြောင်းချည်း ရေးနေတာပဲတဲ့။ သူ့ အမေအကြောင်း ရေးနေတယ်သာ ပြောတယ်။ မဟုတ်ဘူး ဗျ။ ကျွန်တော် ရေးနေတာ ကျွန်တော့်အမေ အကြောင်းတွေ မဟုတ်ဘူး။ “အမေတွေ”အကြောင်းတွေ ရေးနေတာ။ လူတိုင်းမှာ အမေရှိတယ်။ လူဖြစ် လာရင် အမေ ရှိရမယ်။ ဒါ ကြောင့် ကျွန်တော် ရေးနေတာဟာ ကျွန်တော့်အမေ အကြောင်းသာ မဟုတ်ပါ ဘူး။ အမေတွေ အားလုံး အကြောင်းပါလို့ ပြောချင်တယ်။

ဝတ္ထုတိုတစ်ပုဒ်ကို ဘယ်လိုဖန်တီးယူပါသလဲဆို တာကို ပြောရရင် ဥပမာ ကို ၀င်းငြိမ်းတို့ ပေဖူးလွှာမှာပါခဲ့ တဲ့ အသက်ကြီးတတ်ကြပါ စေ ကို ပြန်ပြောပြမယ်။ ဟိုတလောက ကျွန်တော့် ၀တ္ထုတိုတွေ စုပြီးထုတ်တဲ့ ဍရင်ကောက် ဆိုတဲ့ စာအုပ် ထွက်တယ်။ အဲဒီ စာအုပ်မှာလည်း အများအားဖြင့် အမေ့ အကြောင်း၊ အဖေ့အကြောင်း၊ ဦးလေးအကြောင်း၊ အဒေါ် အကြောင်း၊ ကျွန်တော့် အလုပ် သမားတွေ အကြောင်း စသဖြင့် ပါတယ်။

ဆိုတော့... လူကြီးတွေ ရဲ့ ကာရိုက်တာကို လိုက်ဖမ်းရင် တချို့ကတစ်မျိုး၊ တချို့ ကတစ်မျိုး တွေ့ရတယ်။ အဲဒီမှာ ကျွန်တော် ၀တ္ထုတို တစ်ပုဒ် ရလိုက်တာပဲ။ အဲဒါဟာ အင်တာနေရှင်နယ် ၀တ္ထုတိုလိုင်းထဲ ၀င်တယ်လို့ ကျွန်တော် ထင်တယ်။ တချို့လူကြီးတွေ ကျတော့ တူအရွယ်၊ သားအရွယ်မို့ ဆဲဆိုပြီး နှုတ်ဆက် တယ်။ စကားပြောတယ်။ ဒီကွာခြားချက်ကို ကျွန်တော် တွေ့လိုက်ရာက ၀တ္ထုတို ရလိုက်တာပဲ။

အဲဒီတော့ ခုရေးလိုက် တာလည်း ကျွန်တော့်အဖေ၊ ကျွန်တော့်အမေ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ရေးလိုက်တာပဲ မဟုတ်လား။ ကျွန်တော့် အမေရဲ့မျက်နှာပေါ်မှာက ဒီအရေးအကြောင်းတွေ အားလုံး ပေါ်နေတယ်။ ဒါ ကြောင့်လည်း အမေ့ဝတ္ထုတွေ အများဆုံး ကျွန်တော် ရေးဖြစ်တာပဲ။

စာပေ လောကထဲ ခြေချ ဖို့ ကြိုးပမ်းနေတဲ့ သူတွေကို ဆရာ ဘယ်လိုများ အကြံပေး ချင်သလဲ။


အဲဒါနဲ့ ပတ်သက်လို့ကတော့ ဒီလို ရှိတယ်ဗျ။ ရိုးရိုး သားသား ကိစ္စ ရှာကြံတတ်ဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တချို့က ပြောတယ်ဗျ။ ၀တ္ထုဆိုတာ ချစ်ကြိုက်ကွဲ ညားပြီးရင် ဒါပဲတဲ့။ ချစ်ကြိုက် ကွဲညားက ချစ်ကြိုက် ကွဲညားပဲပေါ့။ အဲဒါကို ပရိသတ်က ကြိုက်တယ်။ အဲဒါ သိထားဖို့က တစ်အချက်။

နှစ်က ဘာလဲဆိုတော့ အဲဒီ ချစ်ကြိုက် ကွဲညားတွေကို ဝေဖန်ဖို့ အချက်။ သုံးကဘာ လဲဆိုတော့ ချစ်ကြိုက် ကွဲပြီးတော့ မင်းသားနဲ့ မင်းသမီး မပေးစားလို့ လူကြမ်းနဲ့ ပေးစားရမလား။ ဒါကို စဉ်းစား တတ်ရမယ်။ အဲဒီလို တစ်ပတ်လည်ပြီး ရိုးရိုးသားသား တွေးတတ်တဲ့ အလေ့အကျင့် ရှိရမယ်။ အဲ ပြီးတော့ စာများများ ဖတ်၊ များများ ရေးနိုင်အောင် ကြိုးစားရမယ်။ ဒီလို များများတွေး၊ များများ ရေးနိုင်တဲ့ အချိန်ကျမှ တိုင်းပြု ပြည်ပြု စာပေကို ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားရမယ်။ ရေးရမယ်။ ဒါလောက်ပဲ အကြံပေးချင်ပါ တယ်။

ဆရာ ခုတလော ကဗျာတွေ ရေးနေတာ တွေ့ရတယ်။ ၀တ္ထု မရေးခင်ကကော ကဗျာ ရေးခဲ့သေးသလား။

ရေးပါတယ်။ ကျွန်တော် ပထမဦးဆုံး ရေးခဲ့တဲ့ ကဗျာက မိုးသောက် တော်လှန်ရေး ဆိုတဲ့ ကဗျာပဲ။ ယုဝတီ ဂျာနယ်မှာ ပထမဆုံး ရေးခဲ့တဲ့ ကဗျာပဲ။ ခုတလော ကဗျာတွေ ရေးတာကတော့ ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာတာတွေကို ဖျတ်ခနဲ ဖျတ်ခနဲ အခြားသူ တွေကို တင်ပြတဲ့ နေရာမှာ ကဗျာဟာ ၀တ္ထု(၀တ္ထုမှာ တော့ ၀တ္ထုတို၊ ၀တ္ထုရှည်လို့ ရှိရာမှာ ၀တ္ထုတိုက မိုးကြိုးပစ် သလို ထိရောက်တယ်)၀တ္ထုထက် ထိရောက်တယ်။ မိုး ကြိုးပစ်သလိုပဲ ဒိုင်းခနဲ တစ်ချက် ပစ်လိုက်ရုံနဲ့ အများကြီး ထိရောက်တယ်။

ဆရာ ကဗျာရေးတဲ့ အခါမှာ ကာရန်နဲ့ပဲ ရေးသလား။ ကာရန်မဲ့ ကဗျာ ရေးသလား။

ကျွန်တော် ကာရန်နဲ့ပဲ ရေးပါတယ်။ ဒါက ရိုးရာ ယဉ်ကျေးမှုကို လက်ခံထား ပါတယ်။

ရှင်နေမင်းသို့ ပေးစာဆိုတဲ့ ဘာသာပြန် ၀တ္ထု ရေးပြီးတဲ့နောက် နောက်ထပ် ဘာသာပြန် ၀တ္ထု မရေးဖြစ်တော့ ဘူးလား။ ရေးဖို့ကော အစီ အစဉ်ရှိလား။

ကျွန်တော်တို့ ၀တ္ထုဖတ်တဲ့ နေရာမှာ ပြဿနာ ရှိတယ်။ ဘာလဲဆိုတော့ အင်္ဂလိပ်ဝတ္ထု ဖတ်တာနဲ့ မြန်မာ ၀တ္ထု ဖတ်တာ ဆိုပါစို့။ အင်္ဂလိပ် ၀တ္ထု ဆိုတာကတော့ တာပြီးပြော လိုက်တာပါ။ အနောက်တိုင်း ၀တ္ထု အားလုံး ပါတာပေါ့။ ကျွန်တော်တို့ မြန်မာ ၀တ္ထုတွေမှာ ယဉ်ကျေးမှု ကိစ္စတွေ ပါတယ်။ ပြီးတော့ စာပေ စိစစ်ရေးလို အထိန်းအကွပ် လုပ်ပေးတဲ့ ဌာနတွေရှိတယ်။ ဟိုဘက်က လာတဲ့ စာပေတွေ ကတော့ လွတ်လွတ်လပ်လပ် ရှိတယ်။ အဲဒီတော့ ဖတ်တဲ့ နေရာမှာ လူဆိုတာ သဘာဝ အလျောက် ယိမ်းတတ်ယိုင် တတ်တဲ့ သဘောရှိတယ်။ အဲဒီလို ယိမ်းယိုင် သွားစေမယ့် စာမျိုး ကျွန်တော်တို့ဘာသာ ပြန်ရင် မဖြစ်နိုင်တာတွေ ရှိတယ်ဆိုတော့ တတ်နိုင်ရင် ဘာသာမပြန်ဘဲ နေတာ ကောင်းမယ်လို့ ကျွန်တော် ထင်တယ်။

ရှေ့လျှောက်တော့ လုပ်မယ်လို့ ကျွန်တော် စိတ်ကူး ထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံနဲ့ မသင့်တော်တဲ့ ကိစ္စတွေ ပါရင်တော့ ပယ်ရမှာပဲ။ ဆရာ ရေးခဲ့တဲ့ အချစ် သစ်ပင်က နိုင်ငံခြား ရုပ်ရှင်ကို မှီးခဲ့တာလား။ အချစ်သစ်ပင်နဲ့ ပတ်သက်လို့ကတော့ ပထမဦးဆုံး မင်းမင်းလတ် ဆိုတာကို စပြီး ကြားဖူးတာပဲ။ ပြီးတော့မှ မူရင်း အင်္ဂလိပ် သီချင်းကို ကြား ဖူးတယ်။Yellow Robbi ပေါ့ဗျာ။ အင်္ဂလိပ်သီချင်းက တကယ် ခံစားကြည့်တော့ ပို ကောင်းတယ်။ အဲဒီအခါမှာ ၀တ္ထုရေးချင်စိတ် ပေါ်လာလို့ ၀တ္ထု အတိုကလေး တစ်ပုဒ် ကျွန်တော် ရေးလိုက်တယ်။ ပြီးတော့မှ ဒီကျောရိုးကိုပဲ ပြန်ယူပြီး ကျွန်တော့် စိတ်ကူးနဲ့ ကျွန်တော် ၀တ္ထုရှည်ပြန်ရေး ခဲ့တာပါပဲ။

အချစ် ၀တ္ထုက ဆရာ့ ပထမဆုံး ၀တ္ထုနော်။

ဟုတ်ပါတယ်။

အဲဒီဝတ္ထု အရေးအသား နဲ့ ပတ်သက်ပြီး အခု ပြန်ဖတ် ကြည့်တော့ ဘယ်လို ခံစားမိ သလဲ။

အချစ် ၀တ္ထုမှာ ကျွန် တော့် ဘာသာ ရေးထားတဲ့ အမှာစာမှာ ကျွန်တော် ရေးထားပါတယ်။ ဆရာ ဗန်းမော် တင်အောင်က သူ့ပထမဆုံး ရေးတဲ့ ဖုန်းမောင့် တစ် ယောက်တည်းရယ် ၀တ္ထုမှာတော့ ကာပဲရယ်နဲ့ တော့ကာ ပဲရယ်နဲ့လို့ ရေးခဲ့တာကို နောက်ဆယ်နှစ်ကြာတော့ ဒီစာအုပ်ကို ပြန်ရိုက်ရာမှာ သူ ရှက်နေတယ်တဲ့။ ငယ်ငယ် တုန်းက သူရေးခဲ့တဲ့ အရေး အသားတွေနဲ့ ပတ်သက်ပြီး သူ ပြုံးမိတယ်တဲ့။ ကျွန်တော်ကတော့ ကျွန်တော့် အရေးအသားနဲ့ ပတ်သက်ပြီး အခု ချိန်ထိပြုံးမိမယ် မဟုတ်ဘူးလို့ ဒုတိယ အကြိမ် ထုတ်ဝေစဉ်က အမှာစာ ထပ်ထည့် တယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် အဖေဟာ ဒီနေ့ထိ ထက်တိုင် ခုံဖိနပ်ပဲ စီးတယ်။ အဲဒီအတွက် ခုံဖိနပ်ကြီး အောက်နေပြီလို့ ပြောလို့မရ ဘူး။ ခုံဖိနပ်ကြီးက ခေတ်မ စားတော့ဘူး။ သားရေဖိနပ် စီးပါလားလို့ ပြောလို့မရဘူး။ လူဆိုတာ သူစိတ်ကူးနဲ့သူပဲ။ ဆိုတော့...အချစ် ၀တ္ထု နဲ့ ပတ်သက်ပြီး အရေးအသား ကို ဒီနေ့ထက်ထိ ကျွန်တော် ကြိုက်နေတုန်းပဲ။ ကြိုက်တဲ့ နေရာမှာ ကွာတာ တစ်ခုတော့ ရှိတယ်။ စာရေးဆရာ တစ်ယောက်အနေနဲ့ကြိုက်တာနဲ့၊ ပရိသတ် တစ်ယောက် အနေနဲ့ ကြိုက်တာ။

ဆိုပါစို့ဗျာ။ ခုခေတ်မှာ ဘာကားတွေ ခေတ်စားတယ် ပြောပြော ဂျစ်ကားကို လက်လွှတ်လို့ မရဘူး။ အဲဒီနည်းတူပဲ။ ကျွန်တော် ငယ်ငယ်တုန်း က လုပ်ခဲ့တဲ့ အလုပ် တစ်ခုကိုလည်း ကျွန်တော် လက်မ လွှတ်နိုင်ပါဘူး။ သို့သော်လည်း ကျွန်တော် လုပ်ဦးမလား ဆိုတော့ မလုပ်တော့ဘူး။ ဒါကို နောက်လူငယ် တွေလုပ်လိမ့်မယ်။ ချာတိတ် တွေ၊ နောက်တက်လာမယ့် လူငယ်တွေ လုပ်လိမ့်မယ်။ သို့သော် မကြိုက်ဘူးလားဆို တော့ ကြိုက်တယ်။
ကိုယ့်သားသမီးပဲဗျာ။ အသက်ဘယ်လောက်ကြီးသွား ကြီးသွား မချစ်ရဘူးလို့မှ မရှိပဲ။ ဒါက ရှင်းရှင်း လေးပါ။

အချစ်ဝတ္ထုရေးတဲ့ စာရေးဆရာ၊ အိမ်ထောင်သည် တစ်ယောက် အနေနဲ့ အချစ်နဲ့ ပတ်သက်ပြီး ဘယ်လို ခံစားမိ ပါသလဲ။ သိတယ် မဟုတ်လား။ ကျွန်တော် မေးချင်တာ။

ကိုဝင်းငြိမ်းရေ..ခင်ဗျား မေးတဲ့ အချစ်ကို ကျွန်တော် စိတ်မ၀င်စားဘူး။ ကျွန်တော့်မိန်းမ ဈေးက ဘယ် ချိန် ပြန်လာမလဲ ဆိုတာကို စိတ်ဝင်စားတယ်။ ကျွန်တော့် သားလေးနဲ့ သမီးလေး ဈေးကအပြန် ကားပေါ်က လိမ့် ကျမလား ဘာလား ဆိုတာကိုပဲ စိတ်ဝင်စားနေပါတယ်။

ဆရာ့ ကလောင်နာမည် ယူထားတာနဲ့ ပတ်သက်လို့ နည်းနည်း ပြောပြပါဦး။ ကလောင် နာမည်တူ ခပ်ဆင်ဆင်ပေါ့လေ။ ကြားဖူး သလားလို့။

ကလောင် နာမည်ယူခဲ့ တာကတော့ ကျွန်တော့်အဖေ ခပ်ငယ်ငယ်က “သုမောင်”ဆို တဲ့ ကလောင် နာမည်နဲ့ ၀တ္ထု အတိုအစလေးတွေ ရေးခဲ့ဖူး ပါတယ်။ ဒါပေမယ့် မအောင် မြင်ခဲ့ပါဘူး။ ကြံကြံဖန်ဖန် “သာဓု”နဲ့ကျမှ အောင်မြင် တယ်။ ကောင်းပါတယ်။ တစ်သက်လုံး ဘုရား ရှိခိုးတိုင်း ဒီနာမည်က ပါနေမှာကိုး။
ကျွန်တော့် အလှည့်ကျမှ ဒီကလောင် နာမည်က အောင်မြင်လာတယ်။ ကျွန်တော် ကလည်း မြတ်မြတ်နိုးနိုး ဒီနာမည်ကို အဖေ့ဆီက အမွေအဖြစ် ယူလိုက်တယ်။ ကျွန်တော်တို့ အဖေ့ဆီက အမွေ ယူစရာ ဆိုလို့ ဦးနှောက်ပဲ ရှိပါတယ်။

ဆိုတော့ ဒီနာမည်နဲ့ ပတ်သက်လို့ ကျွန်တော့် အဖေနဲ့ တန်းတူ အချိန်လောက်တုန်း က တက္ကသိုလ် သုမောင်ဆိုပြီး တစ်ယောက် ပေါ်ဖူးပါတယ်။ ဆရာ တက္ကသိုလ်သုမောင်ပေါ့။ အမည်ရင်းက ဦးတင်ကိုကိုလို့ ကြားပါတယ်။ ဒုဗိုလ်မှူးကြီးလား၊ ဗိုလ်မှူးကြီးလားတော့ မပြောတတ်ဘူး။ နောက်ပြီးတော့လည်း ရန်ကုန် တက္ကသိုလ်စာကြည့် တိုက်မှာ ကျွန်တော် စာအုပ်တွေ မွှေတဲ့နှောက်တဲ့ နေရာ မှာ “တက္ကသိုလ် သုလင်”ဆို ပြီး သရော်စာရေးတဲ့ ဆရာ တစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ တွေ့ခဲ့ရဖူးပါတယ်။

ကျေးဇူးပဲ ဆရာ။ ရုပ် ရှင်နဲ့ပတ်သက်ပြီး ကျွန်တော် မေးချင်ပါတယ်။ နှောင်းတ မြည့်မြည့်က စပြီး ဒီနေ့အထိ သရုပ်ဆောင်ခဲ့ရာမှာ ဘယ်လို အခန်းမျိုး သရုပ်ဆောင်ရတာ အားရပါသလဲ။

သဘာဝကျကျနဲ့ ရယ်ရတဲ့ ကားမျိုးကို သဘောကျတယ်။ အရင်တုန်းကတော့ အလွမ်းတွေ ရိုက်ချင်တယ်။ လွမ်းပြရမှာလည်း ကျုပ်ရုပ်ကြီးနဲ့ လွမ်းပြရတော့ တစ်မျိုး ကြီးပဲဗျ။ အဲဒီတော့ လောင်တာ ကောင်းတယ်ဗျ။ လူတွေ ပျော်နေရင် ကောင်းတာပဲပေါ့။ လူတွေ စိတ်ညစ်ရင် မကောင်းဘူး။ ဒါကြောင့် ပျော်စရာကောင်းတဲ့ကားတွေပဲ ရိုက်ချင်တယ်။

ငယ်သူငယ်ချင်းသုံးယောက် ရှိလေသည် ကားမှာ ဒါရိုက်တာ လုပ်ပြီး နောက်ထပ် ဒါရိုက်တာ မလုပ်တော့ ဘူးလား။ လုပ်ဖို့ကော အစီအ စဉ်ရှိလား။

ငယ်သူငယ်ချင်းက ကျွန်တော် ပထမဆုံး ဒါရိုက်တာ လုပ်တဲ့ ကားပါပဲ။ ပထမဦးဆုံး ဆိုလို့ နောက်ထပ်ရှိ သေးလားဆိုတော့ မရှိဘူးဗျ။ မရှိတာက နှစ်မျိုးဗျ။ ကိုယ်တိုင် ဒါရိုက်တာ မလုပ်တာ လည်း ပါတယ်။ ပိုက်ဆံ မရှိ တာလည်း ပါတယ်။ ပိုက်ဆံ ရှိမှ ဒါရိုက်တာ လုပ်လို့ရတာ ကိုးဗျ။ သူများတွေ လာငှား ရင် ရိုက်ရအောင်ကလည်း ခက်တာက ကျွန်တော်တို့ အဖေက စပြီး အစဉ်အဆက် ကိုက ကျွန်တော့်ညီ အငယ် ဆုံး မင်းလူအထိ သူများခိုင်းရင် မလုပ်ချင်ဘူး။
ဆိုပါစို့ဗျာ။ ဟိုတလောတုန်းက ကျွန်တော့် ၀တ္ထုကြွေး ကို အကြွေး အဖြစ်နဲ့ ရုပ်ရှင် ရိုက်ဖို့လာ ငှားတယ်။ အဲဒါ မန္တလေးက မယူဘူး။ အောက်မြန်မာ ပြည်ကလည်း မယူဘူးတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ နာမည် က အကြွေး ဆိုတော့ အကြွေး ဖြစ်နေမှာစိုးလို့ နာမည် ပြောင်းပေးပါဆိုလို့ ကျွန်တော့် မှာ နာမည် ပြောင်းပေး လိုက်ရတယ်။ အဲဒီ ပြဿနာမျိုးတွေ တစ်ပုံကြီး ရှိတော့ ဒါရိုက်တာ လုပ်ဖို့ တော်တော် ခက်နေတယ်။ လုပ်တော့ လုပ်မှာပါပဲ။ မလုပ်လို့ မဖြစ်ဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ ကျွန်တော့်အဖေ က ဒါရိုက်တာ၊ ကျွန်တော့် အစ်ကိုက ဒါရိုက်တာ ဆိုတော့ ကျွန်တော် ဒါရိုက်တာ မလုပ်လို့ မရတော့ဘူး။ လုပ်ရမယ်။ ဒါ ကျွန်တော်တို့ရဲ့ မိရိုးဖလာပဲ။

ငယ်သူငယ်ချင်း သုံးယောက် ရှိလေသည် ကြော်ငြာ ပိုစတာမှာ ဘာဖြစ်လို့ လက်လေးချောင်း ထောင်ပြ ထားတာလဲ။

ရှင်းရှင်းလေးပါ။ တချို့ က ပြောတယ်။ မင်းသား မင်းသမီးလေးယောက်ပါ လို့တဲ့။ သုံးချောင်းထောင်တော့ ဘာညာပေါ့ဗျာ။ ပြော ကြတယ်။ တစ်ချောင်းထောင် ရင် သတိထားလို့ ပြောရာ ရောက်တယ်။ နှစ်ချောင်း ထောင်တော့ ခုခေတ်စကားနဲ့ ပြောရင် “ပိစ်”ပေါ့။ အေးချမ်း စေပေါ့။ သုံးချောင်းထောင် ရင် ငယ်သူငယ်ချင်းသုံးယောက် အဓိပ္ပာယ်ပေါ့။ လေးချောင်းထောင်တော့ ဘာလဲလို့ လာမေးကြတယ်။ အဲဒါ ကြော်ငြာပဲပေါ့။ ကျွန်တော် ကြော်ငြာစာရွက် သက်သာ သွားတာပေါ့။

ဆရာ ၀တ္ထုရေးတဲ့ နေရာမှာ ရုပ်ရှင်ရိုက်ဖို့ ရည်ရွယ်ပြီး ရေးတဲ့ဝတ္ထု ရှိပါသလား။

ဝတ္ထုရေးတဲ့ နေရာမှာ ရုပ်ရှင်ရိုက်ဖို့ စိတ်မကူးပါဘူး။ ဒါပေမယ့် တစ်ခါတလေမှာ ကျွန်တော်တို့ ရုပ်ရှင် နယ်က ရုပ်ရှင်ရိုက်ဖို့ ၀တ္ထုကလေး ရေးပေးပါ ဆိုပြီး လာ တတ်တယ်။ အဲဒါမျိုးကျ တော့ ရေးရတယ်။ သို့သော် တစ်ခါတလေ ကိုယ့်ဟာ ကိုယ်ဝတ္ထု ရေးတာပဲ ရုပ်ရှင်ရိုက်ရ ကောင်းမလား ဆိုတဲ့ အတွေးကလေး ၀င်လိုက်ရင် အဲဒီဘက်ကို ယိုင်ယိုင် သွားတတ်တာမျိုး ရှိတယ်။ ဥပမာ အကယ်ဒမီ ၀တ္ထု။

ရုပ်ရှင်ရိုက်ရင်းကော ၀တ္ထုရေး ဖြစ်တာမျိုး ရှိသလား။

ရေးဖြစ်ပါတယ်။ ရေးဖြစ်တဲ့ နေရာမှာ နှစ်မျိုးရှိတယ်။ တစ်မျိုးက ဒီကောင် မတွေ ယိုးဒယားကပြီး တော်တော်နဲ့ ရောက်မလာသေးလို့ ပျင်းတဲ့ အချိန်မှာ ရေးဖြစ်တာ ရှိတယ်။ ယိုးဒယားက နေတယ်ဆိုတာ ကိုဝင်းငြိမ်း သိရဲ့လား။ လက်သီးနဲ့ ထိုးမယ့် အရေးကို မထိုးသေးဘဲ ဟန်ပြင်နေတာကို ပြောတာဗျ။
နောက်တစ်မျိုးက အဲဒီ ရိုက်ကွင်းထဲက လူတွေရဲ့ ဘ၀ကိုကြည့်ပြီး ရေးဖြစ်တာမျိုး။ ဆိုပါတော့ဗျာ၊ ကျွန်တော် ရောက်သွားတယ်။ မင်းသား မင်းသား ဆိုပြီး ဘာစားမလဲ၊ ဘာစားမလဲ မေးကြတယ်။ နေရာ ပေးကြတယ်။ မင်းသမီး လာရင်လည်း ဒီလိုပဲ။ ဒါပေမယ့် ဟိုလူကြမ်းကျတော့ တစ်မျိုး။ အဲဒီထက်ဆိုးတဲ့ မီးထိုးမှန် ထိုးကလေးတွေ ကျတော့ ပစ်ထားကြတယ်။ အဲဒီဘ၀တွေ တွေ့ရတော့ ၀တ္ထုရေးဖြစ်သွားတယ်။

သရုပ်ဆောင် ရှားပါးတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းရင် ကောင်းမယ်လို့ မြင်ပါသလဲ။

ဒီမေးခွန်းကို ဖြေရရင်တော့ ကျွန်တော်တို့ အပါအ၀င် နာမည်ရှိတဲ့ မင်းသားတွေ တဖြည်းဖြည်း နာမည် မကျကျသွားအောင် ဒါရိုက် တာတွေက ရိုက်ပေးလိုက်ရင် နောက်ထပ် သရုပ်ဆောင် အသစ်တွေ လာမှာပါပဲ။ ရှင်းပါတယ်နော်။

ဂီတဘက် ဆက်ကြရအောင်။ ခေတ်ဟောင်းတေးတွေ ပြန်ဆိုတဲ့ နေရာမှာ မူရင်းကို နားထောင်လေ့ ရှိပါသလား။

အထူးသဖြင့် ခေတ်ဟောင်းက မူရင်းကို မြန်မာ့ အသံမှာ သွားနားထောင်ပါတယ်။ ပြီးတော့လည်း ကျွန်တော့် အရင် ပြန်ဆိုသွားကြတဲ့ ကိုဝင်းဦးတို့၊ ကိုမင်းနောင်၊ ကိုမောင်မောင်ကြီး၊ ဇော်မင်းလေး စသူတို့ရဲ့ သီချင်းတွေ ကိုလည်း ပြန်နားထောင် နေပါတယ်။ မူရင်း သီချင်းကို ရေးခဲ့ တဲ့ပုဂ္ဂိုလ်ကြီးတွေ ရှိသေးရင် ဒီပုဂ္ဂိုလ်ကြီးတွေဆီမှာ သွားလေ့လာပါတယ်။ မရှိတော့ရင် ပါဝင် တီးခတ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေဆီမှာ ချဉ်းကပ်လေ့ လာပါတယ်။

ဥသြဘသောင်ရဲ့ သီ ချင်းတွေကို ဆိုရာမှာ ဘာဖြစ်လို့ ကိုယ်ပိုင် အသံနဲ့ မဆိုဘဲ သူ့အသံနဲ့ တူအောင် လုပ်ဆို ပါသလဲ။

သူဆိုတဲ့ သီချင်းမို့ သူ့ အသံနဲ့ တူအောင် လုပ်ဆိုတာပါ။ ဥသြဘသောင် ဆိုတဲ့သီ ချင်းတွေကို ကျွန်တော်က ကိုဝင်းဦး အသံနဲ့ ဆိုမယ်၊ သု မောင်အသံနဲ့ ဆိုမယ်ဆိုရင် ပျက်သွားမှာ စိုးလို့ပါ။ တချို့ သီချင်းတွေမှာ ကျွန်တော့်မူ နဲ့ ဆိုတာတွေ ရှိပါတယ်။ ဒါပေမယ့် ဥသြဘသောင်ကတော့ ကျွန်တော် သိပ်လေးစား ကြည်ညိုတဲ့ ပုဂ္ဂိုလ်မို့ သူ့အသံနဲ့ မတူတူအောင် လုပ်ဆိုခဲ့ တာပါ။

သီချင်းဆိုတဲ့ နေရာမှာ တချို့က လျှာဖျားနဲ့ တချို့က လည်ချောင်းက၊ တချို့က ရင်ထဲက ဆိုကြတယ်။ ကိုသုမောင်က ဘယ်လို ဆိုပါသလဲ။

ကျွန်တော်ကတော့ ရင်ဘတ်နဲ့ ဆိုပါတယ်။ ရင်ထဲက လာတဲ့ အသံဟာ အသက် အ၀င်ဆုံးလို့လည်း ယုံကြည် လို့ပါ။

ဒီနေ့ ဂီတလောက အပေါ် ဘယ်လို မြင်ပါသလဲ။

လူဆိုးဖြစ်ဖြစ်၊ လူကောင်းဖြစ်ဖြစ် သူ့ဟာနဲ့ သူတော့ ကောင်းနေကြတာပါ ပဲ။

ခေတ်ပေါ်ဂီတ အပေါ် မှာကော။

ဟဲ..ဟဲ..ဟဲ..ဟဲ။

ဘယ်လိုလဲ နှာစေးနေ လိုက်တာလား။ ဒါဆို ဒီနေ့ ရေးနေကြတဲ့ တေးစာသားတွေ အပေါ်မှာကော ဘယ်လို မြင်ပါသလဲ။

ဒီမေးခွန်းမှာတော့ နှစ်ခု ပြောပါရစေ။ တစ်ခုက အများအားဖြင့် လူငယ်တွေကို ဘက်လိုက်ပြီးတော့ ကောင်းတဲ့ အတွေးအခေါ်တွေ ပေးတာ တွေ့ရပါတယ်။ နောက်တစ်ခု ကတော့ အရမ်းလွမ်းပြီး အရမ်းဒေါသတွေ ကြီးနေကြတာ တွေ့ပါတယ်။

ကိုသုမောင် အခု ကက်ဆက်ဇာတ်လမ်း တော်တော် များများမှာ သရုပ်ဆောင်တာ တွေ့ရပါတယ်။ ကက်ဆက် ဇာတ်လမ်း တော်တော်များ များဟာ ဗရုတ်သုတ်ခနဲ့ တော်တော် ဒုက္ခ ပေးနေကြပါတယ်။ ဒီလို ဇာတ်လမ်းတွေ မှာကော သရုပ်ဆောင် ပေးတာပဲလား။

အဲဒါနဲ့ ပတ်သက်လို့ နိုင်ငံတော် အစိုးရကို ကျွန်တော်တော်တော် ကျေးဇူးတင် နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု တစ်နိုင်ငံလုံး စာတတ်မြောက်ရေး ကိစ္စ လုပ်နေတယ်။ အဲဒီလို လုပ်နေတဲ့ အတွက်ကြောင့် နောက်လာမယ့် ဘယ်နှစ်လဲတော့ မသိဘူးပေါ့ဗျာ။ အဲဒီကျရင် တစ်နိုင်ငံလုံး စာတတ်သွား မယ်ဆိုရင် ကိုဝင်းငြိမ်းပြောတဲ့ ဗရုတ်သုတ်ခတွေ အားလုံး ပပျောက်သွားလိမ့်မယ်။

လောလောဆယ်မှာတော့ မရသေးဘူး။ သူတို့ အသိဥာဏ်ဟာ နည်းနည်းနိမ့် နေသေးတယ်။ တစ်နိုင်ငံလုံး စာတတ်လာရင်တော့ အသိ ဥာဏ်တွေ မြင့်မား လာပြီးတော့ တိုင်းပြည်အတွက် ဘာ လုပ်မယ်။ ဘာကိုင်မယ်ဆို တာတွေ ပေါ်လာမယ်။ အဲဒီ အခါမှာ အလိုလို နေရင်း အခုနက ကိစ္စတွေ ပျောက်သွားပြီး
အကျိုးပြုစာပေ၊ အကျိုးပြု ဇာတ်လမ်း၊ အကျိုးပြုတေး သရုပ်ဖော်၊ အကျိုးပြုရုပ်ရှင်၊ အကျိုးပြု သီချင်း စသဖြင့် ပေါ် ပေါက်လာပါလိမ့်မယ်။ အဲဒီလို ကျွန်တော် ယုံကြည် ထားပါတယ်။

အခုအချိန်မှာ ဒီဗရုတ် သုတ်ခတွေမှာလည်း ကျွန်တော် သရုပ်ဆောင် နေရတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ကျွေးမွေး ထားရတဲ့သူ မြောက်မြားစွာ ရှိပါတယ်။ ကျွန်တော့်အဖေ လက်ထက်ကတည်းက စခဲ့တဲ့ အလုပ်သမားတွေရော၊ ဆွေမျိုး အသိုင်းအ၀ိုင်းတွေရော၊ ကျွန်တော့် အပေါ်မှာ တာဝန်တွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ ခြံထဲမှာ ကလေးချည်းပဲ ၈၇ ယောက် ရှိပါတယ်။ အဲဒီ ကလေးတွေကို ကျွေးနိုင်ဖို့ အတွက် တစ်ခါတစ်ရံမှာ မတတ်သာတဲ့ အဆုံးမှာ ဒီကိစ္စကို လုပ်နေရပါတယ်။ မနက်မိုးလင်းရင် ဦးဦး သုမောင် ပိုက်ဆံတစ်မတ် ပေးပါ ဆိုတဲ့ ကလေး ၈၇ ယောက်အတွက် ကျွန်တော် သရုပ်ဆောင် နေရပါတယ်လို့ ပဲ ပြောပါရစေ။

စာပေ ဟောပြောပွဲတွေကို ကျင်းပတဲ့ နေရာမှာ ၀င် ကြေး၊ အခကြေးငွေ ယူနေကြ တာနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို မြင်ပါသလဲ။

အစဉ်အလာ အရကတော့ စာပေ ဟောပြောပွဲကို ငွေကြေးပေးပြီး နားထောင်ရတယ် ဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် အခု နောက်ပိုင်းမှာ ကြိုးကြားကြိုးကြား ငွေကြေး လက်ခံပြီးတော့ လုပ်လာကြတာ တွေ့ရပါတယ်။

အဲဒီအတွက် ကောင်းတာလည်း ရှိသလို၊ မကောင်းတာလည်း ရှိပါတယ်။ ဘာကောင်းလာသလဲ ဆိုတော့ အခကြေးငွေ မယူဘဲ အပေါ စားဆန်ဆန် လုပ်တော့ အပေါစား ဟေးလားဝါးလား လုပ်တဲ့သူတွေ ရှိခဲ့ဖူးတာ သန့်သွားတာပဲ။ မကောင်းတာကတော့ တကယ် နားထောင်ချင်ပါလျက်နဲ့ ငွေကြေး မတတ်နိုင် လို့ နားမထောင်ရတဲ့ သူတွေ ရှိတဲ့အတွက် စကားပြောရတဲ့ စာရေးဆရာတွေဘက်က နစ်နာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တကယ့်စာဖတ်ပရိ သတ်လျော့သွားလို့ပါပဲ။

ကျေးဇူးပါပဲ ဆရာ။ အချိန်တိုအတွင်းမှာ ဆရာနဲ့ ပတ်သက်ပြီး ပတ်သက် ဆွေးနွေးရတာ မပြည့်စုံသေး ပေမယ့် စာဖတ်ပရိသတ် သိချင်တာတွေ တော်တော်များ များတော့ ဆွေးနွေးခွင့် ရလိုက်ပါတယ်။ ပေဖူးလွှာ အတွက် အချိန်ပေးတဲ့ အတွက် အများ ကြီး ကျေးဇူးတင်ပါတယ်။ ဆရာ ကျင်လည်နေရတဲ့ အနုပညာ အားလုံးမှာ အောင်မြင်ပါစေလို့ ဆန္ဒပြု ခဲ့ပါတယ်။

@ရွှေအမြူတေ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မွေခံထိုက်စေလှူမျှဝေ၍

အမွေ

အမွေကို မြန်မာအဘိဓာန်က "(၁)မိဘဘိုးဘွားစသည်ထံမှ လက်ခံရရှိသာ ပစ္စည်းဥစ္စာ၊ (၂) (ဥပစာ) ဆက်ခံရရှိသော ပညာ၊ ရောဂါ"စသည် ဟု ဖွင့်သည်။

အမွေကို ပါဠိဝေါဟာရဖြင့် ဒါယာဒ၊ ဒါယဇ္ဇဟူ၍ခေါ်သည်၊ ပဒတ္ထမဉ္ဇူသာအဘိဓာန်က ဒါယာဒကို "ပေးသည်ကိုယူသည်၊အမွေ"ဟု ဖွင့်သည်။ ဒါယဇ္ဇကို "အမွေ၊ အမွေ ဥစ္စာ၊ အမွေခံ"ဟု ဖွင့်သည်။ ဒါယာဒကို တိပိဋက ပါဠိမြန်မာအဘိဓာန်က (၁)အမွေဥစ္စာ၊ (၂)ဆွေမျိုး၊ (၃)ပေးအပ်သော အမွေဥစ္စာကို ခံယူတတ်သော သူ၊ အမွေခံ၊ အမွေစား၊ အမွေဆိုင်၊ အတွင်းသား၊ (၄)မကောင်းမှု၏အကျိုး (မကောင်းမွေ၊ဆိုးမွေ)ကို စံစားတတ်သော၊သူ"ဟုဖွင့်သည်။ဒါယဇ္ဇကို "(၁) ပေးအပ်သော ဆုလာဘ်၊(၂)အမွေခံ၏-အဖြစ်-ဖြစ်ကြောင်းဖြစ်ရာ-အမွေ ဥစ္စာ၊အမွေခံဟုသိကြောင်း အမှတ်လက္ခဏာ၊(က)မိဘတို့ထံမှရအပ်သော အမွေဥစ္စာ။(ခ)ဘုရားရှင်ထံမှရအပ်သော အမွေဥစ္စာ''ဟု ဖွင့်သည်။

အမွေကို တချို့က အမွှေဟုခေါ် ကြသည်။ ညီအစ်ကိုမောင်နှမချင်း သွေးကွဲအောင်၊ စိတ်ဝမ်းကွဲအောင် မွှေနှောက်တတ်သောကြောင့် အမွှေဟု ခေါ်ခြင်းဖြစ်သည်။ ညီအစ်ကိုမောင်နှမ သွေးရင်းသားရင်းအချင်းချင်း မခေါ်နိုင်မပြောနိုင်အဖြစ်မျိုးရောက် အောင် အမွေက မွှေတတ်သည်။

တောင်ဥက္ကလာဘက်က သိသူကလေးမတစ်ယောက် အသက်သုံးဆယ်စွန်းစွန်း တစ်ကိုယ်တည်းသမား၊ မိဘတွေမဆုံးခင်က အကြီးတွေကိုလည်း ထိုက်သင့်သလို အမွေခွဲခြမ်းပေးပြီးပြီ။ မိဘတွေဆုံးတော့ အငယ်ဆုံးသမီး တစ်ကိုယ်တည်းသမားကို အတွင်းပစ္စည်းနှင့်အိမ် ပေးခဲ့သည်။ အစ်မအကြီးဆုံးလုပ်သူကလည်း သူ့အိမ်ထောင်နှင့်သူ၊ သူ့အလုပ်နှင့်သူ၊ ပြည့်ပြည့်စုံစုံတောင့်တောင့်တင်းတင်းရှိပါသည်။ သို့ဖြစ်ပါလျက် အငယ်ဆုံးညီမဆီက ထပ်မံဝေစုရရေးအတွက် မောင်တွေကို စည်းရုံးပြီး ညီမအငယ်ဆုံး တစ်ကိုယ်တော်သမားလေးကို ဖိအားပေးလျက်ရှိသည်။ အငယ်ဆုံးညီမမှာ မျက်ရည်နှင့် မျက်ခွက်၊ နောက်ဆုံးမတတ်သာလို့ အခြားရပ်ကွက် ပြောင်းရွှေ့နေထိုင်ပြီး အိမ်ထောင်ပြုလိုက်ရသည်။ အကြီးတွေလိုချင်တာကိုလည်း ထုခွဲ ပေးဖို့လုပ်နေသည်။

အကြီးတွေဖြစ်လျက် အတော်အသင့် ပြည့်ပြည့်စုံစုံရှိပါလျက် ကိုယ့်ညီမအငယ်ဆုံးလေးကို နည်းနည်းမှမညှာတာ၊ လောဘ...လောဘ.... အတော်ကြောက်ဖို့ ကောင်းသည်၊ အမွေကို အမွှေဟုခေါ်ကြသည်မှာ ဟုတ်ပုံရသည်။
လောကသားအနေနှင့် လောဘရှိတာ အပြစ်မပြောလို၊ အပြစ်က ၀ိသမလောဘဖြစ်သည်။ ၀ိသမဟူသည် မမျှတခြင်းဖြစ်သည်။ အရာရာ၌ မျှမျှတတရှိကြလျှင် ဘာပြဿနာမှပေါ်မည်မဟုတ်၊ ပြဿနာဟူသည် ၀ိသမ-မမျှတမှုကနေ လာသည် . . .

ပစ္စယ၊ ဓမ္မ နှစ်ဝအမွေ

ဒေသနာတော်အလိုအရ တရားဓမ္မအမွေနှင့် ပစ္စည်းအာမိသအမွေဟု အမွေနှစ်မျိုးရှိသည်။ ဓမ္မအမွေသည် တိုက်ရိုက်ဓမ္မအမွေ၊ သွယ်ဝိုက်ဓမ္မအမွေဟု နှစ်မျိုးရှိသည်။ အာမိသပစ္စည်းအမွေလည်း ထို့အတူပင်၊သွယ်ဝိုက်နှင့် တိုက်ရိုက်နှစ်မျိုးရှိသည်။ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်သည် တိုက်ရိုက်ဓမ္မအမွေဖြစ်သည်။ ၀ဋ်ဒုက္ခကင်းရာကို မျှော်လင့်တောင့်တ၍ ပြုအပ်သော ဒါနသီလသမထ ၀ိပဿနာကုသိုလ်စုသည် အစဉ်သဖြင့် နိဗ္ဗာန်တိုင်အောင် ဆောင်နိုင်သော ကြောင့် သွယ်ဝိုက်ဓမ္မအမွေဖြစ်သည်။ ရဟန်းတို့အတွက် ဆွမ်းစသော ပစ္စည်းလေးပါးသည် တိုက်ရိုက်အာမိသအမွေဖြစ်သည်၊သံသရာဝဋ်၊ဘ၀စည်းစိမ်ကို မျှော်လင့်တောင့်တ၍ ပြုလုပ်အပ်သော ဒါနသီလသမထ၀ိပဿနာ ကုသိုလ်အစုစုသည် အစဉ်သဖြင့် လူနတ်စည်းစိမ်ကို ရရှိနိုင်သောကြောင့် သွယ်ဝိုက်အာမိသအမွေဖြစ်သည်။

ဓမ္မအမွေခံယူစေ

ဓမ္မဒါယာဒသုတ်၌ ဘုရားရှင်က ''ရဟန်းတို့...သင်တို့သည် တရားဓမ္မ အမွေခံတို့သာဖြစ်ကြကုန်လော့။ ပစ္စည်းအာမိသအမွေခံတို့ မဖြစ်ကြကုန်လင့်''ဟု မိန့်ခဲ့သည်။ ဘုရားရှင်က သူ၏တပည့်သားသာဝက အားလုံးဓမ္မအမွေကိုပဲ ခံယူစေချင်သည်။ ဘုရားကိုယ်တော်တိုင်လည်း ဓမ္မအမွေပဲ ပေးခဲ့ချင်သည်။

ဘုရားရှင်ပြည်တော်ဝင်ပြီး ခုနစ်ရက်မြောက်နေ့တွင် ယသော်ဓရာက သားတော်ရာဟုလာကို အမွေတောင်းခိုင်းသည်။ ''ချစ်သားရာဟုလာ..... ရွှေအဆင်းလိုဝါ၀င်းတဲ့ အဆင်းရှိတဲ့ ဗြဟ္မာမင်းလို ခန့်ငြားတင့်တယ်တဲ့ အ ဆင်းရှိတဲ့ ဟိုရဟန်းကိုကြည့်လိုက် အဲဒီရဟန်းဟာ သင့်ဖခမည်းတော်ပဲ၊သူ့မှာ ကြီးမားလှတဲ့ ရွှေအိုးကြီးလေးလုံး ရှိခဲ့ဖူးတယ်။ငါ့သားသွားချေ အဲဒီရွှေအိုးကြီးလေးလုံးကို အမွေတောင်းခဲ့ချေ''ဟု မှာကြားကာ လွှတ်လိုက်သည်။

ရာဟုလာမင်းသားလေးသည် ဘုရားရှင်လက်ကိုဆွဲပြီး ''ဖခမည်းတော်ရဟန်းမြတ်...သားတော်အားအမွေပေးပါ။ ဖခမည်းတော်ရဟန်းမြတ် ....သားတော်အားအမွေပေးပါ''ဟု တတွတ်တွတ်ပြောရင်း ဘုရားနောက်က ပါသွားလေသည်။ ထိုအခါ ဘုရားရှင်က ''သားတော်သည် ဥစ္စာကိုအလိုရှိနေ၏။ ထိုဥစ္စာသည် ၀ဋ်ဆင်းရဲသို့ အစဉ်လိုက်နေသဖြင့် ပင်ပန်းဆင်းရဲခြင်းနှင့်တကွဖြစ်သည်။ ယခု ငါသည် ဗောဓိရင်ပြင်၌ ရအပ်သော အရိယာဥစ္စာခုနစ်ပါးကို ပေးမည်။ သားတော်ကို လောကုတ္တရာ ဓမ္မအမွေကိုပေးမည်''ဟု စဉ်းစားလေသည်။

ထို့နောက် ဘုရားရှင်က အရှင်သာရိပုတ္တရာကိုခေါ်ပြီး ''သာရိပုတ္တရာ ....ရာဟုလာကို ရှင်ပြုပေးလိုက်ပါ''ဟု မိန့်၍ သားတော်ရာဟုလာကို လောကုတ္တရာအမွေကို ပေးလိုက်လေသည်။

လူမှာ အပိုင်းနှစ်ပိုင်းရှိသည်။ ပထမပိုင်းက အမွေခံယူသော အပိုင်းဖြစ်သည်။ဒုတိယအပိုင်းက အမွေပေးရသော အပိုင်းဖြစ်သည်။ မွေခံထိုက်စေဟူသည့်အတိုင်း ပထမအပိုင်းက အမွေခံယူထိုက်သော အပိုင်းဖြစ်သည်။ ဒုတိယပိုင်းက မိမိတို့သားသမီး မြေးမြစ်တပည့် သာဝကမျိုးဆက်တွေကို အမွေပေးရမည့် အပိုင်းဖြစ်သည်။

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျဝေ၍ စောင့်လေမျိုးနွယ်ဝတ်ငါးသွယ် ကျင့်ဖွယ်သားတို့တာ(သမီးတို့တာ)ဟူ၍ မိဘတို့၏ မျော်လင့်ချက်ငါးပါး သို့မဟုတ် သားသမီးဝတ္တရားငါးပါးရှိသည်။ ထိုငါးပါးတွင် မွေခံထိုက်စေလှူမျဝေ၍ကား အားလုံးနှင့်ဆိုင်သည်။

သားသမီးတို့သည် မိဘတို့အမွေကို ခံယူထိုက်သည်၊ ခံယူရမည်၊ လူငယ်တို့သည် လူကြီးတို့အမွေကို ခံယူထိုက်သည်၊ ခံယူရမည်၊ တပည့်တို့သည် ဆရာသမားတို့အမွေကို ခံယူထိုက်သည်၊ ခံယူရမည်၊ ခံယူပြီးသည့်နောက်ပိုင်း မိမိက မိဘနေရာ ရောက်သောအခါ သားသမီးတို့ကို အမွေပြန်ပေးရမည်၊ မိမိတို့လူကြီး နေရာရောက်သောအခါ လူငယ်တို့ကို အမွေပြန်ပေးရမည်၊ ဆရာသမားနေရာရောက်သောအခါ တပည့်တို့ကို အမွေပြန်ပေးရမည်။

အမွေက အာမိသ-ပစ္စည်းဥစ္စာ အမွေနှင့် ဓမ္မ-တရားအမွေ နှစ်မျိုးရှိသည်။ တစ်နည်း လောကီအမွေနှင့် လောကုတ္တရာအမွေဟု နှစ်မျိုးရှိသည်။ အမွေနှစ်မျိုးလုံးက လိုအပ်တာချည်းမို့ နှစ်မျိုးလုံးပေးနိုင်ရမည်။ စားမှုသောက်မှု အဆင်ပြေအောင်၊ ၀တ်မှု အဆင်ပြေအောင်၊ နေမှုထိုင်မှု အဆင်ပြေအောင်၊ အလုပ်အကိုင် အဆင်ပြေအောင်၊ စီးပွားရေး အဆင်ပြေအောင်၊ ကျန်းမာရေး အဆင်ပြေအောင်၊ သွားရေးလာရေး အဆင်ပြေအောင်၊ လူမှုကိစ္စအားလုံး အဆင်ပြေအောင် ဆောင် ရွက်ပေးထားခဲ့ကြရမည်၊ ဤကား အာမိသအမွေဖြစ်သည်။

ဘုရားကတော့ သူ့တပည့်သာဝကတွေကို ဓမ္မအမွေကိုသာ ခံယူကြဖို့ တိုက်တွန်းသည်။ သားတော်ရာဟုလာကအစ အားလုံးကို ဓမ္မအမွေပဲ ပေးခဲ့သည်။ ဓမ္မဟူသည် မှန်ကန်ခြင်းဖြစ်သည်။ ဓမ္မဟူသည် မွန်မြတ်ခြင်းဖြစ်သည် ဓမ္မဟူသည် မျှတခြင်းဖြစ် သည်။ မိမိတို့ကိုယ်တိုင် မှန်ကန်မှုကို ကျင့်သုံး၍ မွန်မြတ်မှုကို ကျင့်သုံး၍ မျှတမှုကိုကျင့်သုံး၍ အမွေခံတို့အားလည်း မှန်ကန်မှု၊ မွန်မြတ်မှု၊ မျှတမှုတို့ကို ပေးခဲ့ကြရမည်။

လှူရမည်

မိမိတို့သည် အမွေရ၍ဖြစ်စေ၊ ကိုယ်တိုင်ရှာဖွေရ၍ဖြစ်စေ၊ ရရှိလာသော ပစ္စည်းဥစ္စာတို့ကို သုံးသင့်တာကိုသုံး၊ စားသင့်တာကိုစား၊ လှူသင့်တာကိုလှူရမည်။ ပစ္စည်းဥစ္စာတို့သည် ရန်သူမျိုးငါးပါးလုံးနှင့်သက်ဆိုင်နေသည့် အတွက်ကြောင့် အနှစ် သာရမဟုတ်၊ ထိုပစ္စည်းဥစ္စာထဲမှ အနှစ်ထုတ်ရမည်ဆိုလျှင် ဒါနသာရှိသည်ဟု သူတော်ကောင်းများမိန့်ကြသည်။ ယခုနှစ်ပွင့်လင်းရာသီမှာ မီးလောင်မှုတွေ တော်တော်များသည်၊ ဆုံးရှုံးမှုတွေလည်းများသည်။

"ပစ္စည်းနှင့်လူ ဤနှစ်ဆူ၊ စွန့်သူ၊ စွန့်ခံ၊ အပြန်အလှန်၊ သူကနိုင်မလား၊ ကိုယ်နိုင်မလား၊ စဉ်းစားဝေဖန်၊ ခွဲခြားရန်"ဟုဆိုသည်။ လူက ပစ္စည်းကိုစွန့်လျှင်စွန့်၊ လူက ပစ္စည်းကိုမစွန့်နိုင်လျှင် ပစ္စည်းက လူကိုစွန့်သွားတတ်သည်။ ကိုယ်ကသူ့ကိုမစွန့်လျှင် သူကကိုယ့်ကိုစွန့်သွားမှာ သေချာသည်။ကိုယ်က လက်ဦးမှုရယူဖို့လိုသည်။တစ်စတစ်စ နည်းနည်းချင်းစွန့်ရမည်။ နည်းနည်းချင်း စွန့်ရာကနေ များများစွန့်ရဲသော အကျင့်ရလာလိမ့်မည်။ နိဗ္ဗာန်ဟူသည် စာဂ-စွန့်ခြင်းဖြစ်သည်။ နည်းနည်း စွန့် နည်းနည်းနိဗ္ဗာန်၊ များများစွန့် များများနိဗ္ဗာန်၊ အားလုံးစွန့်လျှင်တကယ့် နိဗ္ဗာန်အစစ်ရောက်တော့သည်။

မျှရ၊ ဝေရမည်

လောကသားသည် လောဘသားကများသည်။လောဘကလည်း ၀ိသမလောဘတွေကများသည်။ လောကသားအနေနှင့် လောဘရှိတာ အပြစ်မပြောလို၊အပြစ်က ၀ိသမလောဘဖြစ်သည်။ ၀ိသမဟူသည် မမျှတခြင်းဖြစ်သည်။ အရာရာ၌ မျှမျှတတရှိကြလျှင် ဘာပြဿနာမှ ပေါ်မည်မဟုတ်၊ ပြဿနာဟူသည် ၀ိသမ-မမျှတမှုက နေလာသည်။

ထို့ကြောင့် လူနှင့်လူ့ဝန်းကျင် ငြိမ်းချမ်းစေဖို့ မျှ၍တွေးရမည်။ မျှ၍ ပြောရမည်။ မျ၍ လုပ်ရမည်။ မျှမျှတတ တွေးရမည်။ မျှမျှတတပြောရမည်။ မျှမျှတတလုပ်ရမည်။ မျှ၍ဝေ၍ ဒုက္ခနှင့်သုခမျှဝေ၍ မျှမျှတတ ခံစားကြမည်ဆိုပါလျှင် အားလုံးငြိမ်းငြိမ်း ချမ်းချမ်းရှိပါလိမ့်မည်။

@news-eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ထူး၍ ခြားနားပါစေသား -အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

မြန်မာစကားပုံများ၌ "ဒုံရင်း၊ ဒုံရင်း၊ တစ်ခါလာမဲပြာပုဆိုး၊ နောက် ဘုန်းကြီးနှစ်ချက်ခေါက်၊ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်တဲ့ကဲ။ ကျေးဇူးမတင် လင်မရ၊ ကုသိုလ်တစ်ပဲ ငရဲ တစ်ပိဿာ၊ နွားအိုကြီး အမော့သင်၊ ခွေးကြီးမှ လက်ပေးသင်၊ ခွေးကျိုးနှင့် ယုံလိုက်၊ စစ်ရောက်မှမြားချွန်၊ မိုးကုန်မှထွန်ချ၊သူခိုးပြေးမှထိုးကွင်းထ၊ သည်ပုပ်ထဲကသည်ပဲ" စသည် စသည် မြန်မာဆိုးရိုးစကားပုံတို့သည် တပေါင်း တန်ခူးအကြောင်း မထူး ဟူသော အဓိပ္ပါယ်ကို ဆောင်လျက်ရှိကြသည်။


"ထူး . . .မခြား. . . .နား . . . မီး . . .ရေ. . .စုံ . . . သား . .." ဟူသော ဓမ္မတေးသီချင်းကြီးကို အလှူပွဲတိုင်းလိုလိုမှာ ကြားခဲ့ရသဖြင့် သီချင်းအစပိုဒ်ကတော့ နားထဲမှာစွဲနေပါသည်။ သို့သော် ဘာကိုဆိုလိုမှန်း တော့ ကောင်းကောင်းမသိခဲ့၊ "ထူးမခြားနားဆိုတော့လည်း ထူးမခြားနားပေါ့" ဟူ၍သာ နှလုံးပိုက်ခဲ့သည်။


ကြီးလာမှ ထူးမခြားနားသီချင်းသည် ဘုရားရှင်၏ "ယမကပါဋိဟာရိယာ"ဥာဏ်တော်ကို ရေးဖွဲ့ထားကြောင်း သိရသည်။ နောက်တော့ ယင်းသီချင်းကို ကုန်းဘောင်ခေတ်က မြ၀တီမင်းကြီးဦးစ ရေးသားခဲ့ကြောင်း၊ ထို့အပြင် မြ၀တီမင်းကြီးသည် ယင်းထူးမခြားနားသီချင်းကို ပြင်သစ်သီချင်းသံစဉ်မှ ယူ၍ ကော်ပီပြန်ထားကြောင်း သိရပြန်သည်။


"သြော် ကော်ပီဆိုတာ ကုန်းဘောင်ခေတ်ကတည်းက ရှိခဲ့တာပါလား"ဟု တွေးမိသည်။


ဘုရားရှင်သည် သာဝကတို့နှင့် မဆက်ဆံ၊ မသက်ဆိုင်သော တန်ခိုးပြာဋိဟာကို ပြုတော်မူသည်။ ကိုယ်တော်အထက်ပိုင်းမှာ မီးအလျှံလွှတ်သည်။ အောက်ပိုင်းမှ ရေအလျဉ်ကို လွှတ်သည်။ အထက်ပိုင်းမှ ရေ၊ အောက်ပိုင်းမှ မီး၊ ထိုသို့ရေမီးအစုံ အစုံလွှတ်ခြင်းကို "ယမကပါဋိဟာရိယာ"ဟုခေါ်သည်။


ကိုယ်တော်၏ ရှေ့ဘက်မှ ရေအလျဉ်၊ နောက်ဘက်မှ မီးအလျှံ၊ ရေ မီးအစုံ၊ မျက်လုံးတော်နှစ်ဘက်မှရေမီး အစုံ၊ နားတော်နှစ်ဘက်မှရေမီးအစုံ၊ နှာခေါင်းတော်နှစ်ပေါက်မှရေမီးအစုံ၊ ပခုံးတော်နှစ်ဘက်၊ လက်တော်နှစ် ဘက်၊ နံပါးတော်နှစ်ဘက်၊ ခြေ ထောက်နှစ်ဘက်မှ ရေမီးအစုံလွှတ်သည်။


လက်ချောင်းတော်ဆယ်ချောင်း မှမီးအလျှံ၊ လက်ဆယ်ချောင်းကြား မှရေအလျဉ်၊ လက်တော်ကြားမှ မီးအလျှံ၊ လက်ဆယ်ချောင်းမှ ရေအလျဉ်၊ မွှေးညှင်းတော်တစ်ပင်မှ မီးအလျှံ၊ တခြားတစ်ပင်မှ ရေအလျဉ်၊ မွှေးတွင်းတော်တစ်ခုမှပင် မီးအလျှံ၊ တခြားမွှေးတွင်းတော်မှ ရေအလျဉ် လွှတ်သည်။


ထိုသို့ရေအစုံမီးအစုံ ယမကပါဋိဟာရိယာ တန်ခိုးပြာဋိဟာ ပြတော်မူရာနေ့သည် ၀ါဆိုလပြည့်နေ့ ဖြစ်သည်။ ဘုရားရှင်တာဝတိံသာ နတ်ပြည်သို့တက်၍ အဘိဓမ္မာခုနစ် ကျမ်းမဟောမီမှာ ထိုရေမီးအစုံ တန်ခိုးပြဋိဟာကို ပြတော်မူသည်။


ထူးမခြားနား မီးရေစုံသားဟူ သော အဓိပ္ပာယ်သည် ဘုရားရှင်၏ တန်ခိုးပြာဋိဟာ ရေမီးအစုံသည် သိပ်ပြီး မြန်ဆန်လွန်းသဖြင့် ရေနှင့်မီးနှင့် ရောနေသည်။ တစ်ခုတည်းကဲ့သို့ မြင်နေရသည်။ ထူးလည်းမထူး၊ ခြားနားလည်း မခြားနား၊ သို့မဟုတ် ထူးတော့ထူးသည်၊ သို့သော် မခြားနားဟူသော အဓိပ္ပာယ်ဖြစ်သည်။ ထူးလည်းမထူး၊ ခြားနားလည်းမခြားနား =ထူးမခြားနား၊ သို့မဟုတ် ထူးတော့ ထူးသည် မခြားနား=ထူးမခြားနား။


ကျေးဇူးတော်ရှင်တောင်မြို့ ဆရာတော်သည် "သူလိုကိုယ်လို နေရိုးနေစဉ်အတိုင်း(ထူးမခြားနား) နေနေကြရင်ဖြင့် သံသရာထဲမှ ဘယ်နည်းနဲ့မှ လွတ်မြောက်မှာမဟုတ်ဘူး" အစချီသော ဂါထာတစ်ပုဒ်ရေးခဲ့သည်။ ထိုဂါထာ၌ သာမညေနပုဒ် ကို အနက်ပေးရာတွင် "သူများနည်း သူ၊ သူ့မူမပျက်၊ လိမ္မာဟန်မျှ စံမပြ လောက်သေးပါမူကား"ဟူ၍ အနက် ပေးခဲ့သည်။ အဓိပ္ပာယ်က ထူးမခြား နားဟူ၍ဖြစ်သည်၊ ထူးမခြားနား သည်လိုပဲနေနေကြလျှင်ဖြင့် သံသ ရာမှ မလွတ်မြောက်နိုင်ဟုဆိုသည်။


လူအများစုသည် ဂုဏ်ကိုမက် ကြသည်၊ ဂုဏ်နောက်ကိုလိုက်ကြသည်။ ငွေကိုမက်ကြသည်။ ငွေနောက်ကို လိုက်ကြသည်။ ပကာသနကို မက်ကြသည်။ ပကာသနနောက် ကိုလိုက်ကြသည်၊ စည်းစိမ်ကို မက်ကြသည်၊ စမ်းစိမ်နောက်ကိုလိုက်ကြသည်။ ချမ်းသာကိုမက်ကြသည်၊ ချမ်းသာနောက်ကို လိုက်ကြသည်။ ထိုသို့လိုက်ရင်းလိုက်ရင်း နောက်ဆုံးလျှာထွက်ကာ အသက်ပါထွက်တော့သည်။


ယမန်နေ့ကလည်း သည်စိတ်၊ ယနေ့လည်းသည်စိတ်၊ မနက်ဖြန် လည်းသည်စိတ်၊ ယမန်နေ့ကလည်း သည်အတိုင်း၊ ယနေ့လည်းသည် အတိုင်း၊ မနက်ဖြန်လည်းသည်အတိုင်း၊ သို့ဆိုသော် ဘာထူးလဲ၊ ဘာ မျှမထူး၊ ဘာတွေခြားနားလဲ၊ ဘာမျှ မခြားနား၊ "သြော် . .ထူး. . မခြား.. နား . ."။


မိမိသန္တာန်၌ရှိသော ယမန်နေ့ က လောဘ ဒေါသ မောဟ အတ္တ မာန တွေ ယနေ့လျော့သွား၊ နည်းသွား သလား။ မလျော့၊ မနည်းပါ။ မနက်ဖြန်မှာရော လျော့သွား၊ နည်းသွားမှာလား။ မထင်၊ "သြော် . . ထူး . . မခြား. .နား . ."။


ယမန်နေ့ကထက် ယနေ့မှာ သီလသမာဓိအားတွေ ပို၍ကောင်းလာသလား၊ စိတ်ထားသဘောထားတွေ ပို၍ကြီးမြတ်လာပါသလား၊ မေတ္တာဓာတ်၊ ဂရုဏာဓာတ်တွေပို၍ ကောင်းလာသလား၊ စိတ်ထားသဘောထား တွေပို၍ ကြီးမြတ်လာပါသလား၊ မေတ္တာဓာတ်၊ ဂရုဏာဓာတ်တွေပို၍ ပြည့်ဝလာပါသလား၊ အမြင်တွေပို၍ ကြည်လာပါသလား၊ အသိတွေပို၍ စူးရှလာပါသလား၊ ဘာမျှတိတိပပ မပြောနိုင်၊ ဘာမျှ အာမဘန္တေမခံနိုင်။ "သြော်. . ထူး . .မခြား . .နား . . "။


မိမိတို့သည် ယခုကဲ့သို့ ဗုဒ္ဓဘာသာနှင့် တွေ့ခိုက်ကြုံခိုက်၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိတွေလည်း ရှင်သန်ခိုက်၊ ဒါနတွေကိုလည်း သူတကာထက် ပိုမိုထူးကဲ၍ ပြုသင့်သည်၊ သီလကိုလည်း ထူးကဲ၍ ကျင့်သုံးထိုက် သည်။ လွတ်ရာလွတ်ကြောင်း၊ ကျွတ်ရာကျွတ်ကြောင်း ၀ိပဿနာအလုပ်ကိုလည်း ထူးထူးခြားခြား ကြိုးစားအားထုတ်လိုက်သည်။


"ထူးလျှင် ထူး၊ မထူးလျှင် ရူး" ဆိုသည့်အတိုင်း ကုသိုလ်ပါရမီ လုပ်ငန်းတွေကို ထူး၍ ခြားနား၍ ထူးထူး ခြားခြား၊ မကြိုးစားလျှင်ဖြင့် လောဘ ဒေါသစသည့် ကိလေသာမီးတွေ ၀ိုင်းခံနေရသည့် "အရူးမီးဝိုင်း" ဘ၀မျိုး တွေလွတ်မြောက်ဖို့ရာ မရှိချေ။ သို့ဖြစ်၍ သံသရာဝဋ်မှလွတ်ဖို့၊ ကျွတ်ဖို့၊ အရူးမီးဝိုင်းဘ၀မျိုးမှ လွတ်ဖို့၊ ကျွတ်ဖို့၊ သူများနည်းတူ၊ သူ့မူမပျက်၊ သူ့ထက်မသာမဟုတ်ဘဲ သူများထက် ထူး၍ခြားနား၍ ကုသိုလ်ကောင်းမှုကြိုး စားပြုလျက် ထူး၍ခြားနားပါစေသား။


မှန်ကန်သော စိတ်ထားသည် ဘ၀အနေအထားကို မြင့်သည်ထက် မြင့်အောင် မြှင့်တင်ပေး၏။


မှားယွင်းသော စိတ်ထားသည် ဘ၀အနေအထားကို နိမ့်ကျသည်ထက် နိမ့်ကျအောင် နှိမ့်ချ၏။ (ဓမ္မပဒ)

@Eleven Media Group

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စွန့်ဖို့လား၊ စားဖို့လား-အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

မြန်မာတို့သည် အလှူရေစက် လက်နှင့်မကွာ ဟူသကဲ့သို့ သူ့ရာသီနှင့်သူ ၀ါဆိုလည်း ၀ါဆိုမို့၊ ကထိန်လည်းကထိန်မို့ လှူကြတန်းကြသည်။ သားရှင်ပြုပွဲ၊ ဒုလ္လဘရဟန်းခံပွဲစ သည်ဖြင့်လည်း အလှူအတန်းပြုကြသည်။ 'ဒါနံ နာမ ပရိစ္စာဂ လက္ခဏံ' ဟုဆိုသည့်အတိုင်း အလှူဒါနဟူသည် စွန့်ခြင်းပင်ဖြစ်သည်။

အလှူဒါနပြုရာ သက်ဆိုင်ရာ ကျောင်းတိုက်များသို့ လူနှစ်မျိုးလာသည်ကို တွေ့ရသည်။ တစ်မျိုးက စွန့်ဖို့လာသူများဖြစ်သည်။ တစ်မျိုးက စားဖို့လာသူများ ဖြစ်သည်။အလှူရှင်များက စွန့်ဖို့လာကြသည်။ ဖိတ်ကြားထားသည့် ဧည့်သည်များက စား ဖို့လာကြသည်။ သို့သော် စွန့်သူနှင့်စားသူ နှစ်ဦးနှစ်ဝ ကြည်ကြည်ဖြူဖြူ ရှိသဖြင့် စားသူ၌ မည်သည့်ပြောဆိုဖွယ်ရာမျှမရှိပေ။ စားသူသည် စားစေချင်လို့ လာစားခြင်းဖြစ်သည်။

စွန့်စားဟူသော မြန်မာဝေါဟာရ၌ စွန့်သာစွန့်၍ မစားသူများရှိသည်။ မစွန့်ဘဲနှင့်စားသူများလည်း ရှိသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများလည်း ရှိသည်။ မစွန့်လည်းမစွန့်၊ မစားလည်းမစားသူများလည်း ရှိသည်။ စွန့်တာက နည်းနည်း စားတာက များများ ဆိုသူများလည်း ရှိနိုင်သည်။ စွန့်သာစွန့်၍ မစားသူများသည် အာဇာနည်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မစွန့်ဘဲနှင့်စားသူများသည် အတ္တသမားများ ဖြစ်ကြသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများသည် သာမန်လူကောင်းသူ ကောင်းများ ဖြစ်ကြသည်။ မစွန့်လည်းမစွန့်၊ မစားလည်းမစားသူများသည် သာမန် အညတရလူများ ဖြစ်ကြသည်။ သူတို့သည် မစွန့်သော်ငြား မစားသည့်အတွက် မည်သည့် ပြဿနာမျှမရှိ။

မဟာပုရိသ-ယောက်ျားမြတ်၊ ပုရိသာဇည-ယောက်ျားအာဇာနည်ဟူသော ပုဂ္ဂိုလ်များ ရှိကြသည်။ ယောက်ျားမြတ်၊ ယောက်ျားအာဇာနည်တို့၏ အလုပ်သည် စားဖို့မဟုတ်၊ စွန့်ဖို့သာဖြစ်သည်။ ယောက်ျားမြတ်တို့၏ သဘော၌စားဖို့မရှိ၊ စွန့်ဖို့သာရှိသည်။ ယောက်ျားအာဇာနည်တို့၏ နှလုံးသား၌ စားဖို့မရှိ၊ စွန့်ဖို့သာရှိသည်။

ယောက်ျားအာဇာနည်သည် ဒုလ္လဘတစ်ပါး ဖြစ်သည်။ အာဇာနည်ယောက်ျားမြတ်သည် အခါခပ်သိမ်း၊ နေရာခပ်သိမ်း ဖြစ်ပေါ်နိုင်သည်မဟုတ်၊ ကာလဒေသ အကန့်အသတ်ရှိသည်။ အကြင်အခါ၊ အကြင်အရပ်၌ ယောက်ျားအာဇာနည် တစ်ယောက် ပေါ်ပေါက်လာသည်ရှိသော် ထိုအခါ ထိုဒေသသည် ချမ်းသာခြင်းသို့ ရောက်တော့၏။ ဓမ္မပဒ၌ ဘုရားဤသို့ဟောခဲ့သည်။
စွန့်သာစွန့်၍ မစားသူများသည် အာဇာနည်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မစွန့်ဘဲနှင့် စားသူများသည် အတ္တသမားများ ဖြစ်ကြသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများသည် သာမန် လူကောင်းသူကောင်းများ ဖြစ်ကြသည်။

အာဇာနည်ဟူသည်မှာ ရတောင့်ရခဲ ဒုလ္လဘတစ်ပါး ဖြစ်သည်။ အကြောင်းကား လောက၌ မစွန့်ဘဲနှင့် စားချင်သူ၊ စွန့်လည်းစွန့်၊ စားလည်းစား ဆိုသူက များနေသောကြောင့်ပင်။ လောက၌ သာသနာ့အာဇာနည်၊ ဘာအာဇာနည်၊ ညာအာဇာနည် စ သည်ဖြင့် လွယ်လွယ်လေး အမွှမ်းတင်နေကြသည်။ အာဇာနည်ဟူသည် စွန့်နိုင်သူမှ ဖြစ်သည်။ ဂုဏ်ကိုလည်း စွန့်နိုင်ရမည်။ လာဘ်ကိုလည်း စွန့်နိုင်ရမည်။ ပကာသန-ထင်ပေါ်ကျော်ကြားမှုကိုလည်း စွန့်နိုင်ရမည်။ ထိုသုံးမျိုးကို မုတ္တစာဂ-လွတ်လွတ် စွန့်နိုင်မှ အာဇာနည်ဖြစ်သည်။

အာဇာနည်ဟူသည် အာဇနီယ၊ အာဇာနေယျဟူသော ပါဠိကနေ ဆင်းသက်လာသည်။ အာဇာနည်ကို မြန်မာအဘိဓာန်က ဖွင့်ရာတွင် 'အကြောင်းဟုတ်သည်၊ မဟုတ်သည်ကို ကောင်းစွာသိသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူ'ဟု ဖွင့်သည်။

ဘုရားဟော ပါဠိတော်အရ အာဇာနည်ပုဂ္ဂိုလ်ဟူသည် ကိုယ်ကျင့်သီလ ပြည့်စုံရမည်။ စာရိတ္တမဏ္ဍိုင် ကျောက်စာတိုင်ကဲ့သို့ မြဲခိုင်ရမည်။ ဘက်လိုက်မှုကင်း၍ တရားမျှတရမည်။ အဂတိတရားများ ကင်းရှင်းရမည်။ လောဘစွန်း၊ ဒေါသစွန်းများ မထွက်စေရ၊ ကိုယ်ကျိုးစွန့်နိုင်ရမည်။ အများအတွက်ဆိုလျှင် အသက်ကိုပင် စွန့်နိုင်ရမည်။

ဝီရိယကောင်းရမည်။ ဇွဲကောင်းရမည်။ ဦးတည်ချက်ပန်းတိုင် ပြတ်သားရမည်။ ဦးတည်ချက်ပန်းတိုင်သို့ မရောက်မချင်း မရပ်မနေ ပြင်းပြင်းထန်ထန် ကြိုးစားဆောင်ရွက်ရမည်။ အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတ ပြည့်စုံရမည်။ မိမိနှင့်အတူ မိမိနှင့်သက်ဆိုင်သူအားလုံးအတွက် စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ဖူလုံပြည့်စုံအောင် ဖန်တီးဆောင်ရွက်ပေးနိုင်ရမည်။

အာဇာနည်၏ အဓိပ္ပာယ်မှာ မည်သည့်ကိစ္စမဆို ရွပ်ရွပ်ချွံချွံ လုပ်ကိုင်ဆောင်ရွက်နိုင်သော ဇွဲသတ္တိရှိသူပင် ဖြစ်သည်။ ဘားနပ်ရှောက ''ပါရမီရှင်ဆိုသည်မှာ သူတကာထက်ပို၍ ခံနိုင်ရည်သတ္တိ ရှိသူပင်ဖြစ်သည်။ သူတကာက လမ်းခုလတ်တွင် အား လျော့သွားသည့် အလုပ်ကို ပြီးစီးအောင် လုပ်နိုင်သော ဇွဲသတ္တိရှိသူပင်တည်း'' ဟုဆိုခဲ့သည်။

'အာဇာနည်စိတ်'ဟု ခေါ်ထိုက်သည့် စိတ်မျိုးကား အဘယ်နည်း။ ကြီးကျယ်လှသော စိတ်မျိုးမဟုတ်ပါ။ ခိုင်မြဲသော စိတ်မျှသာဖြစ်ပါသည်။ ဇွဲသတ္တိသည် ခိုင်မြဲသော စိတ်ဓာတ်၊ ခိုင်မြဲသော စိတ်ဓာတ်သည် အာဇာနည်စိတ် ဖြစ်သည်။ ထို စိတ်ဓာတ်အ တွက် အရေးကြီးဆုံးအချက်က ရည်ရွယ်ချက်ပင်ဖြစ်သည်။ အာဇာနည်စိတ်ရှိသူသည် မိမိဘာကိုလို၍ ဘာကိုလုပ်ရမည်ကို သိသည်။ ရည်ရွယ်ချက် တိတိကျကျ ရှိသူဖြစ်သည်။ မိမိဘယ်စခန်းသို့ ရောက်အောင်သွားမည်ဟု စိတ်ပိုင်းဖြတ်ပြီးသူ ဖြစ်သည်။

ကျွန်ုပ်တို့ အားလုံး၌ စိတ်ဓာတ်အင်အားရှိသည်။ အာဇာနည်စိတ်ရှိသည်။ ထိုစိတ်ဓာတ်အင်အားမှာ စည်းရုံးခြင်း မရှိသေးသဖြင့် အင်အားနှင့်မတူအောင် ပျော့ညံ့ညံ့ဖြစ်နေလေ့ ရှိသည်။ အင်အားစည်းရုံးမှုရှိမှ ခိုင်မာသန်စွမ်းလာပေမည်။ ရည်ရွယ်ချက် ပြတ်ပြတ်သားသားရှိခြင်းသည် အင်အားစည်းရုံးမှုကို ဖြစ်စေသည်။ တစ်ခုခုကို မရမကလိုချင်နေလျှင် ရရမည် ဧကန်ပင်။ မရမက လိုချင် စိတ်(၀ါ)ပြင်းပြသော အာသာဆန္ဒ(၀ါ) ပြတ်သားသောရည်ရွယ်ချက် ရှိဖို့လိုပေသည်။ ရည်ရွယ်ချက်ကောင်းကောင်းရှာပါ။ ရည်ရွယ်ချက်ကောင်းသလောက် အာဇာနည်စိတ်ဓာတ် အဆင့်အတန်းမြင့်လာမည်။ အာဇာနည်စိတ် ဖွံ့ဖြိုးသလောက် အဆင့်အ တန်းမြင့်မည်။

အာဇာနည်စိတ် ထွန်းကားရေးတွင် မိမိကိုယ်ကိုယ်ယုံကြည်မှုသည် အရေးကြီးသည်။ အာဇာနည်စိတ်၏ ရေသောက်မြစ်မှာ ထူးခြားသော ရည်ရွယ်ချက်နှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်လေးစားမှု၌ တည်ရှိသည်။ ရည်ရွယ်ချက်နှင့်အတူ မိမိကိုယ်ကို အသုံးဝင်သူဟု ထင်မြင်မှုသာ စွဲစွဲမြဲမြဲရှိပါမူ အာဇာနည်စိတ် ပေါ်ထွန်းလာပေမည်။

ရင့်သန်သော ပါရမီဆိုသည်မှာ အခြားမဟုတ်။ ခိုင်မာသောဇွဲ၏ အမည်ဝေါဟာရတစ်မျိုးပင် ဖြစ်သည်။ အောင်မြင်ရန် နည်းလမ်းမှာလည်း ယင်းဇွဲပင်ဖြစ်သည်။ အာဇာနည်စိတ် မွေးမြူရာ၌လည်း တည်ကြည်သော စိတ်ဖြင့် အလုပ်ကိုသာ စွဲစွဲမြဲမြဲလုပ်၍ ကျင့်ရပေသည်။ ပါရမီရင့်သန်သူတို့၏ တည်ကြည်ခိုင်မာသောစိတ်ကို မည်သည့်ကံ၊ မည်သည့်ကြမ္မာ၊ မည်သည့်ကုသိုလ်အကုသိုလ်မျှ တားဆီးခြင်းငှာ မစွမ်းနိုင်။

အာဇာနည်စိတ်သည် ကိုယ်ကျင့်တရား၏ အင်အားမျှသာ ဖြစ်ပေသည်။ ထက်မြက်သော စိတ်၏တန်ခိုးနှင့် ရင့်သန်သော ပင်ကိုဉာဏ်တို့မှာ တန်ခိုးကြီးသူတို့၏ အသက်သွေးခဲပင် ဖြစ်ပေသည်။ စိတ်၏တန်ခိုးကို မှန်းဆ၍ မရနိုင်။ လွန်စွာကြီးမားလှ၏။ လောကကြီးတွင် စိတ်တည်ကြည်ထက်သန်သော သူတို့အဖို့ မဖြစ်နိုင်သောအရာဟူ၍ မရှိသလောက် ရှားပါးလှ၏။
အာဇာနည်၏ အမှတ်လက္ခဏာ များစွာထဲတွင် အခြေခံအကျဆုံး အချက်ကတော့ စွန့်နိုင်ခြင်းပင်ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်တိုင်းသည် အများတွယ်တာမက်မောသော အရာအားလုံးကို စွန့်နိုင်ကြသူချည်းပင် ဖြစ်သည်။

လောကကြီးသည် ပထမတန်းစားဉာဏ်ရည်ကို မလိုလှချေ။ ပထမတန်းစား 'ဇွဲ' ကိုသာ လိုပေသည်။ အာဇာနည်ဆိုသည်မှာ မည်သည့် အခက်အခဲများနှင့် တွေ့ကြုံနေသော်လည်း သံမဏိကဲ့သို့ ခိုင်မာတည်ကြည်သော စိတ်ထားနှင့် တွေ့ကြုံရသမျှ အ ခက်အခဲများကို ဂရုမပြုဘဲ အတင်းနှိမ်နင်းပစ်လိုက်ပြီးလျှင် မိမိလုပ်ရင်းအလုပ်ကို ပြီးမြောက်အောင်မြင်နိုင်သူကိုသာ ဆိုလိုသည်။ (အာဇာနည်စိတ်၊ တက်တိုး)

အာဇာနည်၏ အမှတ်လက္ခဏာများစွာထဲတွင် အခြေခံအကျဆုံးအချက်ကတော့ စွန့်နိုင်ခြင်းပင်ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်တိုင်းသည် အများတွယ်တာမက်မောသော အရာအားလုံးကို စွန့်နိုင်ကြသူချည်းပင်ဖြစ်သည်။ ဘုရားအလောင်းတော်သည် သူယောက်ျားမြတ် ဖြစ်ကြောင်း၊ ယောက်ျားအာဇာနည်ဖြစ်ကြောင်းကို ဥစ္စာ၊ ကိုယ်အင်္ဂါ၊ သားသမီး၊ ဇနီး၊ အသက်ဟူသော စွန့်ခြင်းကြီးငါးပါးကို စွန့်ပြ၍ သက်သေသာဓက ထူခဲ့သည်။

စွန့်စားဟူသည့်အတိုင်း လောက၌ စွန့်သူတို့သာ စားကြရသည်မှာ ဓမ္မတာ ဖြစ်သည်။ စွန့်လည်းစွန့်၊ စားလည်းစားဆိုသည်မှာ သဘာဝကျပါသည်။ တရားမျှတပါသည်။ ပြဿနာက မစွန့်ဘဲနှင့် စားခြင်းကြောင့် ပြဿနာအထွေထွေ ပွေရခြင်း ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်တို့ကတော့ စားလိုစိတ်မရှိဘဲ စွန့်လိုစိတ်သာ ရှိကြသည်။ မိမိတို့ အသီးသီး ဆိုင်ရာဆိုင်ရာအလုပ်တွေကို လုပ်နေကြသည်။ လုပ်ဖို့ ဟန်ပြင်နေကြသည်။ 'စွန့်လိုစိတ်နှင့်လား၊ စားလိုစိတ်နှင့်လား၊ စွန့်ဖို့လား၊ စားဖို့လား' ဆိုတာကတော့ မိမိကိုယ်ကို ပြန်မေးရလိမ့်မည်။ စွန့်ဖို့ဆိုလျှင် ပရဟိတဖြစ်သည်။ စားဖို့ဆိုလျှင် အတ္တဟိတ ဖြစ်သည်။ နိရောဓသစ္စာကို 'စာဂေါ- စွန့်ခြင်း၊ ပဋိနိဿဂ္ဂေါ-လွတ်လွတ်ကျွတ်ကျွတ်စွန့်ခြင်း' ဟု ဖွင့်သည်။ စွန့်ခြင်းသည် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်း ရာ နိရောဓသစ္စာ ဖြစ်သည်။ စားခြင်းသည် ကာမသုခလ္လိကာနုယောဂ အကျင့်ဖြစ်၍ အစွန်းတစ်ဖက်ထွက်သည်။ အလှူပွဲလာသူ သို့မဟုတ် ကျားချသူ၏ အတွေးမျိုးနှင့်တော့ အများအကျိုးသယ်ပိုးလို့ မဖြစ်ပြီ။
@Eleven Media Group

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS